မေ ၁၄၊ ၂၀၂၆
Shy V (VOM)
လတ်တလော လူမှုကွန်ရက်ပေါ်မှာ “ဝ” နဲ့ ကိုးကန့်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတချို့မှာ တရုတ်ဘက်က မြန်မာ-တရုတ် နယ်စပ်ခြံစည်းရိုးကို ကျော်ပြီး ရှေ့တိုးခြံခတ်နေတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့နေတဲ့အပေါ် အတည်မပြုနိုင်သေးတဲ့ သတင်းတွေကို မယုံကြည်ဖို့ မြန်မာမျိုးချစ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
အဲ့ဒီသတင်းတွေမှာ ဓာတ်ပုံတချို့နဲ့ ဒေသအမည်တချို့ကိုသာ ဖော်ပြထားပြီး နယ်နိမိတ်မှတ်တိုင်အမှတ်၊ GPS တည်နေရာအတိအကျနဲ့ တာဝန်ရှိအဖွဲ့အစည်းတွေရဲ့ အတည်ပြုချက်တွေ မပါဝင်သေးဘူးလို့ ဆိုပါတယ်။
မြန်မာ-တရုတ် နယ်နိမိတ်ကို ၁၉၆၀ နယ်နိမိတ်စာချုပ်နဲ့ ၁၉၆၁ Protocol တွေအရ သတ်မှတ်ထားတာဖြစ်ပြီး နှစ်နိုင်ငံအကြား နယ်နိမိတ်လိုင်းနဲ့ မှတ်တိုင်တွေကို လေးစားလိုက်နာဖို့လည်း သဘောတူထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် နယ်စပ်ရေးရာကိစ္စတွေကို နှစ်နိုင်ငံတာဝန်ရှိသူတွေကြား တရားဝင်ညှိနှိုင်းဆောင်ရွက်နေတဲ့အတွက် “နယ်မြေကျူးကျော်တယ်” လို့ အတည်မပြုခင် သတ်မှတ်ပြောဆိုတာတွေက ပြည်သူတွေအကြား စိုးရိမ်မှုနဲ့ နားလည်မှုလွဲမှားတာတွေ ဖြစ်လာစေနိုင်တယ်လို့ သတိပေးထားပါတယ်။
မြန်မာနဲ့ တရုတ်နိုင်ငံတို့ဟာ နယ်စပ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေး၊ အွန်လိုင်းလိမ်လည်မှုနဲ့ တရားမဝင်လုပ်ငန်းတွေ တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် အတည်မပြုရသေးတဲ့ သတင်းတွေကို နိုင်ငံရေးရည်ရွယ်ချက်နဲ့ ဖြန့်ဝေတာမျိုး သတိထားဖို့လိုတယ်လို့လည်း မြန်မာမျိုးချစ်အဖွဲ့က ပြောထားပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ နယ်စပ်ဆိုင်ရာသတင်းတွေကို တွေ့ရှိရင် တရားဝင်ထုတ်ပြန်ချက်တွေ၊ မူရင်းဓာတ်ပုံနဲ့ ဗီဒီယိုတွေရဲ့ တည်နေရာ၊ ရက်စွဲ စတဲ့အချက်အလက်တွေကို စစ်ဆေးပြီးမှသာ ယုံကြည်ဖို့နဲ့ သတင်းတု၊ သတင်းမှားတွေကို ပြန်လည်မျှဝေတာ မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုး ဒေသမှာတော့ နယ်စပ် စည်းရိုးတိုးလာတာ ရှိခဲ့တယ်လို့ ပြောပါတယ်။
“နယ်စပ် စည်းရိုး တိုးလာတယ်။ ကျနော်တို့ မုံးကိုးက လယ်ကွက်တွေထိ နယ်စပ်စည်းရိုး တိုးခတ်မိသွားလို့ ပြဿနာ ဖြစ်ပြီး ပြန်ရွှေ့ပေးတာ။ နယ်စပ်စည်းရိုး စခတ်တုန်းကလေ” လို့ သူက ပြောပါတယ်။
ကြူကုတ် (ပန်ဆိုင်း) ကနေ မုံးကိုးသွားတဲ့ လမ်း အနီးက နယ်စပ် တနေရာမှာတော့ ကိုဗစ်ကာလက ခတ်ထားတဲ့ နယ်စပ်စည်းရိုးထက် ကားတစီးသွားစာခန့် ရှေ့တိုးပြီး နယ်စပ်စည်းရိုး ထပ်ခတ်ထားကာ နယ်စပ် စည်းရိုး နှစ်ထပ်ခတ်ထားတာ တွေ့ရတယ်လို့ သူက ပြောပါတယ်။
အဲဒီ နယ်စပ် စည်းရိုး နှစ်ထပ် ခတ်ထားတဲ့ ကုန်းစောင်းမှာေတာ့ မုံးကိုးကားလမ်းမ ဘေး အောက်က ချောက်အထိ ဗြုံးနဲ့ လှေကားထစ်ပုံစံ လုပ်ထားတယ်လို့ ပြောပါတယ်။
ကိုဗစ်ကာလမှာတော့ ရောဂါကူးစက်မှု ကာကွယ်ဖို့ နှစ်နိုင်ငံ နိုင်ငံသားတွေ ခိုးဝင်၊ ခိုးထွက်မှုတွေကိုတားဆီးရန် တရုတ်ဘက်က နယ်စပ် စည်းရိုးကို ကာရံတာလို့ ယူဆရတယ်လို့ ဆိုပါတယ်။
မူဆယ်ခရိုင်အတွင်းက မုံးကိုး၊ ကြူကုတ်ပန်ဆိုင်း၊ နမ့်ခမ်းမြို့ရဲ့ တဖက်ကမ်းက တရုတ်နယ်စပ်နဲ့ ကပ်လျက် ရွာတွေမှာလည်း နယ်စပ် ဒေသခံတွေနဲ့ နယ်စပ်စည်းရိုး ပြဿနာတွေ ရှိခဲ့ ဖူးတာ ဖြစ်ပါတယ်။
ကိုဗစ်ကာလ အလွန်မှာတော့ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေ ကြီးထွားလာပြီး နှစ်နိုင်ငံ နယ်စပ် မှောင်ခို ဖြတ်ကျော်မှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။
မြန်မာ ဘက်ခြမ်းက လုပ်သားတွေနဲ့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေ တရုတ်ဘက် နယ်စပ်စည်းရိုး ခိုးပေါက်ကနေ ဝင်ရောက်မှု ရှိသလို တရုတ်နိုင်ငံသား တချို့လည်း မြန်မာဘက်ခြမ်းရှိ ငွေလိမ်ဂိုဏ်းတွေဆီ နယ်စပ် မှောင်ခို ဝင်ရောက်နေတာတွေ ရှိကြောင်း နယ်စပ်ဒေသခံတွေ ဆီက သိရပါတယ်။
Video Crd# ဒေသခံ တယောက်
