ညောင်ခါးရှည်အနီး ယာဥ်တိုက်မှုဖြစ်ပြီး သားအဖနှစ်ယောက်အပါအဝင် သုံးယောက်နေရာမှာပဲသေဆုံးခဲ့

မတ် ၃၀ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ ဝေါမြို့နယ် ၊ ရန်ကုန် – မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ ညောင်ခါးရှည်အနီးမှာ မတ် ၂၉ ရက်နေ့ ည ၇ နာရီခွဲလောက်က ယာဥ်တိုက်မှုဖြစ်ပြီး သုံးယောက်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်မှာ ညောင်ခါးရှည်အနီးရပ်ထားတဲ့ ၁၂ ဘီးကားကို Taxi အငှားယာဥ်က နောက်ကနေ အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိပြီး ကားပေါ်ပါသူ သုံး​​ယောက်လုံး နေရာမှာပဲ သေဆုံးခဲ့ရတာဖြစ်ကြောင်း ၊ သေဆုံးသူတွေက သားအဖနှစ်ယောက်နဲ့ အမျိုးသမီးတယောက်တို့ ဖြစ်တယ်လို့ သိရပါတယ် ။
” ၁၂ ဘီးကားက ထင်းတွေသယ်လာတာ။ အဲဒီကားကို လားရာတူ taxi က နောက်ကနေ ဝင်တိုက်တာ ။ သေတာ taxi ပေါ်ကပါ။ ။ယာဥ်မောင်းအမျိုးသားနဲ့ ဘေးကပ်ရှေ့ခန်းကထိုင်တဲ့ အသက် ၂၀ အရွယ်အမျိုးသမီးက သားအဖလို့သိရတယ်။ နောက်ကလိုက်တဲ့ အမျိုးသမီးကတော့ ဘာတော်လဲ သေချာမသိရဘူး ။ ယာဥ်တိုက်မှု အခြေအနေကတော့ မျက်မြင်လည်းမရှိ ကားပေါ်ပါသူကလည်း အကုန်ဆုံးတော့ သေချာပြောဖို့ခက်ပါတယ်။ ” လို့ မြေပြင်ကူညီရေး ဆောင်ရွက်ခဲ့တဲ့ အနာဂါတ်အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
သေဆုံးသူတွေဟာ ရန်ကုန် ၊ သင်္ဃန်းကျွန်း မြို့နယ်ကဖြစ်ပြီး မိသားစုဝင်တွေနဲ့ ညကတည်းက အဆက်အသွယ် ရရှိထားကြောင်းနဲ့ အလောင်းတွေကိုတော့ ညောင်ခါးရှည် တိုက်နယ်ဆေးရုံကို ညကပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မတ် ၂၈ ရက်၊ မနက်အစော ၆ နာရီလောက်ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁၈/၄)မှာ ကားတစီး တိမ်းမှောက်ပြီး သံဃာတပါးအပါအဝင် သုံးယောက် သေဆုံးပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်ကနေ ၂၀၂၆ ခုနှစ် မတ် ၂၉ ရက်ထိ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ယာဉ်မတော်တဆ ဖြစ်ပွားမှု ၁၇၄ မှု ရှိခဲ့ပြီး ၈၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၂၆၀ ရှိခဲ့တယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW