မှ – စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း
————————————–
ပြောကြစို့ ဆိုတော့ ကျွန်တော် မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှာ သင်္ချာ အထူးပြုဘာသာရပ်ဖြင့် တက်ရောက်ခွင့် ရပါသည်။ တက်ရောက်ခွင့်ပြုသည့် အကြောင်းကြားစာလည်း စာတိုက်က တဆင့် ရောက်လာပါသည်။ သည်နေရာတွင် ကျွန်တော် တစ်ခု ပြောပါရစေ။ ကျွန်တော်သည် အကြောင်းကိစ္စရှိ၍ အိမ်လိပ်စာပေးရပါက “စိုင်ပြွန်ရိပ်သာဝင်း” ဟု မသုံးပါ။ “ စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း” ဟုသာ သုံးနှုန်းရေးသားပါသည်။
အဘယ့်ကြောင့် ဆိုသော် “စိုင်ပြွန်ရိပ်သာဝင်း” ဟုဆိုလျှင် မိမိ ပိုင်ဆိုင်သည်ဟု အထင်အမြင် လွဲမှားနိုင်ပါသည်။ စာပို့သူကလည်းကောင်း၊ လာရောက်သူက လည်းကောင်း စိုင်ပြွန်ရိပ်သာဝင်း၏ အထင်ကရ ဝင်းလယ်ခေါင်က တိုက်ကြီးသို့ပဲ ဦးတည်ကြပါလိမ့်မည်။ ထိုသို့ မဖြစ်စေအပ်ပါ။ မလွဲစေအပ်ပါ။ ထိုသို့ ဖြစ်စေခြင်းသည် အလွဲသုံးစားမှု မြောက်ပါသည်။ ဝင်းပိုင်ရှင်ကို မလေးစားရာ ရောက်ပါသည်။ ထို့ကြောင့် “ စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း” ဟုသာ သတိထား သုံးစွဲပါသည်။ တကယ်တော့ ကျွန်တော်တို့သည် စိုင်ပြွန်ရိပ်သာ ဝင်းအတွင်း ကပ်ပါး နေထိုင်ကြရသူများသာ မဟုတ်ပါလား။ ကိုင်း… ထားပါတော့။
ဖရက်ရှာ ဝဲလ်ကမ်းတဲ့
—————————
မန္တလေးတက္ကသိုလ်သို့ တက်ရမည်မှာ သေချာပြီဆိုတော့ တက္ကသိုလ်သို့ တတိယနှစ်အထိ တက်ရောက် နေကြသော နောင်တော်များက တက္ကသိုလ် အတွေ့အကြုံများကို ပြောပြကြသည်။ ထို့ကြောင့် ထိုရက်ပိုင်းများကား အခြား အကြောင်းအရာများ မပါသော တက္ကသိုလ် စကားဝိုင်းများသာ ဖြစ်တော့သည်။ ရူပဗေဒမေဂျာ တတိယနှစ်တွင် တက်ရောက် နေသည့် ကိုကိုဦး (ကိုဇော်မျိုးဦး) က “ မင်းတို့ ဖရက်ရှာ ဝြလ်အမ်းနေ့ကိုတော့ တက်ဖြစ်အောင် တက်နော်၊ အဲ့ဒီနေ့က မင်းတို့ အတွက် ထီပေါက်စဉ် ထွက်မယ့်နေ့ပဲကွ” ဟုပြောတော့ ကျွန်တော်က နားမလည်လို့ ပြန်မေးသည်။
ထိုအခါ သူက “ ဒီလိုကွ၊ တက္ကသိုလ်တက်မယ့် ၄နှစ်စလုံးအတွက် မင်းတို့နဲ့ အတူရှိနေမယ့် ကောင်မလေး တွေကို အဲ့ဒီနေ့ စတွေ့ရမှာလေ၊ ၇၀ ရာနှုန်းလောက်က ချောလှနေရင် မင်းတို့ ၁သိန်းဆု ထီပေါက်တာပဲကွ၊ ၃၀ ရာနှုန်းလောက်ပဲဆိုရင် ၁သောင်းဆုလောက်ပေါ့ကွာ။ ကိုယ့်မေဂျာက ကောင်မလေးတွေက မျက်မျန်ထူထူတို့၊ နှုတ်ခမ်း စူစူတို့၊ လက်ပြင် ကုန်းကုန်းတို့၊ စည်ပိုင်းပုံတို့၊ စဉ့်အိုးပုံတို့၊ နဖူးမောက်မောက်တို့၊ ငါးဖောင်ရိုးတို့၊ မည်းမည်း သဲသဲတို့ ဆိုရင်တော့ ထီမပေါက်ရုံမက အရင်းပါရှုံးတာပဲကွ၊ သိလား။
တကယ်လို့များ ကိုယ့်မေဂျာက ၁သိန်းဆုပေါက်ပေါက် ၁သောင်းဆုပေါက်ပေါက် ကိုယ်က အမြန်ရွေးပေတော့၊ လက်နှေးမနေနဲ့။ တကယ်လို့ ကိုယ့်မေဂျာမှာ အရင်းရှုံးနေပြီဆိုရင် တခြားမေဂျာမှာရှိမလား ရွေးထား ကြည့်ထားပေရော့။ အဲ့ဒီအခွင့်အရေးက အဲဒီနေ့မှာ ရမှာကွ။ ဒို့လို စီနီယာတွေကလည်း အဲ့ဒီနေ့ကျ ဖရက်ရှာဝဲကမ်း ကျင်းပမယ့် အားကစားရုံသွားတဲ့ လမ်းဘေးက မေဂျာအလိုက် တန်းစီလာမယ့် ဖရက်ရှာလေးတွေကို စောင့်ကြည့်ပြီး ကိုယ့်ရှိပြီးသား အိုးလ်မော်ဒယ်ကြီးနဲ့ လဲဖို့ ရွေးကြတာကွ။ ကိုယ်တင်မဟုတ်ဘူး စီနီယာ မမတွေကလည်း သူတို့ရှိပြီး ဘဲကြီးတွေနဲ့ အစားထိုးဖို့ မော်ဒယ်အသစ်လေးတွေ စောင့်ကြည့်ကြတာလေ။ အဲ့ဒီမှာ တစ်ခါတည်း ဖရက်ရှာကွင်းတွေ ဖရက်ရှာ ကင်းတွေ ရွေးကြတော့ ငြင်းကြ ခုန်ကြ ရွေးကြချယ်ကြနဲ့ ပျော်စရာကြီးနော်၊ အဲ့ဒီနေ့ကျ မင်းတို့ စောစောသွားကြ “ တဲ့။ ကျွန်တော့်မှာ ကိုကိုဦး ပြောသည်နှင့်ပင် ဖရက်ရှာဝဲလ်ကမ်းကို ကြိုတင် ရင်ခုန်နေတော့သည်။
တက္ကသိုလ်၏ မရိုးနိုင်သော ကောလိပ်ဂျင်
————————————————
ဤသို့ဖြင့် ကျောင်းတက်ဖို့ လိုအပ်သောစာရွက်စာတမ်းတွေ၊ ပတ်စပို့ ဓာတ်ပုံတွေနှင့် သူငယ်ချင်းတစ်စု ကျောင်းသို့ သွားကြသည်။ အခုကျ တက္ကသိုလ်မြေကို ခြေချရတာ ရဲရင့် ဝံ့ကြွားနေတော့သည်။ ငါတို့ တက္ကသိုလ် ငါတို့ကျောင်းပေါ့လေ။ အဓိပတိဆောင်ဟုခေါ်သည့် ပင်မဆောင်ကြီး မြေညီထပ် အလယ်ဝင်ပေါက်၏ အနောက်ဘက်က ကျောင်းသားရေးရာဌာနရှေ့မှာ ဖရက်ရှာတွေ စည်ကားနေသည်။ ကျွန်တော်၊ ဝင်းဟန်၊ ကျော်ရွှေနှင့် ကံစိန်တို့လည်း ဓာတ်ပုံလေးတွေ စာရွက်စာတမ်းတွေနှင့် အလုပ်ရှုပ်နေသည်။ ကျွန်တော်က အကြိမ်ကြိမ်ဖတ်ဖူးသည့် တက္ကသိုလ်နောက်ခံ ဝတ္ထုတွေထဲကလို ခေတ်တိုင်းတွင် မရိုးသောဟာသ အဖြစ် ဝင်းဟန်၏ ပတ်စပို့ ဓာတ်ပုံကို သူမသိအောင်ယူကာ ကျောင်းသားရေးရာဌာန ကြော်ငြာသင်ပုန်းတွင် အလိုရှိသည်၊ ဆုငွေ ၁၅ပြားဟု ရေးပြီး ကပ်ခဲ့သည်။
ထို့ပြင် စာရွက်လေးတွေ ကိုင်ပြီး ယောင်လည်လည်ဖြစ်နေသော နယ်ကျောင်းသူ ဖရက်ရှာ ကောင်မလေး အုပ်စုကိုလည်း သူတို့ စာရွက်တွေ အတည်ပေါက်ယူကြည်ံပြီး “ ဒီပုံစံတွေက ဖြည့်ပြီးရင် ဒီလှေကားအတိုင်း ဆင်းသွား၊ အောက်ရောက်တော့ ဘယ်ဘက်ချိုးလိုက်၊ အစွန်ဆုံးအခန်းမှာ တင်ရမှာ” ဟု ပြောတော့ ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်ရှင့် ကျွန်မတို့လည်း ဘယ်အခန်းတင်ရမှန်းမသိ ဖြစ်နေလို့ပါ” ဟု ပြော၍ လှေကားအတိုင်း ခပ်သွက်သါက်ဆင်းသွားကြသည်။ သွားကြပေရော့ ပင်မဆောင် မြေတိုက်ထဲက သေးစော်တွေ နံဟောင်နေသည့် အိမ်သာခန်းဆီသို့။ တကယ်တော့ ဒီဟာသတွေ တက္ကသိုလ်ကျောင်းတိုင်း၏ ခေတ်တိုင်းတွင် မရိုးခဲ့သော ဟာသများ ဖြစ်သည်။ ကျွန်တော်တို့ ခေတ် အထိ မရိုးသေး။
စိတ်ကူးယဉ်ခဲ့သည့် တက္ကသိုလ်
———————————–
တက္ကသိုလ်သို့ တက်ခွင့်ရပြီ ဆိုကတည်းက စိတ်ထဲမှာ ချဉ်ခြင်းတပ်နေတာက တက္ကသိုလ်အဝန်းအဝိုင်းနှင့် စပ်ဟပ် သက်ဆိုင်သော နေထိုင်ခြင်း အနုပညာနှင့် တက္ကသိုလ်မှ နာမည်ကျော် ဆရာကြီးများကို တွေ့မြင်လိုလှခြင်း ဖြစ်သည်။ ဝတ္ထုတွေထဲက တက္ကသိုလ်သည် လွမ်းဆွတ် ဖွယ်ကောင်းလှ၏။ ဆွတ်ပျံ့ဖွယ် ကောင်းလှ၏။ ရဲရင့် တက်ကြွဖွယ် ကောင်းလှ၏။ ဂုဏ်ယူ အားတက်ဖွယ် ကောင်းလှ၏။
ကိုယ့်ကိုယ်နှိုက်က စာပေအနုပညာမှာ ဝါသနာ အထုံပါခဲ့တော့ တက္ကသိုလ်က ပညာရှင်ကြီးများထံ စာပေအနုပညာဆိုင်ရာ အဆိုအမိန့်၊ အသင်အကြားများကိုလည်း နာယူလိုလှ၏။ ဆရာဒဂုန်တာရာ၏ စာများနှင့် ဆရာသိန်းဖေမြင့်၏ စာများအပေါ် နှစ်ဝင်စွဲလန်းမှုကြောင့် တက္ကသိုလ် ပရိဝုဏ်အတွင်းက အနီရဲ ရင့်ရင့် ဗုဒ္ဓသာသနံ အပွင့်များကို လေးစား ကြည်ညိုနေမိသည်။ ရင့်ကျက်တည်ငြိမ်သော ဘွဲ့နှင်းသဘင် ခန်းမနှင့် အားမာန်၏ လက္ခဏာ သစ်ပုတ် ပင်တို့ကို ဦးညွှတ်နေမိသည်။
တကယ်တော့ ကျွန်တော်က ပြောခဲ့ဖူးသလို ရန်ကုန်မှာ ကျောင်းတက်ချင်ခဲ့သည်။ သို့သော် မိမိ၏ တက္ကသိုလ်ဝင် အောင်စာရင်း အမှတ်အရ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှာပဲ ၁၉၇၅-၇၆ စာသင်နှစ်တွင် စတင် တက်ရောက်ရ ပါသည်။ ဖြစ်သည်။ ကျွန်တော်တို့ နောက်နှစ်မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးပါက မန္တလေးမြို့လယ်ခေါင် ယခင် ကဉ္စဏနှင့် နန်းကေသီ အမျိုးသမီးဆောင်များနှင့် ယခင် ဖားသားလဖုန်း (အ.ထ.က ၁၄) ကျောင်းဝင်းများနှင့် နန်းရှေ့ ယခင် ပွဲကုန်းကျောင်း နေရာများတွင် မန္တလေးတိုင်း ဒေသကောလိပ်ဟု ဖွင့်လှစ်ပြီး ထိုဒေသ ကောလိပ်မှာ ၂ နှစ်နေပြီးမှ တက္ကသိုလ်သို့ ဆက်တက်ခွင့်ရသည်။
ထို့ကြောင့် ကံကောင်း ထောက်မစွာဖြင့် တက္ကသိုလ်သို့ ပထမနှစ်ကတည်းက တက်ခွင့်ရသည့် ပညာရေး စနစ်ကို မှီလိုက်၍ သာ မန္တလေးတက္ကသိုလ်သို့ ချက်ချင်း တက်ရောက်ရခြင်း ဖြစ်သည်။ တမာလမ်း၊ ရေနီမြောင်းနှင့် အဓိပတိဆောင်၏ တိုင်လုံးကြီးများနှင့် ခံ့ထည်သည့် မန္တလေးတက္ကသိုလ်ကိုလည်း ရှေးရှေးက မျိုးဆက်များ၏ အသီးသီးသော ဂုဏ်ရည်ဖြင့် လေးစား မြတ်နိုးစိတ် အပြည့်အလျှံ ရှိခဲ့ပါ၏။
မန္တလေးတက္ကသိုလ်မှာ (ထိုစဉ်က) ပါမောက္ခ ဦးနက်ရှိသည်။ ဒေါက်တာဘကြည် ရှိသည်။ ဦးသိန်းမောင် ရှိသည်။ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)ရှိသည်။ ဦးဆန်းထွန်း(မန်းတက္ကသိုလ်) ရှိသည်။ ဒေါက်တာသန်းထွန်း ရှိသည်။ ကဲ .. ဘာလိုသေးသနည်း။
ဣထိယဗေဒ နှင့် တီးရှော့ ဘာသာ
——————————————
တက္ကသိုလ် မတက်ခင်က စာအုပ်တွေ ဖတ်ပြီး တက္ကသိုလ်ရောက်ရင် ပညာတွေ ဆည်းပူးလိုက်မယ်။ ပညာရှိ ဆရာကြီးများထံ ဆည်းကပ် လိုက်မယ်။ ပခုံးပြောင်း တာဝန်တွေ ယူလိုက်စမ်းမယ် ဟူသော အတွေးတွေက တကယ်တမ်း တက္ကသိုလ်တက်တော့ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်ပြီ။ မုံရွာ ကျောင်းသူက ဘယ်လို၊ စစ်ကိုင်းကျောင်းသူက ဘယ့်နှယ်၊ မိုးကုတ်ကျောင်းသူက ဘယ့်နှာ ဆိုတာမျိုးနှင့် စာသင်ခန်း ထက် အပြင်မှာက အချိန် ပိုကုန်လာသည်။ ကျောင်းသွားဖော် သူငယ်ချင်း အချင်းချင်းလည်း ချစ်လိုက်ကြတာမှ ညအိပ်ချိန်လေးပဲ ခွဲကြ၏။ ဒါတောင် တစ်ယောက်အိမ် တစ်ယောက် ဝင်အိပ်ကြသေးသည်။ အချိန်ပြည့် လက်ဖက်ရည်ဆိုင် ထိုင်ပြီး ဒူးချင်းတိုက်ကာ ပြောစရာ စကားတွေက မကုန်နိုင် …။
မနက် ကျောင်းမသွားမီ ဆေးရုံကြီး ရှေ့က ရွှေမြင်းမိုရ်မှာ ထိုင်ကြသည်။ ကျောင်းရောက်တော့ အတန်းထဲ မျက်နှာပြရုံ၊ စတိမျှ တက်ပြီး မိန်းအနောက်ဘက်က မဌေးမာတို့ “ချိုကြီး” လက်ဖက်ရည်ဆိုင်ကို ရောက်ကြသည်။ မနက် ၉နာရိလောက်က ထိုင်လိုက်တာ မွန်းလွဲ ၁နာရီကျော် မှ ထကြသည်။ အပြန် မင်္ဂလာလမ်းက သီတာဦးမှာ ဝင်ထိုင်ကြတာ ညနေစောင်းရော။ ညနေ အိမ်ပြန်၍ ထမင်းစားသောက်ပြီး ညပိုင်း အလင်းဆိုင် တစ်ဆိုင်မှာ ထပ်ထိုင်ကြတာ သန်းခေါင်မှ ပြန်ကြတော့၏။ ဤသို့ လက်ဖက်ရည်ဆိုင်တွေမှာ မိုးလင်းမိုးချုပ် ထိုင်ကြရင်းမှ တက္ကသိုလ်မှာ ကျွန်တော် အတွေ့ဖူးချင်ဆုံး ကျွန်တော် ဆရာကြီးကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပထမနှစ်ကျောင်းသားနှင့် သမိုင်းပါမောက္ခ
———————————————
မိန်းအနောက်ဘက် မဌေးမာတို့ ချိုကြီးကဖေးက လူမစည်လှ။ အလွန်ဆုံးရှိလှ နှစ်ဝိုင်း သုံးဝိုင်းပဲ ဖြစ်သည်။ ကျွန်တော်တို့ဝိုင်းက ပင်တိုင်ပေါ့။ ကျောင်းသားဝိုင်းက ကျွန်တော်တို့ပဲ ရှိသည်။ ကျန်ဝိုင်းတွေက ဆရာတွေ ဖြစ်သည်။ အလွန် သဘောထားပြည့်ဝ၍ အပြန်အလှန် လေးစားမှုဖြင့် တပည့်များအပေါ် နားလည်ပေးသော ဆရာများမို့ပေါ့။ အတန်းတက်ချိန် ရောက်တိုင်း လက်ဖက်ရည်ဆိုင်မှာချည်း တွေ့နေရသော တပည့်များအပေါ် အလိုလိုက်လွန်း လှသည်။
ထိုဆရာများဝိုင်းတွင် မနက်ပိုင်း ၁၁နာရီဝန်းကျင် ရောက်လာတတ်သော ဆရာများတွင် သမိုင်း ပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်း က ဦးဆောင်လာသည်။ ဆရာက သူ့လက်ထဲမှာ စာအုပ်၊ စာတမ်း၊ စာရွက်ထပ်များ အမြဲတ်း မပါမဖြစ် ပါလာတတ်၏။ ဆရာကြီးဘေးမှာ ဆရာ လေးတွေ ၃ဦး၊ ၄ဦး လိုက်ပါလာသည်။ ဆရာကြီးက လက်ဖက်ရည်ဆိုင် စားပွဲမှာ စာတမ်းများ၊ စာအုပ်များကို ဖွင့်ပြီး အလုပ်လုပ်ချင် လုပ်သည်။ အလုပ်လုပ်သည် ဆိုသော်လည်း နှုတ်မှ စာအကြောင်း၊ ပေအကြောင်း ဖွယ်ဖွယ်ရာရာတွေကို သူ့တပည့် ဆရာများနှင့် ပြောတတ်၏။
လက်ဖက်ရည်ဆိုင် စာပွဲပေါ်က ပို့ချချက်
———————————————-
ကျွန်တော်တို့နှင့် စားပွဲချင်း ယှဉ်လျက်နေရာမှာချည်း ဆရာတို့က ထိုင်သည်မို့ ဆရာတို့ စကားတွေကို သဲသဲကွဲကွဲ အမြဲကြားနေရသည်။ လက်ဖက်ရည်ဆိုင်မှာ ပြောသော ဆရာ့စကားတွေက သမိုင်းဆိုင်ရာတွေ၊ သုတေသနတွေ မဟုတ်။ ဆရာဒဂုန်တာရာ၏ “လေနုအေးက နော့ နေဆဲကို” ဟူသော အရေးအသားနျင့် ကဗျာများအကြောင်း။ တစ်နေ့မှာတော့ ဆရာက ဗန်းမော်တင်အောင်၏ “ကိုလိုနီခေတ် ဗမာ(မြန်မာ) နိုင်ငံ သမိုင်း” စာအုပ်နှင့် ပတ်သက်၍ သူ့အမြင်ကို ပြောပြနေ၏။ “ဗန်းမော်တင်အောင်က သမိုင်းကို ရေးပြီဆိုတော့ ဒိုင်ယာလစ်တစ် အမြင်နဲ့ ရေးမလားလို့ အတော် မျှော်လင့်မိတယ်ဗျ ” ဟူသော စကားများကို ကျွန်တော် အလွန် စိတ်ဝင်စားသွားသည်။
ဤသို့ဖြင့် နံနက်တိုင်း “ချိုကြီး” ကဖေးမှာထိုင်ရင်း ဆရာကြီး ဒေါက်တာသန်းထွန်းတို့ လက်ဖက်ရည်ဆိုင် ထိုင်မည့် အချိန်ကို မျှော်နေမိသည်။ ဆရာတို့ ရောက်လာလျှင် ဝမ်းမြောက်သွား၏။ ဆရာတို့ ဘာစကား ပြောမလဲ ဆိုတာ အငမ်းမရ နားစွင့်မိသည်။ နားစွင့်မိသလို ပြောသောစကားများကလည်း အဖိုးတန် စိတ်ဝင်စားစရာ တွေချည်း။ ညိုမြနှင့် တောင်သမန်အကြောင်း၊ မြသန်းတင့်နှင့် “…ဆက်၍ ရေးချင်သော ဝတ္ထုများအကြောင်း”၊ “ဇင်၊ နိုး၊ ကြူး” ကဗျာ ဝါဒအကြောင်း။ ဗန်းမော်တင်အောင်နှင့် “တော့၊ ကာ၊ သာ၊ ဘဲ၊ ရယ်၊ နဲ့” အကြောင်း၊ မောင်လေးအောင်၏ “ပညာတတ်ကြိမ်လုံး” အကြောင်း..”။ ထို့နောက် အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း၏ စာတမ်းများအကြောင်း …။
ကျွန်တော်က ဆရာတို့ဝိုင်းမှ ဆရာဦးဆောင်ပြောသော စကားများကို နားစွင့်ပြီး သိချင်သော စာတွေ ရှာဖွေ ဖတ်ြဖြစ်တော့သည်။
