ဆူးငှက်
တက္ကသိုလ်သို့ ပထမနှစ်မှစ၍ တက်ရမည့် နောက်ဆုံးအခွင့်အရေးမို့
————————————————————
ကျွန်တော်တို့ အောင်သော ၁၉၇၅ ခုနှစ်မှာ တက္ကသိုလ် စာပေးစာယူ သင်တန်းတွေ စဖွင့်သည်။ ထို့ပြင် ၁၀တန်းအောင်သည်နှင့် တက္ကသိုလ်သို့ တက်ရောက်ခွင့် ရသည့် နောက်ဆုံးနှစ်လည်း ဖြစ်သည်။ နောက်နှစ် ၁၀တန်းအောင်သူများက တက္ကသိုလ်သို့ တိုက်ရိုက် တက်ခွင့် မရတော့ပေ။ ဒေသကောလိပ်ဟုခေါ်သော သက်ဆိုင်ရာ ပြည်နယ်တိုင်းများအလိုက် ကောလိပ်များသို့ ၂နှစ် တက်ရောက် ပြီးမှ သက်ဆိုင်ရာ ဘာသာရပ်အလိုက် တက္ကသိုလ်များသို့ တတိယနှစ်က စတင်၍ တက်ရမည်တဲ့။
စာပေးစာယူ ဟူသော သင်နည်းစံနစ် စတင်မည်ဆိုတော့ ကိုယ့်အိမ်ကနေ ကိုယ့် အလုပ်လုပ်ရင်း ဘွဲ့ရနိုင်သည်မို့ အစပထမတွင် စာပေးစာယူကို စိတ်ယိမ်းသလိုလို ရှိခဲ့သော်လည်း ရှေ့က တက္ကသိုလ်တက်ဆဲ တက်ခဲ့သော နောင်တော်များက အားမပေးခဲ့ပေ။ “တက္ကသိုလ်ကို ပထမနှစ်ကနေ ဘွဲ့ရတဲ့ အထိ အစအဆုံးတက်ခွင့်ကို မင်းတို့က နောက်ဆုံးရမှာနော်၊ ဒီအခွင့် အရေးကို ဘာ့လို့ လက်လွတ်ခံမှာလဲ” ဟု ပြောကာ တက္ကသိုလ်ကိုပဲ တက်ဖို့ တိုက်တွန်းကြသည်။
သူငယ်ချင်းများနှင့် တိုင်ပင်တော့လည်း အားလုံးက တက္ကသိုလ်ကိုပဲ ဆက်တက်ကြမည်။ ထို့ပြင် တက်ရောက်ခွင့် ဘာသာရပ် ရွေးချယ်ရာတွင်လည်း ရှေ့ရှေ့က အစဉ်အလာကို မထိုးဖောက်ကြပေ။ ဝါသနာပါတာတွေ မပါတာတွေ ဘေးချိတ်၊ ကိုယ့်အမှတ် မှီတာကိုသာလျှောက်၊ အရှုံးမခံနဲ့ ဟူလို။ သည်တော့ ကျွန်တော်တို့ သူငယ်ချင်းထဲမှ အမှတ် အများဆုံး သန်းလွင်က ရန်ကုန် စီးပွားရေးတက္ကသိုလ်လျှောက်သည်။ ကျန်အားလုံးက အမှတ်တွေ မတိမ်းမယိမ်းမို့ မန္တလေး တက္ကသိုလ် ပဲ လျှောက်ကြသည်။
အောင်သန်းထွန်းက ဘူမိဗေဒ၊ ကံစိန်က ရူပဗေဒ၊ ကျော်ရွှေနှင့် ကျွန်တော်က သင်္ချာ၊ ဝင်းဟန်က ရုက္ခဗေဒ ဘာသာရပ်များသို့ လျှောက်ကြသည်။ စတိုင်ပင် ထောက်ပံ့ကြေးကိုလည်း အားလုံးနီးပါး လျှောက်ကြသည်။ ဘာပဲပြောပြော ကျွန်တော်တို့ လျှောက်သော ဘာသာရပ် အသီးသီးက ရမှာ သေချာသည်။ အဘယ်ကြောင့် ဆိုသော် သူငယ်ချင်း အားလုံးက သတ်မှတ် တက္ကသိုလ်နှင့် သတ်မှတ်ဘာသာရပ်များ တက်ရောက်ခွင့် အမှတ်စာရင်းနှင့် အညီ လျှောက်ကြသောကြောင့် ဖြစ်သည်။
ကျောင်းတက်ဖို့ စက်ဘီးပေါင်းတင်ခြင်း
——————————————
တက္ကသိုလ်တက်ရဖို့ သေချာတော့ အဘကလည်း သူသိမြင် တတ်နိုင်သမျှ ဆောင်ရွက်ပေးသည်။ ကနဦးအစ အနေနှင့် ကျွန်တော် လိုချင်သော လက်ပတ်နာရီကို အမေ၏ ရွှေတစ်ကျပ်သား စိုက်ဘီးလေး ရောင်းပြီး ဝယ်ပေးသည်။ အခု တစ်ခါ ကျောင်းတက်လျှင် စက်ဘီးနှင့် တက်ကြမှာမို့ မမခင်ဝင်းအတွက် ၃၀၀နှင့် ဝယ်ပေးခဲ့သော မိန်းမစီးစက်ဘီးကို အရင်တစ်ခါလို တစ်စီးလုံး ဂျီးဆေးတာမျိုးတွင် သာမက ကိုကိုစိန်လှိုင်နှင့် တိုင်ပင်ပြီး ဆေးသုတ် ပေါင်းတင် တာယာလဲ ချေးဆေး အကုန် လုပ်ပေးမည် ပြောပါသည်။ အဘ က စက်ဘီးကို ပြင်ဖို့ ကိုကိုစိန်လှိုင်နှင့် တိုင်ပင်တော့ ကိုကိုစိန်လှိုင် က မထူးဘူး တစ်ခါတည်းသာ ပေါင်းတင်ပေးလိုက်ပါ၊ သာသနာ့ဗိမာန်ရှေ့မှာ စက်ဘီးပေါင်းတင်တဲ့ သူ့မိတ်ဆွေဆိုင်ရှိတယ် ဟု ဆိုသဖြင့် ထိုသို့စီစဉ်ခြင်းဖြစ်သည်။
ဤသို့ဖြင့် မလွန် ၈၅လမ်း သာသနာ့ဗိမာန်ကြီး နှင့် မျက်နှာချင်းဆိုင်ရှိ တစ်ထပ်တိုက်လေးနှင့် စက်ဘီးပြင်ဆိုင်သို့ ကိုကိုစိန်လှိုင်က လိုက်အပ်ပေးသည်။ ထိုဆိုင်ရောက်မှ စက်ဘီးပေါင်းတင်သည် ဆိုသည်ကို ဂနသေချာ သိရတော့သည်။ စက်ဘီးတစ်စီးလုံး ဆေးအသစ်ပြန်သုတ်ခြင်းဖြစ်သည်။ ဆေးသုတ်သည်ဆိုရာ၌ စုတ်တံနှင့် သုတ်တာမျိုးမဟုတ်ဘဲ စက်ဘီးက ဆေးဟောင်းတွေ အားလုံးချွတ်ပြီး ပတ်တီးဆွဲကာ ခံဆေး သုတ်သည်။ ခံဆေး သုတ်ပြီးမှ လေလုံ အခန်းတွင် လိုချင်သည့်အရောင်ကို ပန့်ဆေးမှုတ်ကာ လိုင်းများ တံဆိပ်များ ရေးဆွဲခြင်း ဖြစ်သည်။ ထိုဆိုင်မှာ ပေါင်းတင်မည့် စက်ဘီးတွေ အတော်များများ အပ်ထားကြသည်။ ကိုကိုစိန်လှိုင်က ချေးဆေး ပေါင်းတင်ရုံမက တာယာတွေ ကျွတ်တွေပါ အသစ်လဲဖို့ မှာခဲ့ပြီး စက်ဘီးကို ထားခဲ့သည်။ နောက် တစ်လနေမှ လာရွေးပါတဲ့။
စုမိသော မုန့်ဖိုးနှင့် မုန့်ဟင်းခါးအိုးထဲက အသားတုံးကြီး
———————————————————
တက္ကသိုလ်တက်ရမည့်နှစ်မှာပင် အိမ်မှာပဲ နေရသောကြောင့် အမေ နေ့စဉ်ပေးသော မုန့်ဖိုးက စုမိသည်။ မနက်လင်းလျှင် မမခင်လှ ကြော်သော ထမင်းကြော်စားသည်။ ကိုဌေးအောင်တို့ ကိုမောင်ဒွေးတို့နှင့် လက်ဖက်ရည်ဆိုင် လိုက်တော့လည်း သူတို့ကပဲ ထုတ်သည်။ တစ်ခါတလေ အဘနှင့် ဈေးလိုက်သွားပြီး ထုံဘူးတန်းက ကိုချစ် လက်ဖက်ရည်ဆိုင် လိုက်သွားပြီး ကော်ဖီနှင့် ပဲနံပြားစားသည်။ ကိုချစ်ဆိုင်က ထုံူဘူးတန်းမှသည် ကိုင်းတန်းဈေးရုံထဲက မြောက်ခြမ်းမှာ ရောက်သွား တော့လည်း အဘ က ထိုဆိုင်မှာ ဈေးသွားရင်း ထိုင်သည်။
တစ်ရက်တလေတော့ အဘက ထီးတိုင်ဈေး အနောက်ဘက် ၈၆လမ်းပေါ်က ဒေါက်တာခင်ခင်စိန် တိုက်ရှေ့က ပျံကျတန်းမှာ ထွက်သော ဆိုက်ကားနှင့် မုန့်ဟင်းခါး တိုက်သည်။ ထိုဆိုင်က အတော်လူစည်သည်။ မုန့်ဟင်းခါးက အကြော်နှင့် သုံမတ်(၇၅ပြား) လေ။ အထူးသဖြင့် ဟင်းရည်က စပါးလင်ရနံ့ တသင်းသင်းနှင့် လေးပြီးချိုသည်။ ထိုဆိုင်မှာ စားဖြစ်တာကြာတော့ တစ်ရက်သား ဈေးဝယ်နောက်ကျ သော်လည်း မုန့်ဟင်းခါး သည်ရှိသေးလို့ အဘနှင့် သားအဖနှစ်ယောက် ဝင်သောက်ကြသည်။ မုန့်ဟင်းခါးက ကုန်နေပါပြီ။ သို့သော် ကျွန်တော်တို့က ဖောက်သည်မို့ လက်ကျန်မုန့်ဖတ်နှင့် ဟင်းရည်အိုးကြီးစောင်းပြီး ကုန်နေသည့် ဟင်းရည်ကို စစ်ခတ် ထည့်ပေးသည်။
ထိုသို့ စစ်ခတ်ထည့်ပေးတော့ စောင်းထားသော ဟင်းရည်အိုးထဲမှာ လက်သီးဆုတ်လောက် အသားတုံးကြီး တစ်တုံးကို တွေ့သည်။ အသားတုံးကြီးက ဟင်းရည်အနှစ်များတွင် နူးပြီး အိနေပုံရသည်။ ဟင်းချက် ဝါသနာပါသော အဘက ဘာအသားတုံးလဲဟု စပ်စုတော့ အမဲသားတုံးတဲ့။ သူ့မုန့်ဟင်းခါးက လေးလေးပင်ပင် ချိုခြင်း၏ လျှို့ဝှက်ချက်က ဟင်းရည်ထဲမှာ အမဲသားတုံကို ထည့်ချက်ခြင်း ဖြစ်သည်။ နောက်ရက်တွေမှာလည်း သားအဖက ထိုမုန့်ဟင်းခါးကိုပဲ စွဲစွဲမက်မက် သောက်ကြတာပါပဲလေ။
ဇီဇာမကြောင်ကြ၊ အမဲသားတုံးကြောင့် ပိ၍ ပင် အာဟာရ တန်ဖိုးတက်သည်ဟု မှတ်ယူကြသည်။ တကယ်တော့ ကျွန်တော်က ငယ်စဉ်ကတည်းက အမဲသားမစား၊ သို့သော် အမဲခြောက် ဖုတ်စားသည်။ ငယ်စဉ်ကတည်းက ဝက်သားမစား၊ ဝက်အူချောင်းကျ နှစ်နှစ်သက်သက်စားသည်။ အခုကြီးတော့ ဝက်သားပိုကြိုက်ပြီး အမဲသားကိုတော့ အစိုရော အခြောက်ပါ မစားတော့ရုံမက အနံ့မျှပင် ခံမရတော့။
ထိုသို့ မုန့်ဖိုးလေးတွေ စုမိသောအခါ အထူးသဖြင့် စာအုပ်လေးတွေ ဝယ်ဖြစ်သည်။ မိုးဝေမဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်းကို လစဉ်ဝယ်ဖြစ်သည်။ ၁၀တန်းပထမနှစ်က ဆရာမ ဒေါ်ခင်မြမြအေးအတွက် လုပ်သားစာနယ်ဇင်းက စန္ဒာမဂ္ဂဇင်းစာအုပ်ကို လစဉ်ထုတ်ပေးရတော့ ကျွန်တော်က မဂ္ဂဇင်းကိုလည်း ထိုဆိုင်ကပဲ အများဆုံး ဝယ်ဖြစ်သည်။
ထိုစဉ်က လုပ်သား စာနယ်ဇင်းဆိုင်က ရုံတော်ကြီးက နန်ကင်း လက်ဖက်ရည်ဆိုင်ဘေးမှာ ရှိသည်။ နောက်မှ နာရီစင်နားက ခန်းမ ၂ အောက်ထပ်သို့ ပြောင်းသွားခြင်း ဖြစ်သည်။ ထိုဆိုင်မှာ စန္ဒာမဂ္ဂဇင်းကတည်းက လစဉ် ရောက်ဖြစ်တော့ ဆိုင်က အစ်မကြီးများနှင့်လည်း မျက်နှာတန်းမိနေသည်။ အထူးသဖြင့် ရုံတော်ကြီးဆိုင်မှာ ကတည်းက အရောင်းကောင်တာက မမလတ်တို့ မယဉ်မေတို့နှင့် သိနေပါပြီ။
ဗမာစာပေ ဘယ်လဲ၊ ဘာလဲ စာအုပ်ကို လိုချင်လွန်းလို့
———————————————————-
မှတ်မှတ်ရရ ဆရာမောင်စွမ်းရည်၏ ဗမာစာပေ ဘယ်လဲ၊ ဘာလဲ စာအုပ်ကို တစ်ညနေတွင် ရုံတော်ကြီးဆိုင်မှာ သွားဝယ်တော့ ဆိုင်က ပိတ်နေပြီ။ ပိတ်သည်ဆိုသည်မှာ ဆိုင်သံတံခါးတော့ မပိတ်သေး၊ သို့သော် အရောင်းပိတ်ပြီ။ နေ့စဉ် အရောင်းစာရင်းပိတ်ပြီ။ ကောင်တာများ သော့ခတ်ပြီးပြီ။ ကျွန်တော်ကလည်း မောင်စွမ်းရည် စာအုပ်ကို လိုချင်နေပြီ။ ထို့ကြောင့် ဆိုင်ပိတ်ပြီဖြစ်သော်လည်း နောက်ဆံတငင်ငင် ဖြစ်နေသည်။ စာအုပ်ရှိသည့် ကောင်တာက မမလတ် ကောင်တာဖြစ်သည်။ မမလတ်ဆိုတာ ထိုဆိုင်မှာ ထိုစဉ်က စတားပေါ့။
ကျွန်တော်က စာအုပ်ကောင်တာထဲက စာအုပ်ကို တကြည့်ကြည့် ဖြစ်နေတာ မမလတ်က မြင်ကာ စိတ်မကောင်းဖြစ်နေသည်။ ဖြစ်ချင်တော့ ထိုကောင်တာ၏ နောက်ဖက် တံခါးအပေါ်ထိပ်မှာ မှန်က ကွဲနေပြီး ဟနေသည်။ မမလတ်က ကျွန်တော့်ကို ခဏနေဦး မင်းလိုချင်ရင် အဲ့ဒီအကွဲက နှိုက်ကြည့်မယ်။ နှိုက်ကြည့်လို့ ရရင် ယူသွားလိုက် နက်ဖြန်မှ အရောင်း စာရင်းသွင်းလိုက်မယ်ဟုဆိုကာ သူဝတ်ထားသော ဆွယ်တာ လက်ရှည် အဖြူလေးကို ချွတ်ပြီး မှန်ကွဲထဲက တဆင့် စာအုပ်ကို ခက်ခက်ခဲခဲ နှိုက်ပြီး ယူပေးသည်။ ကျွန်တော့်မှာ ကောင်တာရှေ့ကနေ မမလတ် မှန်ကွဲရှ လေမလား စိုးရိမ်စိတ်ဖြင့် ကြည့်နေရသည်။
တကယ်တော့ ထိုနေ့က သူတို့ဆိုင် ရုံတော်ကြီးမှာ ဖွင့်သော နောက်ဆုံးနေ့တဲ့။ ထိုနေရာမှ နောက်ရက်တွင် ခန်းမ ၂ အောက်ထပ်သို့ စတင်ရွှေ့တော့မှာမို့ စာရင်းချုပ်ခြင်းဖြစ်သည်။ ကျွန်တော်က အားမနာစွာ တရစ်ဝဲဝဲ လုပ်နေလို့ မမလတ်က အလိုလိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုသံယောဇဉ်ဖြင့်ပင် သူတို့ဆိုင်က ခန်းမ ၂အောက်ထပ်မှာ သမဝါယမ စာနယ်ဇင်း အရောင်းဆိုင်အဖြစ် ခမ်းခမ်းနားနား တိုးချဲ့ ဖွင့်လှစ်တော့ လစဉ်မဂ္ဂဇင်းနှင့် စာအုပ်အချို့ကို ထိုဆိုင်မှပင် ဝယ်ဖြစ်သည်။ တစ်ခါတရံ အကြောင်းမသင့်သောကြောင့် ထိုဆိုင်မှာ မဝယ်ဖြစ်လျှင် ညပိုင်း ညဈေးတန်းသို့ လမ်းလျှောက်ရင်း နာရီစင် အရှေ့ဘက်က သုံးရောင်ခြယ် စာအုပ်ဆိုင်မှာပဲ အများဆုံး ဝယ်ဖြစ်ခဲ့တော့သည်။
မိတ်အင် အင်္ဂလန်
——————-
ပေါင်းတင်ထားသော စက်ဘီးလည်း ရပါပြီ။ တာယာအသစ်များ လဲထားကာ ပေါင်းဆေးအသစ်နှင့်မို့ စက်ဘီးလေးက အသစ်နှင့် တူပါသည်။ ပေါင်းဆေးချည်း ၁၅၀ကျပ်ပေးရပြီး တာယာ အပါအဝင် အခြားပစ္စည်းတွေ လဲတာရောဆို အားလုံး ၃၀၀ ကျော် ကျပါသည်။ ပြောကြစို့ဆိုလျှင် ဝယ်စဉ်ကလည်း ၃၀၀ကျပ်ပေးခဲ့ရပြီး အခု ပြန်ပြင်တာကလည်း ၃၀၀ကျော် ကျသင့်ခြင်း ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ အခု စက်ဘီးလေးကို လက်ဖက်ရည်ဆိုင်သို့ သွားစဉ် စီးသွားပြီး ဆိုင်ရှေ့ ရပ်ထားလျှင် မြင်သူတိုင်းက ရပ်ကြည့်ကြသည်။
ထိုစဉ်က စက်ဘီးကို ပေါင်းတင်ကြလျှင် ဘောင်လိုင်းများနှင့် စာတန်များ တံဆိပ်များကို လက်နှင့် ပုံစံတူ တိတိကျကျ ရေးဆွဲသည်လည်းရှိသည်။ ထိုသို့ လက်နှင့်ရေးသော ဆိုင်တွင် ကျုံးတောင်ဘက် ၂၆ဘီလမ်း မင်္ဂလာတံတားအနီး ဝင်းဦးထုပ်ဆိုင်ဘေးရှိ စက်ဘီးဆိုင်ကလည်း နာမည်ကြီးသည်။ အခု ကျွန်တော့် စက်ဘီးကို ပေါင်းဆေး တင်ပေးသော သာသနာ့ဗိမာန်ရှေ့ဆိုင်က ဘောင်လိုင်းကို လက်နှင့် ရေးပြီး စာတန်းနှင့် တံဆိပ်များကို မူရင်းပုံစံအတိုင်း ပုံနှိပ်ထားသော စတစ်ကာများ ကပ်သည်။ ထို့ကြောင့် ကျွန်တော့် စက်ဘီးက လက်ကိုင် နှင့် တာယာ က တရုတ်၊ ခွေနှင့် စပုတ်က အိန္ဒိယ၊ ဘောင်က မြင်းခြံ၊ ထိုင်ခုံ က တာရဲတန်း ပေမယ့် စာတန်း နှင့် တံဆိပ်က Releigh ဖြစ်သည်။ Made in England ပေါ့လေ။
ဆူးငှက်
