ဆူးငှက်
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တဲ့
———————————————–
ကျွန်တော်တို့ တက္ကသိုလ် တက်သည့် ကာလအတွင်း ၁၉၇၆ခုနှစ် မတ်လ ၂၃ရက်နေ့က သခင်ကိုယ်တော်မှိုင်း ရာပြည့် ကိစ္စပြီးကတည်းက အာဏာပိုင်အဖွဲ့အစည်း၏ ထိပ်ပိုင်းတွင်လည်း လှုပ်ခတ်မှုများရှိခဲ့သည်။ ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ မတ်လ ၁ရက်နေ့အထိ ကျင်းပသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ တတိယအကြိမ် ပါတီညီလာခံက ပါတီဗဟိုကော်မီတီဝင် ၄၁ဦးကို ထုတ်ပယ်ခဲ့သည်။ ထုတ်ပယ်ခံရသည့် ဗဟိုကော်မီတီဝင် အများစုမှာ လက်ဝဲစွန်းသည့် အရပ်သား နိုင်ငံရေးသမားကြီးများ ဖြစ်သည်။ ထို့နောက် တပ်မတော်အရာရှိ ၄၂ဦးပါဝင်သည့် ဗဟိုကော်မီတီဝင်အသစ် ၇၄ဦးကို ခန့်အပ်ခဲ့သည်။ ထို့နောက် ၁၉၇၈ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏ မြေအောက် လှုပ်ရှားမှုနှင့် ပတ်သက်သော ကွင်းဆက်များကို ဖော်ထုတ်အရေးယူခဲ့ရာ တစ်ပြည်လုံး အတိုင်းအတာအရ ပညာရှင်များအပါအဝင် ဝန်ထမ်းများ ကျောင်းသားများအထိ အဖမ်းအဆီး ခံကြရသည်။
ဤသို့ဖြင့် ၁၉၇၄ခုနှစ် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပထမအကြိမ် ပြည်သူ့လွှတ်တော်က ၄နှစ်အကြာ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အတွက် ဆန္ဒမဲပေးပွဲကို ၁၉၇၈ခုနှစ် ဇန်နဝါရီလတွင် ကျင်းပခဲ့သည်။ အဆိုပါမဲပေးပွဲတွင် ကျွန်တော်လည်း အသက်ပြည့်မီပြီမို့ မဲပေးခဲ့ရပါသည်။ ပါတီက အဆိုပြုရွေးချယ်ထားသည့် ကိုယ်စားလှယ်ကို ထောက်ခံ ကန့်ကွက် မဲပုံး၂ပုံးနှင့် မဲပေးရသည့် စံနစ်ဖြစ်ရာ ကန့်ကွက်သည့် ကြက်ခြေခတ်နှင့် မဲပုံးထဲ ကိုယ့်မဲလက်မှတ် ထည့်ခြင်းက နိုင်ငံတော် ပုန်ကန်မှုမမာ ကြောက်ရွံ့ခဲ့ကြ၏။ ထိုရွေးချယ်ပွဲက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၆၄ဦးကို အတည်ပြုခဲ့ပြီး ထိုလွှတ်တော်က ပါတီဥက္ကဋ္ဌ ဦးနေဝင်းကိုပင် နိုင်ငံတော်သမ္မတ အဖြစ်နှင့် တပ်မတော်အငြိမ်းစား ဦးမောင်မောင်ခကို ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့သည်။
ဆရာကြီး ပါမောက္ခ ဒေါက်တာဘကြည် ဆုံးပြီ
————————————————–
ကျွန်တော်တို့ တက္ကသိုလ်နောက်ဆုံးနှစ်ရောက်တော့ သင်္ချာ ပါမောက္ခ ဒေါက်တာဘကြည်လည်း အသည်းရောဂါဖြင့် ဆုံးပါးခဲ့ပါ၏။ တကယ်တော့ ဆရာကြီးက အရွယ်ကောင်းချိ အသက်၅၄နှစ်ပဲ ရှိပါသေး၏။ ရောဂါဝေဒနာဖိစီးမှုကြောင့် ဆုံးပါးရသည်က အလွန်နှမြောစရာကောင်းလှသည်။ ဆရာကြီး ဒေါက်တာဘကြည် ဆုံးသည်က ၁၉၇၉ခုနှစ် သြဂုတ် ၁၁ရက်နေ့ ဖြစ်ပါ၏။ တက္ကသိုလ်ကျောင်းဝင်းအတွင်းက ဆရာကြီး၏ နေအိမ်တွင်ပင် နာရေးကို ပြင်ဆင်ထားရာ ကျွန်တော်တို့ နောက်ဆုံးနှစ်ကျောင်းသားများက နာရေး သင်္ဂြုံဟ်မှုအတွက် လိုအပသည်များ တာဝန်ယူကြ၏။ ထိုစဉ်က နာရေးပို့ဆောင်သည့် နိဗ္ဗာန်ယာဉ်များက ပုဂ္ဂလိကပိုင်များက အများစုဖြစ်သည်။ ထို့ပြင် မြူနီစီပယ်တွင်လည်း နိဗ္ဗာန်ယာဉ် ရှိသည်။ မြနီစီပယ်က နိဗ္ဗာန်ယာဉ်က တောင့်တောင့် တင်းတင်းနှင့် ခံ့ညားသည်။ သို့သော် ငှားခွင့်ရရေးက ပုဂ္ဂလိကကဲ့သို့ မလွယ်ကူလှပေ။
သို့သော် ဆရာကြီး၏ နာရေးအတွက် မြူနီစီပယ်က နိဗ္ဗာန်ယာဉ် အသုံးပြုခွင့် ရရှိရန် နောက်ဆုံးနှစ် ကျောင်းသား ကိုဝင်းအောင်(အိမ်တော်ရာ) က ကျွန်တော့်ကို အဖော်ခေါ်ပြီး မြူနီစီပယ်ရုံးအထိ သွားရောက် ကြိုးပမ်းခဲ့သည်။ နာရေးပို့ဆောင်မည့်နေ့ နာရေးပို့ဆောင်မည့် အချိန်မတိုင်မီ ၁နာရီလောက်ကြိုကာ ယခု သိပ္ပံ လမ်းမကြီးဖြစ်မည့် လမ်းလေးနှင့် ၇၈လမ်းဆုံ ဆင်ဖြူကန် သုဿန်ထပ်က ကိုဝင်းအောင်နှင့် ကျွန်တော် မြူနီစီပယ်နိဗ္ဗာန်ယာဉ်ကို စောင့်ပြီး နာရေးရှိရာ ကျောင်းထဲက ဆရာကြီးအိမ်သို့ လမ်းပြခေါ်ဆောင်ခဲ့၏။ ဆရာကြီး ဒေါက်တာဘကြည်၏ ဈာပနကို ဆင်ဖြူကန်သုဿန်၌ပင် မီးသင်္ဂြုံဟ်ပါသည်။ ထိုစဉ်က မီးသင်္ဂြုံဟ်စက်တွေ မရှိသေး၊ သုဿန်အတွင်း တရားနာ ဇရပ်များရှေ့ ကွက်လပ်တွင် ထင်းမီးများဖြင့် သင်္ဂြုံဟ်ရပါသည်။
အာရှလူငယ် အတွင်းရေးမှူး၊ ဖက်ဆစ်တော်လှန်ရေးသမား
——————————————————————
ဆရာကြီး ဒေါက်တာဘကြည်က ရွှေဘိုခရိုင် ကန့်ဗလူမြို့နယ် ထန်းတပင်ရွာတွင် အဘ ဦးလူဝ၊ အမိ ဒေါ်အေးချယ်တို့က ၁၉၂၅ခုနှစ် မတ်လ ၁၉ရက်နေ့တွင် ဒုတိယသားအဖြစ် မွေးဖွားခဲ့သည်။ ထိုစဉ်က ဖခင်ဖြစ်သူ ဦးလူဝမှာ ဆိတ်ခွန်ရွာက မူလတန်း ကျောင်းအုပ် ဆရာကြီးဖြစ်သောကြောင့် ပထမဆုံး ကန့်ကူလက်လှည့် ဆရာဖြစ်သည်။ ဆရာကြီးက ကျောက်မြောင်းရှိ ဦးသောင်းထွန်း တိုင်းရင်းမြန်မာကျောင်းက မြန်မာ၁၀တန်းကို သင်္ချာဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ထို့ပြင် ဟိုက်ယားဂရိတ် ဆရာဖြစ် စာမေးပွဲကိုလည်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီကပင် အောင်မြင်ခဲ့သည်။
ဆရာဖြစ်စာမေးပွဲ အောင်မြင်သောအခါ ကျောက်မြောင်းအနီးက မခေါက်ရွာတွင် မူလတန်းပြဆရာအဖြစ် ၂နှစ် တာဝန်ထမ်းခဲ့သည်။ စစ်ကြီးကာလ ဂျပန်ခေတ်တွင် ဆိတ်ခွန်ရွာ၌ အာရှလူငယ် အတွင်းရေးမှူးအဖြစ်တာဝန်ယူရင်း စေတနာ့ဝန်ထမ်း ဆရာအဖြစ် ဆောင်ရွက်ခဲ့သည်။ စစ်ကြီးအတွင်းက ဆိတ်ခွန်ရွာတွင် ဆရာကြီးဒီးဒုတ်ဦးဘချိုက မိသားစုအလိုက် စစ်ပြေးခိုလှုံရင်း ဗိုလ်ချုပ်အောင်ဆန်းကလည်း ဆရာကြီး ပုန်းခိုရာ ဆိတ်ခွန်ရွာသို့ လျှို့ဝှက် လာရောက်ပြီး ဂျပန်တော်လှန်ရေးအတွက် ဆွေးနွေးကြသည်။ ထိုအချိန်တွင် ဆိတ်ခွန်ရွာ၌ စေတနာ့ဝန်ထမ်း ဆရာအဖြစ်ဆောင်ရွက်နေသော ဆရာကိုဘကြည်ကလည်း ဒီးဒုတ်ဦးဘချို၏ လမ်းညွှန်မှုအောက်မှ ဂျပန်တော်လှန်ရေးကို ရွှေဘိုအနောက်လက် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့၏။
Fluid Mechanics ဘာသာရပ်တွင် Ph.d
————————————————
ဂျပန်တော်လှန်ရေးအပြီး အင်္ဂလိပ်ပြန်ဝင်လာသောအခါ တက္ကသိုလ်ဝင် စာမေးပွဲကို အင်္ဂလိပ်ဘာသာ တစ်ဘာသာတည်း ဖြေဆိုခွင့်ဖြင့် အောင်မြင်ခဲ့ပြီး မန္တလေးဥပစာကောလိပ်သို့ တက်ရောက်ခဲ့ရာ ၁၉၄၇ခုနှစ်တွင် ဥပစာတန်း အောင်မြင်ခဲ့၏။ ၁၉၄၈ခုနှစ်တွင် မန္တလေးယူနီဗာစီတီ ကောလိပ်သို့ ဆက်လက်တက်ရောက်ကာ ၁၉၅၃ခုနှစ်တွင် အသုံးချသင်္ချာ ဂုဏ်ထူး ဖြင့် သိပ္ပံဘွဲ့ရခဲ့သည်။ ထိုနှစ်မှာပင် မန္တလေးယူနီဗာစီတီကောလိပ် သင်္ချာဌာနတွင် နည်းပြဆရာအဖြစ်တာဝန်ထမ်းသလို ပြည်တော်သာကျောင်းဆောင်၏ အဆောင်နည်းပြအဖြစ်လည်း တာဝန်ယူခဲ့သည်။ ၁၉၅၅ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ အစိုးရပညာတော်သင်အဖြစ် သွားရောက်ခဲ့ပြီး ၁၉၅၈ခုနှစ်တွင် လန်ဒန်ယူနီဗာစီတီ ကောလိပ်မှ မဟာသိပ္ပံဘွဲ့ကို ဂုဏ်ထူးဖြင့် အောင်မြင်ကာ ၁၉၆၁ခုနှစ်တွင် Fluid Mechanics ဘာသာရပ်တွင် ကျမ်းတစ်စောင် တင်သွင်းပြီး ပါရဂူ Ph.d ဘွဲ့ကို အပ်နှင်းခံခဲ့ရ၏။
၁၉၆၁ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး အောက်တိုဘာလတွင် မန္တလေးတက္ကသိုလ် သင်္ချာဌာန၌ နည်းပြအဖြစ်မှ ကထိကရာထူးသို့ ချက်ချင်းတိုးမြှင့်ကာ ခန့်ထားခံခဲ့ရသည်။ ၁၉၆၂ခုနှစ်တွင် ဇနီးဒေါ်ခင်သိန်းနှင့် အိမ်ထောင်ပြုခဲ့ပြီး ဌာန၌ မဟာသိပ္ပံတန်းများကို အထူးအလေးထား ပို့ချခဲ့ပြီး သင်္ချာဆိုင်ရာ သုတေသနစာတမ်းများ ပြုစုခြင်း ရေးသားတင်သွင်းခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး ၁၉၇၈ခုနှစ် သြဂုတ်လ ၁၀ရက်နေ့တွင် သင်္ချာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာကြီးဒေါက်တာဘကြည်က သင်္ချာဘာသာရပ်နှင့် ပတ်သက်သော စာအုပ်၆အုပ်ကို ရေးသားထုတ်ဝေခဲ့ကာ ဆရာကွယ်လွန်ချိန်တွင် ရေးသားပြုစုဆဲ ကျမ်းများ စာတမ်းများလည်း ကျန်ရစ်ခဲ့ပါ၏။
နိုင်ငံတကာသိ ဟိုက်ဒို ဒိုင်းနမစ် ပညာရှင်
———————————————–
ဆရာဒေါက်တာဘကြည် အင်္ဂလန်မှ ပြန်ရောက်ပြီး ဌာနတွက် တာဝန်ထမ်းစဉ်ကာလများက သင်္ချာကျောင်းသားများက ဆရာ့အား စာပေအရာတွင် အတုယူရ၊ အားကျရသည်သာမက ဆရာ၏ ဝတ်ပုံစားပုံ၊ နေပုံထိုင်ပုံတို့ကို အတုခိုးကြရသည်။ ထို့ပြင်ဆရာ့အား နိုင်ငံတကာမှနေ၍ ဆည်တည်ဆောက်ရေး၊ ထိန်းသိမ်းရေးနှင့် ပတ်သက်၍ မေးမြန်း အကူအညီ တောင်းသည့် ပြဿနာများကို ဆရာက လက်တန်းတွက်ချက်၍ အကြောင်း ပြန်ကြားပေးသည်ဟုသိရသည်။ ဆရာသည် နိုင်ငံတကာ နယ်ပယ်တွင် နာမည်ရ Hydrodynamic ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ထိုစဉ်က တည်ဆောက် နေသည့် စီမံကိန်းအကြီးစားဖြစ်သော ကာဘိုးဆည်နှင့် ပတ်သက်၍ ကြုံတွေ့ရသည့် အခက်အခဲကိုလည်း ဆရာကပင် အသေးစိတ် တွက်ချက်၍ ဖြေရှင်းပေးရသည်။
ကျွန်တော်၏ မဖြစ်စလောက် ကိုယ်တွေ့အရမူ နိုင်ငံတကာသိ ဧရာမ သင်္ချာပညာရှင်ကြီးသည် မိမိ၏ ကျောင်းသားလေးကို မမှန်ကန်သော ဖိနှိပ်မှုဘေးက ကိုယ်ဖိရင်ဖိ ကာကွယ်ခဲ့သည့် ဂရုဏာရှင်ကြီးလည်း ဖြစ်ပါ၏။ ကျွန်တော်သည် ဆင်ဖြူကန်သုဿာန် ဇရပ်ရှေ့က ထင်းပုံကြီး၏ မီးတောက်များက ဝါးမြိုလောင်ကျွမ်းနေသော အမြဲဝတ်ဆင်နေကျ ရှပ်အဖြူနှင့် ဘောင်းဘီရှည် နက်ပြာရောင်နှင့် ရှူးဖိနပ်ကို စမတ်ကျကျ ဝတ်ဆင်ထားသည့် ဆရာကြီးဒေါက်တာဘကြည်၏ ရုပ်ကလာပ်ကို ဇရပ်ဘေး တမာပင်လေးအောက်က ငေးကြည့်နေမိသည်။ ထင်းပုံကြီး ပေါ်က မီးလျှံများနှင့် တလူလူမီးခိုးလုံးများတွင် ခပေါင်းစီးကရက်ခဲကာ ကျွန်တော့ ဒေးဗစ်ချမ်း ဦးထုပ်လေး ဆောင်းထားပြီး မင်းရည်ရွယ်ချက်ရှိရှိ လုပ်ချင်ရင် ငါ့ကိုကြိုပြောထား ငါ ကာကွယ်မယ်ဟု ပြောနေသည့် ရွှေဘို အနောက်လက် အာရှလူငယ် အတွင်းရေးမှူး ဖက်ဆစ် တော်လှန်ရေးသမား သင်္ချာပညာရှင်ကြီး ဒေါက်တာဘကြည် ၏ ပုံရိပ်ကို မျက်ရည်ကြားက မပျောက်တမ်း မြင်တွေ့နေတာ မှတ်မိပါသေးသည်။
ဆူးငှက်
