မတ် ၂၃-၂၀၂၆
VOM
အမေရိကန်နဲ့ အီရန် နှစ်နိုင်ငံကြား တွေ့ဆုံ ဆွေးနွေးမှုတွေ အဆင်ပြေနေပြီး ရှေ့ဆက်လည်း ညှိနှိုင်းမှုတွေ လုပ်မှာဖြစ်လို့ အီရန်ကို ထိုးစစ်ဆင်နေတာတွေ ၅ရက် ရပ်ထားမယ်လို့ သမ္မတ ထရန့်က ဆိုပါတယ်။
ဟောမုဇ် ရေလက်ကြားကို ဆက်ပိတ်ထားရင် အီရန်ရဲ့ ပင်မ လျှပ်စစ်ဓာတ်အားပေးစနစ်တွေကို ဖောက်ခွဲ ဖျက်ဆီးပစ်မယ်လို့ သမ္မတထရန့်က ကြေငြာထားခဲ့ပြီး၊ ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတော့ အီရန်ခေါင်းဆောင်တွေနဲ့ ပြောဆိုဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးမှုတွေက ရလာဒ်ကောင်းတွေ ရှိခဲ့ပြီး လာမယ့် ၅ ရက်တာကာလအတွင်းမှာလည်း အီရန်ခေါင်းဆောင်တွေနဲ့ ဆက်လက်ညှိနှိုင်း ဆွေးနွေးတာတွေ လုပ်သွားမယ်လို့ သူကဆိုပါတယ်။
အမေရိကန်နဲ့ အီရန် စစ်ပွဲအတွင်း အီရန်ကနေ ကမ္ဘာတဝှမ်းကို ရေနံတင်ပို့နေတဲ့ ဟောမုဇ် ရေလက်ကြားကို အီရန်ဖက်က ပိတ်ဆို့ပြီး ရေနံတင်သင်္ဘောတွေကို တိုက်ခိုက်ခဲ့လို့ ကမ္ဘာနဲ့အဝှမ်းမှာ လောင်စာဆီ ရှားပါး ပြတ်လပ်မှုတွေ ကြုံနေကြရတာဖြစ်ပါတယ်။
အမေရိကန်ဖက်ကလည်း ဟောမုဇ်ရေလက်ကြားကိုမဖွင့်ပေးရင် အီရန်ကို အပြင်းအထန်တိုက်ခိုက်မယ်လို့ စစ်ကြေငြာထားခဲ့ပါတယ်။
အခုလို အမေရိကန်နဲ့ အီရန် ဆွေးနွေးကြတယ်ဆိုတဲ့ ကိစ္စအပေါ် အပြုသဘောဆောင်တဲ့၊ ကောင်းမွန်တဲ့ ရလာဒ်တွေ ဖြစ်ပေါ်လာပြီး အရှေ့အလယ်ပိုင်ဒေသတွင်း ငြိမ်းချမ်းရေးသာမက ကမ္ဘာ့စီးပွားရေး အခြေအနေတွေ ထိခိုက်မှုကို ပြန်ကုစားဖို့ ကမ္ဘာတဝှမ်းက မျှော်လင့်တကြီး စောင့်ကြည့်နေကြပါတယ်။
