မတ် ၂၄၊ ၂၀၂၆
Shy V (VOM)
တရုတ် – မြန်မာ နယ်စပ် မူဆယ်မှာ ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်ပိုင်း စက်သုံးဆီ ပြင်ပ ပေါက်ဈေးတလီတာ ကျပ် ၁၆၀၀၀ ကျော်လာနေပြီး ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက်က တလီတာခွဲ လက်ဆွဲဘူး တဘူး နှစ်သောင်းခွဲ ရောင်းတယ်။ ဓာတ်ဆီရော ဒီဇယ် ဈေး အတူတူပဲ ရောင်းတယ်။ အဲဒါတောင် ပြန်ရောင်းဖို့ ဝယ်မရဖြစ်နေတာ” လို့ ဘူးနဲ့ ရောင်းနေတဲ့ အမျိုးသမီး တယောက်ကပြောပါတယ်။
မနေ့ မတ်လ ၂၃ ရက်နေ့က ၁၉ လီတာ ပုံးဝါ တပုံး နှစ်သိန်းခွဲ ဈေးပေါက်ပေမယ့် ဒီနေ့ မတ်လ ၂၄ ရက်နေ့ မနက်မှာတော့ သုံးသိန်းခွဲ ဈေးပေါက်နေပြီလို့ သူက ပြောပါတယ်။
“ပန့်ဆီဆိုင်ကြီးတွေက ခဏပဲ အပြ ဖွင့်တာ။ မဖွင့်ရင် ပုံရိုက်မှတ်တမ်းထားတော့ အပြ ဖွင့်တာ။ ဆီ မရှိတာ မဟုတ်ဘူး။ အသည်ကြီးတွေက ဈေးက ဈေးကစားချင်လို့ တမင် လုပ်တာနေမယ်” လို့ ဒေသခံ အမျိုးသား တယောက်ကလည်း ပြောပါတယ်။
တရုတ်ဘက် ကျယ်ကောင်မှာလည်း ဆီ ရောင်းပေးတာ ကန့်သတ်လိုက်တာကြောင့် တပိုင်တနိုင် အရောင်းသမားတွေ စက်သုံးဆီ ဝယ်ရခက်ခဲသွားပြီလို့ သူက ပြောပါတယ်။
MNDAA နဲ့ မဟာမိတ်ညီနောင်တွေ ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်၊ ကျင်စန်းကျော့ တို့ဘက်ကနေလည်း ကား၊ ဆိုင်ကယ်တွေမှာသာ ဖြည့်ပေးပြီး အပို သယ်သွားခွင့် မပြုဘူးလို့ ဈေးသည် တယောက်ကလည်း ပြောပါတယ်။
” နမ့်တောင်းမှာတော့ တလီတာ ၉၈၀၀ ရှိတယ်” လို့ ယာဉ်မောင်း အမျိုးသား တယောက်က ပြောပါတယ်။
မူတယ်မြို့ပေါ်က ပန့်ဆီဆိုင်ကြီးမှာတော့ တလီတာ ၈၀၀၀ နှုန်းရှိပြီး တရက်ကို တနာရီခန့်သာ ရောင်းပေးကြောင်း ပန့်ဆီဆိုင် ဝန်ထမ်း တယောက်က ပြောပါတယ်။
၁၀၅ မိုင်၊ နမ့်ဖတ်ကာ၊ ကွတ်ခိုင်၊ MNDAA နဲ့ KIA ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာတော့ စက်သုံးဆီ တလီတာ တစ်သောင်းအောက်ရှိပြီး ယာဉ်တွေကို အပြည့် ဖြည့်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လားရှိုးမြို့ပေါ် က တလီတာ ၅၉၀၀ နှုန်းနဲ့ ကားတစီး ငါးသောင်းဖိုး၊ ဆိုင်ကယ် တစီး တသောင်းဖိုး ပေးတယ်။ စုံရယ် မရယ်လို့ တင်းတင်းကြပ်ကြပ်လုပ်တာတော့ မတွေ့ရဘူး။ ဆီတွေကတော့ ထည့်ပေးနေတာပဲ။ မြို့ပြင်မှာတော့ သွားမထည့်ဖူးဘူး။ တလီတာ ခြောက်ထောင်လို့ ကြားတယ်” လို့ လားရှိုး ဒေသခံ တယောက်က ပြောပါတယ်။
ယာဉ်မောင်း တယောက်ကတော့ လားရှိုးမြို့ပြင်မှာ စက်သုံးဆီ တလီတာကို ၇၀၀၀ ဝန်းကျင်ရှိပြီး တဆိုင်နဲ့ တဆိုင်ဈေး မတူဘူးလို့ ပြောပါတယ်။ သိန္နီမှာကတော့ တလီတာ ၈၅၀၀ နဲ့ လိုသလောက် ယူလို့ ရပေမယ့် လားရှိုးဘက် အပို ဝယ်သွားတာမျိုး ခွင့်မြုဘူးလို့ ဆိုပါတယ်။
တောင်ကြီး – မန္တလေး ကုန်တင် တွဲကား ယာဉ်မောင်း တယောက်ကတော့ လမ်းကြောင်း တလျှောက် ဆီ တန်းစီ ထည့်ယူရပြီး ရိုးရိုးကို တလီတာ ၄၅၀၀ နှုန်းနဲ့ ပရီမီယမ် တလီတာ ၅၀၀၀ နှုန်း တနေရာ ၅ ငါးသောင်းဖိုးစီ ထည့်ရတာလို့ ပြောပါတယ်။
“ဒီနေ့ မန္တလေးမှာ အပြင်ပေါက်ဈေး ဓာတ်ဆီ တလီတာ ၁၃၀၀၀ ပေါက်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ရန်ကုန်မှာလည်းပဲ ဒီနေ့ မတ်လ ၂၄ ရက်မှာတော့ ဓာတ်ဆီတလီတာကို ပြင်ပ ပေါက်ဈေး တသောင်းထိ ရှိလာနေတယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။
“အမြတ်အကြီးကြီးရအောင်လုပ်ပြီး တဖက်ကိုမစို့မပို့ပေး နှုတ်တ်ပိတ်လိုက်တော့ ခြေလက်တွေက ဆွံ့အ သွားတော့တာပေါ့။ အ သူခံ၊ လည်သူစား ကြတာပါဘဲ။” လို့ အမျိုးသား တယောက်က ပြောပါတယ်။
အစိုးရ သတ်မှတ်ဈေးထက် ကျော်လွန်ရောင်းချပါက တိုင်ကြားနိုင်ေကြာင်း အသိပေး ကြေညာထားပေမယ့် ဖုန်းတွေမကိုင်ကြသလို ဖမ်းဆီးခွင့်ရှိတဲ့အဖွဲ့တွေကိုတိုင်ကြားပေမယ့် အရေးတာမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။
ကျောက်စိမ်းရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတယောက်ကတော့”ရွှေလုပ်ငန်းရှင်တွေကို ဖမ်းဆီးထောင်ချသလို ၊ လောင်စာဆီလုပ်ငန်းရှင်တွေကိုလည်း ထောင်ချသင့်ပါတယ်။ လောင်စာဆီလုပ်ငန်းရှင်တွေနဲ့အာဏာရှိသူတွေ ပေါင်းစားနေတာကြောင့် ဆီလုပ်ငန်းရှင်တွေက ရတဲ့ဒေါ်လာခွဲတမ်းတွေကို ဆီအကုန်မဝယ် ၊ ဝယ်လာတဲ့ဆီကိုကျ ဆိုင်မှာအကုန်မရောင်းပဲ သုံးပုံတပုံလောက်ပဲရောင်းပြီးကျန်တာကို ဖားကန့်ကျောက်တွင်း၊ ကချင်ပြည်နယ်၊အင်းတော်ကြီးရွှေတွင်းတွေဆီ မှောင်ခိုစျေးနဲ့ရောင်းနေကြတာပါ ။ ဆီလုပ်ငန်းရှင်တွေက်ုကြပ်ကြပ်မတ်မတ် မကိုင်တွယ်နိုင်သရွေ့တော့ တိုင်ပတ်နေအုံးမယ်” လို့ မှတ်ချက်ပြုထားပါတယ်။
