မတ် ၂၇ – ၂၀၂၆
SN (VOM)
လက်ရှိ ပြည်တွင်းမှာ စက်သုံးဆီရရှိမှု အခက်အခဲတွေ ပိုမိုဆိုးရွားလာနေပြီး ဈေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပေါ်လျက်ရှိတာကြောင့် စက်သုံးဆီကို မှီခိုမှုအများဆုံး ကဏ္ဍတွေမှာ Domino effect ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။
“Domino effect ဆိုတာက တိုင်တလုံး လဲပြီဆိုတာနဲ့ အကုန်လုံး လဲသွားတာလေ။ အဲဒီလိုမျိုး ဖြစ်လာလိမ့်မယ်။ ဒါက ဒီနိုင်ငံတခုပဲ ဖြစ်တာမဟုတ်ပါဘူး။ ဆီကို မှီခိုနေရတဲ့ နိုင်ငံတိုင်းမှာ ဒီလိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် ပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာက ဒီနေရာမှာ အစိုးရရဲ့ အရည်အချင်းကို ထုတ်ဖော်ရမှာပါ။ ဒါကြီးကို ဘယ်လို ဖြေရှင်းရမလဲ ဆိုတာက အရေးကြီးတာ” လို့ ဦးသန်းစိုး (ဘောဂဗေဒ) က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ စက်သုံးဆီကို ၄၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းခန့်အထိ အများဆုံး မှီခိုနေရတာဖြစ်ပြီး စိုက်ပျိုးမွေးမြူရေး ကဏ္ဍတော့ ၂၀ ရခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းခန့်၊ စက်မှုလက်မှုနဲ့ လျှပ်စစ်ထုတ်လုပ်ရေး ကဏ္ဍကတော့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းခန့် မှီခိုနေရတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်သုံးဆီရရှိမှု ခက်ခဲလာခြင်းနဲ့အတူ ကုန်စည်စီးဆင်းမှု ရပ်တန့်လုနီးပါး ဖြစ်ပေါ်နေပြီး လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေမှာလည်း စရိတ်စက အဆမတန် မြင့်မားလာကာ လုပ်ငန်းခွင် ထိခိုက်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
“ဒါတွေက နောက်ဆက်တွဲ သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်တယ်။ ဒီဇယ်မရလို့ စိုက်ပျိုးရေးတွေမှာ နှောင့်နှေးကြန့်ကြာလာနိုင်တယ်။ အဲဒါဆို နောက် နှစ်လ၊ သုံးလလောက်ဆို စားနပ်ရိက္ခာ ပြဿနာတွေ ရှိလာနိုင်တယ်။ ဆိုတော့ ပြဿနာတွေက အများကြီးပဲ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဧရာဝတီနဲ့ ပဲခူးတိုင်းရှိ တောင်သူတွေဟာ နွေစပါးရိတ်သိမ်းဖို့ ဒီဇယ်မရတာကြောင့် မိမိတို့ရဲ့ တနှစ်စာသီးနှံတွေ လယ်ထဲမှာ ပျက်စီးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး ဆန်စပါးအသင်းချုပ်မှ ငါးရက်စာခန့် ဆီရရှိအောင် ကူညီနေပေမယ့်လည်း လိုအပ်ချက်ထက် များစွာ နည်းပါးနေတယ်လို့ သိရပါတယ်။
“နွေစပါးရိတ်ချိန်လည်း ဖြစ်နေပြီ။ စပါးအောင်ရေအတွက် အရေးကြီးတဲ့အချိန်လည်း ဖြစ်နေပြီ။ စက်သုံးဆီမရတဲ့အတွက် နွေစပါးအောင်ရေကို မတင်နိုင်ရင် စိုက်ပျိုးထားတဲ့ နွေစပါးတွေ အောင်မြင်မှုမရဘဲ ၇၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးသွားနိုင်တယ်” လို့ တောင်သူတယောက်က ပြောပါတယ်။
ဒါအပြင် သယ်ယူပို့ဆောင်ရေး ကဏ္ဍမှာလည်း အခက်အခဲတွေ ရှိနေပြီး ကုန်တင်ကားတွေ စက်သုံးဆီ လုံလောက်စွာ မရရှိတာကြောင့် မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ထံကို အကူအညီ တောင်းခံထားရတယ်လို့ သိရပါတယ်။
ကုန်စည်လုပ်ငန်းရှင်တွေက ကုန်တင်ကားတွေကို ခြောက်ဘီးကား ၁ ဂါလန် ၁၀ မိုင်နှုန်း၊ ၂၂ ဘီးကား ၁ ဂါလန် ၆ မိုင်နှုန်း စသဖြင့် ကားအမျိုးအစားအလိုက် ဆီခွဲတမ်း ရောင်းချပေးဖို့ တင်ပြထားပေမယ့် လက်ရှိအချိန်အထိ တိကျတဲ့အဖြေ မရရှိသေးဘူးလို့ သိရပါတယ်။
အဲဒီလိုပဲ မြို့တွင်း အငှားယာဉ်စီးခ နှုန်းထားတွေလည်း မြင့်တက်လာသလို ယာဉ်တချို့လည်း ပြေးဆွဲမှု ရပ်နားထားရတဲ့ အခြေအနေတွေ ရှိနေပြီး အဝေးပြေး ယာဉ်လိုင်းတချို့လည်း ဆီအခက်အခဲကြောင့် ခရီးစဉ်လျှော့ချ ပြေးဆွဲနေရတယ်လို့ သိရပါတယ်။
ဒါအပြင် ငါးမွေးမြူရေးကန်တွေမှာလည်း ရေတင်ခြင်းနဲ့ လေပိုက်စက် (Aerator) မောင်းနှင်ခြင်းတွေ ရပ်နားထားရပြီး ဆီကို အကန့်အသတ်နဲ့သာ ဝယ်ယူနိုင်တဲ့အတွက် ရေလဲလှယ်နိုင်ဖို့ကိုတောင် ခက်ခဲနေရတယ်လို့ သိရပါတယ်။
“ဒီဇယ်က မှောင်ခိုဈေး တလီတာ တသောင်းခွဲလောက် ဖြစ်နေပြီ။ ဒါတောင် လိုသလောက် ဝယ်လို့မရဘူး။ အခုက ရာသီဥတု ပူပြင်းတဲ့အချိန် ရောက်လာပြီဆိုတော့ ငါးတွေ အသက်ရှူမကြပ်အောင် ရေလှည့်ဖို့၊ အောက်ဆီဂျင်ပေးဖို့ ဆီပိုပြီး သုံးရမယ့်အချိန်။ အဲဒီလိုမှ မလုပ်ရင် ငါးတွေသေကုန်မှာ။ ဆီကလည်းမရှိ ဆိုတော့ ဘယ်လိုဆက်လုပ်မလဲ။ ဒါကြောင့် မဖြစ်မနေမို့ လုပ်ငန်းခဏ နားထားရတယ်” လို့ ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့မှ တပိုင်တနိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
လက်ရှိ စက်သုံးဆီရှားပါးမှု၊ ဈေးနှုန်းကြီးမြင့်မှု ပြဿနာဟာ ဟိုတယ် လုပ်ငန်းတွေကိုလည်း ထိခိုက်လာနေသလို လုပ်အားနှုန်းတွေ ကျဆင်းကာ ကုန်ထုတ်လုပ်ငန်းတွေလည်း ထိခိုက်လာနေပြီး ကုန်စည်စီးဆင်းမှုတွေ အလွန် နှေးကွေးသွားသလို ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေက ပြောပါတယ်။
Photo – CJ
