မေ ၁၁ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ်အမျိုးသားနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။
ဒီကနေ့ မေ ၁၁ ရက် ၊ နေ့လယ် ၂ နာရီလောက်မှာ ကန်နီရေကန်အတွင်းကို လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” သေဆုံးတဲ့ကလေးတွေက အောင်ချမ်းသာ နံ့သာကုန်းကပါ ။ အသက် ၂၀ အောက်ကလေးလေးတွေပါ ။ ရေဆင်းကူးရာကနေ နစ်တာသိရတယ်။ ရေကန်က မြေတွေတူးဖော်ထားတော့ မြေတူးထားတဲ့နေရာတွေဆိုတော်တော်နက်တယ်။ ရေစီးလည်းမသန်ဘူး ။ ကလေးတွေအလောင်းကို ရေအနက်အောက်ထဲမှာပဲရှာတွေ့တာ ။ရေနစ်ပြီး တနာရီကျော်အကြာမှာ အလောင်း ရပါတယ်။ ” လို့ ဖြစ်စဥ်သိရှိသူ ဒေသခံက ပြောပါတယ်။
ရေနစ်သေဆုံးတဲ့ လူငယ် အမျိုးသားနှစ်ယောက်မှာ တယောက်က အသက် ၁၅ နှစ်အရွယ် ကောင်လေး ၊ နောက်တယောက်က ၁၇ နှစ်အရွယ်ကောင်လေးဖြစ်ပြီး နေ့လယ် ၃ နာရီ ခွဲလောက်မှာ ရုပ်အလောင်းတွေကို ရှာတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ရုပ်အလောင်းတွေကိုတော့ သန်လျင်ဆေးရုံကြီးရဲ့ ရင်ခွဲရုံကို ပို့ဆောင်ထားကြောင်းနဲ့ ရှာဖွေကယ်ဆယ်ရေးကို သန်လျင်ခရိုင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဥ်(191)(၁)စီး၊ သန်လျင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်တွေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်၊ ပရဟိတအသင်းအဖွဲ့ နဲ့ ဒေသခံတွေ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – မီးသတ်
