အငှားယာဥ်မောင်းနေတဲ့ အဆိုတော် ဦးပက်ထရစ်တင်ထွန်း ဆီတန်းစီရင်း ကားပေါ်မှာပဲ သေဆုံး

မတ် ၂၆ ၊ ၂၀၂၆
CC (VOM)
ရန်ကုန် ၊ ဗဟန်းမြို့နယ် ၊ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဒီကနေ့ မတ် ၂၆ ရက်နေ့ ၊ မနက်ပိုင်းက အငှားယာဥ်မောင်းဖြစ်သူ အဆိုတော် ဦးပက်ထရစ် (ခ) တင်ထွန်းသည် Heat Stroke အပူရှပ်ပြီး ကားပေါ်မှာပဲ သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဥ်က ဒီကနေ့ မနက် ၁၀ နာရီကျော်လောက်မှာ ကမ္ဘာအေးဘုရားလမ်း၊ မဟာစည်သာသနာ့ရိပ်သာလမ်းထိပ်ရှိ စက်သုံးဆီတန်းစီနေတဲ့ ကားတွေအကြားကို အငှားယာဥ်မောင်း ဦးတင်ထွန်းက ကားထိုးရပ်ပြီးနောက် သတိလစ်ကာ ကားပေါ်မှာပဲ အပူရှပ်ပြီး ဦးနှောက်သွေးကြောပြတ်ကာသေဆုံးခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“သူ့ကားက အခုမှစစ်ဆေးတွေ့ရှိချက်အရ ဂက်စ်ကားပါ။ဆီတန်စီတဲ့ကားတွေကြားထဲရောက်နေတော့ ဆီတန်းစီရင် ဖြစ်တဲ့ပုံဖြစ်သွားတာပေါ့။ ကမ္ဘာအေးဘုရားလမ်းထိပ်မှာ Max ဆီဆိုင်မှာ တန်းစီနေတဲ့ကားတွေရှိတယ်။ လမ်းထိပ်မှာပဲ ဖြစ်သွားတာ သတိရမလားဆိုပြီးခေါ်ကြည့်တော့မရလို့ လူနာတင်ယာဥ်နဲ့ ဆေးရုံကို ခေါ်သွားပေမယ့် ဟိုရောက်တော့ ဆရာဝန်ကပြောတယ် အသက်ပါမလာတော့ဘူးတဲ့ ။” လို့ မြေပြင်ကူညီရေးလုပ်ဆောင်ခဲ့တဲ့ မေတ္တာအလင်းလူမူကူညီရေးအသင်း တာဝန်ရှိသူတယောက်က ပြောပါတယ်။
အဆိုပါ ဦးပက်ထရစ်ဟာ မြန်မာနိုင်ငံဂီတအစည်းအရုံးအဖွဲ့ဝင် အဆိုတော်တယောက်ဖြစ်ပြီး အသက် ၆၀ ကျော်အရွယ်ဖြစ်ကြောင်း သိရပြီး မိသားစုဝင်ဖြစ်သူ ဇနီးနဲ့ အဆက်သွယ်ရရှိပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဦးပက်ထရစ် ရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မတ်လ ၂၃ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာက အငှားယာဥ်မောင်းတယောက် စက်သုံးဆီတန်းစီပြီးအပြန်နေအိမ်အရောက်မှာ သေဆုံးသွားတယ်လို့ သိရပါတယ်။
မတ်လနဲ့ ဧပြီလအတွင်းမှာ နေ့အပူချိန်တွေ သိသိသာသာ မြင့်တက်လာနိုင်ကြောင်း ၊ အပူဒဏ်ကြောင့် ကျန်းမာရေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိထားရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။
အပူဒဏ်ကြောင့် ပင်ပန်း နွမ်းနယ်ခြင်းဖြစ်ပေါ်ပါက ပျို့ခြင်း၊ ဂနာမငြိမ်ခြင်း၊ ကြွက်တက်ခြင်း၊ ကြွက်သားအားပျော့ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရေဆာခြင်းနှင့် ချွေးအလွန်အကျွံထွက်ခြင်း လက္ခဏာတွေ တွေ့ရှိနိုင်ပြီး အခြေအနေ ပိုမို ဆိုးရွားလာပါက အရေပြားပူပြီး ခြောက်သွေ့ခြင်း ဒါမှမဟုတ် ချွေးအလွန်အကျွံထွက်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ သတိလစ်ခြင်းနဲ့ တက်ခြင်းတို့ ဖြစ်ပေါ်နိုင် ကြောင်း သတိပေးထားပါတယ်။
ဓာတ်ပုံ – မေတ္တာအလင်း

Related posts

Leave a Comment

VOM News

FREE
VIEW