ပခုက္ကူ -မတ်-၂၆-၂၀၂၆
PP(VOM)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မှာ မတ်လ ၂၆ ရက် ဒီနေ့ နေ့လယ်ပိုင်းက မြို့မလမ်းပေါ် မျက်မမြင်ကျောင်းအနီးရှိ စက်သုံးဆီအရောင်းဆိုင်တဆိုင်ကို လက်နက်ကိုင်ဆောင်ထားတဲ့ လူတစုက နေ့ခင်းကြောင်တောင် ဓားပြတိုက်ခဲ့တဲ့အကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပခုက္ကူမြို့၊ မျက်မမြင်ကျောင်းရှေ့ အရောင်းဆိုင်တန်းမှာ ဖွင့်လှစ်ထားတဲ့ “တောင်ဇလပ်” စက်သုံးဆီအရောင်းဆိုင်အတွင်း အမည်မသိ အမျိုးသား ၄ ဦးက ဆိုင်နောက်ဖေးပေါက်ကနေ ရုတ်တရက် ဝင်ရောက်လာပြီး ဆိုင်ရှင်ကို ဓားနဲ့ထိုးပြီးပစ္စည်းများလုယက်သွားကြောင်းသိရတယ်
အဆိုပါ အမျိုးသား ၄ ဦးမှာ လက်နက်ငယ် ပစ္စတိုတလက် အရှည်တလက် ကိုယ်ဆီပါရှိကြောင်း လုံခြုံရေးနှင့်နီးစပ်သူဆီက သိရပါတယ်။
ဆိုင်အတွင်း ရောင်းချရရှိထားတဲ့ ငွေတွေနဲ့ ဖုန်းတွေကို လုယက်ယူဆောင်သွားခဲ့ပြီးဆိုင်ရှင်ဖြစ်သူ လူငယ်ကို ဓားနဲ့ ထိုးနှက်ခဲ့လို့ အဲဒီလူငယ်ကို ဆေးရုံကိုပို့ဆောင် ဆေးကုသပေးနေကြောင်း ဖြစ်စဥ်ကိုသိရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်၊ နေ့လယ် ၂ နာရီခန့်ကလည်း ပခုက္ကူမြို့၊ အမှတ် (၄) ရပ်ကွက်၊ နေသူရိန်လမ်း မြို့မရဲစခန်းနှင့်ကပ်လျက် “မြမြပွင့်မိုရ်” ဆေးခန်းကို ဆိုင်ကယ်နဲ့ အမျိုးသား ၄ ဦး ရောက်ရှိလာပြီး လက်ထိပ်၊ သေနတ်အတို/အရှည်တွေ ကိုင်ဆောင်ပြီး ပခုက္ကူအထွေထွေရောဂါကု ဆေးရုံကြီးက လက်ထောက်ဆရာဝန် ဒေါက်တာဟိန်းနေထွန်းကို ဆိုင်ကယ်နဲ့ တင်ဆောင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။
အဲဒီဆေးခန်းဟာ ရဲစခန်းနဲ့ ကပ်နေပါလျက်အတင်းအဓမ္မ ဖမ်းဆီးခံရမှုကြောင့် မြို့ခံတွေအကြား လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။
“အခုက နေ့ခင်းကြောင်တောင်ကြီးကို အိမ်ထဲ၊ ဆိုင်ထဲအထိ ဝင်တိုက်သွားတာဆိုတော့ ဘယ်သူမှ မလုံခြုံတော့သလိုပဲ။ လက်နက်တွေလည်း ပါတယ်ဆိုတော့ ပိုဆိုးတာပေါ့” ဟု အနီးအနားရှိ ဒေသခံတဦးက မှတ်ချက်ပြုပါတယ်။
လက်ရှိအခြေအနေမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်း ရှိ၊ မရှိကို မသိရသေးဘဲ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ သက်ဆိုင်ရာကပြောပါတယ်။
ပခုက္ကူမှာ ဒီလိုဖြစ်စဥ်တွေကြောင့် ငွေကြေးချမ်းသာသူတွေဟာ တခြားမြို့တွေကို ရွှေပြောင်းနေထိုင်တာတွေများလာနေပါတယ်။
ပုံစာ ဓါးပြတိုက်မှု CCTVမှတ်တမ်း
