နမ့်ခမ်းမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ ဆီ မရောက်တာကြောင့် ဈေးတက်​နေ

မေ ၁၄၊ ၂၀၂၆
Shy V (VOM)
နမ့်ခမ်းမြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ လတ်တလော ဆီ မရောက်တာကြောင့် ဈေး ပြန်တက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“မြို့ထဲမှာ စက်သုံးဆီ မရှိဘူး။ လမ်းဘေးမှာ ရောင်းတဲ့ ဆီဆိုင်အသေးလေးတွေတောင်မှာ မြို့အထွက်မှာ တဆိုင်၊ နှစ်ဆိုင်ပဲရှိတာ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
စက်သုံးဆီ ပန့်ဆိုင်အကြီးတွေမှာ ဆီရှိရင်တော့ တန်းစီ ဝယ်ရတဲ့ နေရာမှာက တလီတာ ၈,၀၀၀ ကျပ် နဲ့ ရပြီး တခြား ဆိုင်တွေမှာတော့ တလီတာ ၁၃,၀၀၀ ကျပ် ဈေးရှိတယ်လို့ သူက ပြောပါတယ်။
စက်သုံးဆီ လုံးဝ ပြတ်လပ်သွားတာမျိုး မဟုတ်ပေမယ့် လက်ရှိရောင်းနေတဲ့ ဆီဆိုင်အသေးတွေက ဈေးအသက်သာဆုံး တလီတာ ၁၄,၀၀၀ ကျပ် ရှိတယ်လို့ ဆိုပါတယ်။
“စက်သုံး ဆီ မဝင်တာ တပတ်လောက်ရှိပြီ။ ပန့် ဆီဆိုင်ကြီးတွေမှာ ဆီ မရတော့ဘူး။ ကျမတို့က တခြားဘက်ကနေ သွားဝယ်ပြီး ဗူးနဲ့ ပြန်ရောင်းရတာ။ ဆီရ ခက်တယ်” လို့ လမ်းဘေး စက်သုံးဆီသည် တယောက်က ပြောပါတယ်။
လက်ရှိ ၁.၂၅ လီတာဗူး တဗူးကို ၂၅,၀၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ တပတ်ကျော်က ပန့်ဆီဆိုင်ကြီးတွေမှာ ဆီဘောက်ဆာတွေ ဝင်တုန်းကတော့ ဓာတ်ဆီ တလီတာ ၁၃,၀၀၀ ကျပ်နှုန်းနဲ့ပဲ ရောင်းကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရ ထိန်းချုပ်ရာ မူဆယ်မြို့မှာတော့ ဓာတ်ဆီ တလီတာကို ၁၂,၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေကြတာတွေ့ရပြီး MNDAA ထိန်းချုပ်ရာ တုံခန်၊ နမ့်တောင်း ရွာတွေမှာတော့ စက်သုံးဆီ တလီတာ ၁၀,၀၀၀ ကျပ်နှုန်းနဲ့ ရောင်းနေကြတာကို တွေ့ရပြီး သယ်ဆောင်ရတဲ့ ခရီးအကွာအဝေးပေါ်မူဆည်ပြီး တချို့ ရွာတွေမှာတော့ တလီတာ ကျပ် ၁၀,၀၀၀ ကျော် နဲ့ ရောင်းချနေကြတာကို တွေ့ရပါတယ်။
Photo: Shy V

Related posts

Leave a Comment

VOM News

FREE
VIEW