ကောလင်းမြို့မှာ လေကြောင်း တိုက်ခိုက်မှုဖြစ်ပြီး ငါးယောက် သေဆုံး

မတ် ၂၆ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အရှေ့ပိုင်းမှာ မနေ့ မတ် ၂၅ ရက်၊ မွန်းလွဲပိုင်းက လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ငါးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကောလင်းမြို့နယ်၊ ဖလဲကျေးရွာမှာ မနေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှုအပြင် နေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“မနေ့က ဒီ ကောလင်းနယ်မှာ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ဖြစ်တယ်။ မွန်းလွဲ ၃ နာရီခွဲမှာ တကြိမ်၊ ညနေ ၅ နာရီကျော်လောက်မှာ နောက်ထပ် နှစ်ကြိမ်ဖြစ်တယ်။ မွန်းလွဲပိုင်းဖြစ်စဉ်မှာ ‌အိမ်တလုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် လူသေဆုံးမှု ရှိတယ်။ ငါးယောက်လုံး ပွဲချင်းပြီး သေသွားတယ်။ ဒဏ်ရာရတော့ မရှိခဲ့ဘူး။ အဲဒီ ပတ်ပတ်လည်က အိမ်တွေလည်း ပျက်စီးသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
မနေ့ညနေ ၅ နာရီ ၁၁ မိနစ်ဝန်းကျင်က ကောလင်းနယ် အရှေ့ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒါအပြင် အဲဒီနေ့ ညနေ ၅ နာရီ ၃ မိနစ်ဝန်းကျင်ကလည်း စစ်ကိုင်းတိုင်းအတွင်းက ဖောင်းပြင်မြို့ တောင်ဘက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရပြီး ထိခိုက်မှု ရှိ၊ မရှိကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း လေကြောင်း တိုက်ခိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ မတ် ၂၃ ရက်နေ့ကလည်း မြောင်မြို့နယ် အနောက်ဘက်ခြမ်းရှိ သောင်ကြီးကျေးရွာမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ခြောက်ယောက် သေဆုံးကာ အယောက် ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အများအပြားလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ အရာတော်မြို့နယ်၊ မင်းရွာမှာလည်း မတ် ၂၂ ရက်နေ့က လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့တာမှာ ငါးယောက် သေဆုံးခဲ့တယ်လို့ သိရပြီး မတ် ၂၁ ရက်နေ့ကလည်း ကနီမြို့နယ်၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် တယောက် သေဆုံးကာ လေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မတ် ၂၀ ရက်နေ့ကလည်း ကသာမြို့၊ ကမ်းနားလမ်းရှိ မဟာလေးထပ်ကျောင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အယောက် ၃၀ ကျော် သေဆုံးကာ ဒဏ်ရာရသူတွေလည်း များပြားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုပဲ မတ် ၁၅ ရက်နေ့ကလည်း ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အတွင်းရှိ ရွှေမျောလုပ်ကွက်တွေမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ၁၃ ယောက် သေဆုံးကာ ၁၈ ယောက်ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW