ပလတ်စတစ်စက်ရုံ အလုပ်သမား ၁၈ ယောက် ဓာတုအဆိပ်သင့်မှု ဖြစ်ပွား

မတ် ၂၆ – ၂၀၂၆
SS (VOM)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City ပလတ်စတစ်စက်ရုံက အလုပ်သမား ၁၈ ယောက်ဟာ လုပ်ငန်းခွင်သုံး ဓာတုဗေဒပစ္စည်းတွေကြောင့် ဓာတ်မတည့်မှုနဲ့ အဆိပ်သင့်မှုတွေ ဖြစ်ပွားခဲ့ပြီး အရေးပေါ်ကုသမှုတွေ ခံယူခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့မှ စတင်ကာ စက်ရုံအလုပ်သမား သုံးယောက်ဟာ ခန္ဓာကိုယ်မှာ အနီကွက်တွေနဲ့ အဖုအပိန့်ထွက်ခြင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အဲဒီနောက် ရက်အနည်းငယ်အတွင်း ထိခိုက်သူဦးရေ ဆက်တိုက် တိုးပွားလာခဲ့တာမှာ မတ် ၂၀ ရက်မှ ၂၅ ရက်အတွင်း နောက်ထပ်အလုပ်သမား ၁၅ ယောက် ထပ်မံပြီး ဆေးကုသသမှု ခံယူခဲ့ရကာ စုစုပေါင်း ထိခိုက်သူ ၁၈ ယောက်အထိ ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။
“ဖြစ်တာက စက်ရုံက ကုန်ကြမ်းရွေးဌာနက အလုပ်သမားတွေ ဖြစ်တာပါ။ ကျွန်တော်တို့ ကိုင်တွယ်ရတဲ့ ပစ္စည်းတွေကတော့ အစုံပါပဲ။ နိုင်ငံတကာကနေ စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေပါ။ ကော်၊ ပလတ်စတစ်၊ စက်မှုပစ္စည်း၊ ဆေးရုံက စွန့်ပစ်ပစ္စည်း၊ အမှိုက်မျိုးစုံကို ကိုင်တွယ်ရတာပါ။ အနံ့သက် ကောင်းတာတွေ၊ မကောင်းတာတွေ မျိုးစုံပါပါတယ်။ အသုံးပြုပြီးသား ကွန်ဒုံး၊ ယောင်္ကျားလေးသုံး၊ မိန်းကလေးသုံးတွေလည်း ပါတယ်။ အဲဒါတွေ အကုန်လုံးကို ကျွန်တော်တို့က size တွေခွဲပြီး ကော်စေ့ ပြန်ထုတ်တာပါ” လို့ ပြောပါတယ်။
ဓာတုအဆိပ်သင့်မှု ဖြစ်ပွားတာနဲ့ ပတ်သက်လို့ မနေ့ မတ် ၂၅ ရက်နဲ့ ဒီကနေ့ မတ် ၂၆ ရက်မှာ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက အဲဒီစက်ရုံကို သွားရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပြီး ဓာတုအဆိပ်သင့် လူနာတွေကို ရွှေပြည်သာဆေးရုံကို ခေါ်ယူကာ ကျန်းမာရေးအခြေအနေနဲ့ ဖြစ်စဉ် အသေးစိတ်ကို စစ်ဆေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။
“ဒီနေ့ ကျန်းမာရေးဝန်ကြီးဌာနက ပြောသွားတာတော့ နောက်တကြိမ် ထပ်ဖြစ်တယ်ဆို ဒီပစ္စည်းတွေကိုယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်မယ်လို့ ပြောတယ်” လို့ သူက ပြောပါတယ်။
စက်ရုံလုပ်သားတွေအနေနဲ့ အဲဒီ စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ရတဲ့အခါ လက်အိတ်စွပ်ရတာ ဖြစ်ပေမယ့် ပစ္စည်းတွေက အပျော့၊ အမာ ဖြစ်တာကြောင့် ကိုင်တွယ်ရ အဆင်မပြေတဲ့အတွက် လက်အိတ်ကို အသုံးမပြုကြတာများသလို အခန်းတွင်း အပူချိန်နဲ့ လက်ရှိ ရာသီဥတု အခြေအနေကြောင့်လည်း နှာခေါင်းစည်းတွေကိုပါ အသုံးပြုနိုင်ခြင်း မရှိကြဘူးလို့ သူက ပြောပါတယ်။
ဆေးဘက်ဆိုင်ရာ မှတ်တမ်းတွေအရ ခန္ဓာကိုယ်မှာ အနီကွက်တွေနဲ့ အဖုအပိန့်တွေ ဖြစ်ပေါ်နေတဲ့ အလုပ်သမားတွေဟာ ဓာတုဗေဒ/ဓာတ်ပစ္စည်းနဲ့ ထိတွေ့မိတာကြောင့် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်နေတာဖြစ်ပြီး အဲဒီ အဆိပ်သင့်ပစ္စည်းတွေကို ရေရှည်ထိတွေ့ခြင်း (ဒါမှမဟုတ်) ရှူရှိုက်မိခြင်းနဲ့ အစားအသောက်မှတဆင့် ခန္ဓာကိုယ်အတွင်း ရောက်ရှိခြင်းမျိုးဖြစ်ပါက အသက်အန္တရာယ်အထိ စိုးရိမ်ရတယ်လို့ ဆရာဝန်တွေက သတိပေး မှတ်ချက်ပြုထား။
အဲဒီ True Green City စက်ရုံမှာ အလုပ်သမား အယောက် ၂၀၀ ဝန်းကျင် ရှိတယ်လို့သိရပြီး လက်ရှိမှာ စက်ရုံရဲ့ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး (Occupational Safety and Health) အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဌာနတွေက ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW