ဇေယျာသီရိမြို့နယ်မှာ ယာဥ် သုံးစီး ဆင့်တိုက်မှုဖြစ်ပြီး ၁၆ ယောက် ဒဏ်ရာရ



မေ ၁၂ – ၂၀၂၆
SS (VOM)

နေပြည်တော် ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်မှာ ဒီကနေ့ မေ ၁၂ ရက်၊ မနက်ပိုင်းက ယာဥ် သုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတယောက်က ပြောပါတယ်။

အဲဒီဖြစ်စဉ်ဟာ ဇေယျာသီရိမြို့နယ်၊ ရန်ကုန် – မန္တလေးလမ်းဟောင်း၊ နန်းသြရွာရှေ့မှာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား နှစ်ယောက်၊ အမျိုးသမီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

“လိုက်ထရပ်၊ ဖောကားနဲ့ ဟိုက်ဂျက် သုံးစီးဆင့်တိုက်တာ။ အမျိုးသားနှစ်ယောက်က ခြေကျိုးဒဏ်ရာရတယ်။ အမျိုးသမီးတွေကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတာ။ ဒဏ်ရာရတဲ့သူတွေက ဟိုက်ဂျက်ပေါ်ကလူတွေ။ စိုးရိမ်ရတဲ့သူတော့ မရှိဘူး” လို့ ကရုဏာရှင် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာ ဒဏ်ရာရရှိသူတွေကို ဥတ္တရသီရိမြို့နယ်ရှိ ပြည်သူ့ဆေးရုံ ခုတင် (၁၀၀၀) နဲ့ ပုဗ္ဗသီရိမြို့နယ်ရှိ ပြည်သူဆေးရုံ ခုတင် (၃၀၀) ကို ပို့ဆောင်ထားတယ်လို့ သူက ပြောပါတယ်။

​မေလ ၂ရက်​နေကလည်း ဥတ္တရသီရိမြို့နယ် ​တောင်ညိုလမ်းမှာ ဝါးခုတ်ပြန်လာတဲ့ကား​မှောက်လို့ ၁၇ ​ယောက်​​သေဆုံးပြီး ၃၁ ​ယောက် ဒါဏ်ရာရခဲ့ပါ​သေးတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ အခု ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကနေ မေလအထိ သုံးလတာကာလအတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၈၈၈ မှု ဖြစ်ပွားခဲ့ပြီး ၄၈၆ ယောက် သေဆုံးခဲ့ကာ ၁,၂၀၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

သုံးလတာကာလအတွင်း ရန်ကုန်တိုင်းက ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၁၉၉ မှု ရှိခဲ့ကာ ၉၆ ယောက် သေဆုံးပြီး ၂၇၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒုတိယအများဆုံးကတော့ ဧရာဝတီတိုင်းဖြစ်ပြီး ယာဉ်မတော်တဆမှုဖြစ်စဉ် ၁၃၅ ခုမှာ ၆၄ ယောက် သေဆုံးခဲ့ကာ ၁၉၁ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ကာလတူအတွင်း မြန်မာနိုင်ငံတဝန်း ယာဉ်မတော်တဆမှုပေါင်း ၈၅၆ မှုဖြစ်ပွားခဲ့ပြီး ၄၅၃ ယောက် သေဆုံးခဲ့ကာ ၁,၂၆၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – ကရုဏာရှင် လူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW