သူတို့အိမ် အခန်း (၁၀၉)

ဆူးငှက်

 

 

အချစ်လားဟေ့ ဝင်ခဲ့လေကွယ် နာမည်ကြီးလိုက်ပုံ
——————————————————–

တတိယနှစ် ကျောင်းပိတ်လို့ပြန်လာတော့ အီကိုကျောင်းသား သန်းလွင်က ရန်ကုန် တက္ကသိုလ် အသိုင်းအဝန်း မှာ ထုတ်ဝေသော ကဗျာစာအုပ်လေးတွေပါလာသည်။ ကျွန်တော်က ထိုစာအုပ်လေးတွေကိုကြည့်ပြီး အားကျနေသည်။ ဒီမှာက လှုပ်လို့ကို မရ။ အထူးသဖြင့် တောကျောင်းဘုန်းကြီး၏ ကဗျာတွေကို ကြိုက်လှသည်။ ပေါ့ပေါ့ပါးပါးနှင့် ခိုက်လှသည်။ တောကျောင်းဘုန်းကြီး ဆိုတာ ရန်ကုန်တက္ကသိုလ်က စီနီယာကြီးတဲ့။ မနှစ်က (၁၉၇၇ ခုနှစ်) မှာ ကျောင်းပြီးသွားပြီတဲ့။ သူက အခု မင်းလူ ဆိုတဲ့ ကလောင်နာမည်နဲ့ မဂ္ဂဇင်းတွေထဲမှာ ကဗျာတွေ စာတွေ ရေးနေပြီတဲ့။ သန်းလွင်က ပြောပြတော့ မင်းလူကို ကျွန်တော် ဖတ်ဖူးတာပေါ့။ သူ့ရဲ့ ပန်းကျောင်း ဝတ္ထုက နာမည်ကြီးပဲလေ။ ၁၉၇၇ ကတည်းက ထွက်တာ။ သန်းလွင်ကတော့ လတ်တလောထွက်ထားသော မင်းလူ၏ “အချစ်လားဟေ့ ဝင်ခဲ့လေကွယ်” ကိုပဲ တသသ ဖြစ်နေသည်။

ဖြစ်လည်း ဖြစ်လောက်စရာပဲလေ။ စာဖတ်နာသူအဖို့ ဆရာကြီးရွှေဥဒေါင်း မြန်မာမှုပြုခဲ့သည့် စုံထောက် မောင်စံရှား ဝတ္ထုများကို မဖတ်ဖူးသူ၊ ဖတ်ပြီး မစွဲလမ်းသူ ဟူသည် ရှိမည် မထင်ပေ။ ထို စုံထောက် မောင်စံရှား ဝတ္ထုများတွင် မောင်စံရှား၏ စုံထောက်ဉာဏ်နှင့် ပတ်သက်၍ သူ့ရုံးခန်းက ပိတ်ထားသော တံခါးခေါက်သံနှင့်ပင် လူမမြင်ရဘဲ ယောထိုးလျက်က (သိုမဟုတ်) ဆေးတံသောက်လျက်က (သို့မဟုတ်) သတင်းစာ ဖတ်လျက်က “ ဘယ်သူ မဟုတ်လားကွယ့်၊ ဝင်ခဲ့လေကွယ်” ဟု ဒက်ထိ ပြောနိုင်ပုံက အလွန်ထိမိလှသည်။ ထိုစကားလုံးကလည်း လူတိုင်းနှုတ်ဖျား တွင်သွားစေခဲ့သည်။ ဒါကို မင်းလူ က သရော်ဓာတ်ခံလည်းရှိ၊ အနုပညာအားလည်း ကောင်းတော့ “အချစ်လားဟေ့၊ ဝင်ခဲ့လေကွယ်” ဟု ဆိုတော့ ပညာတတ် တက္ကသိုလ် အသိုင်းအဝန်းတွင် သာမက စာဖတ်ပရိသတ် အားလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။

အချစ်လားဟေ့၊ ဝင်ခဲ့လေကွယ်
————————————–

သော့ခတ်ထားတဲ့ သံမဏိ တံခါးကို
လာခေါက်တယ်။
သွယ်လျတဲ့ လက်ချောင်း ကလေးတွေရှိတဲ့
ပန်းနုရောင် လက်သည်း ကလေးတွေရှိတဲ့
ရွှေဝါရောင် မွေးညင်း ကလေးတွေရှိတဲ့
လက်ကလေးမှန်း
ဒီကလည်း သိလိုက်ပါရဲ့။
သွေးတွေကို ခဲသွားစေတဲ့
ဦးနှောက်တွေကို ဆူဝေလာစေတဲ့
ခြေဖျားလက်ဖျားတွေကို အအေးမိစေတဲ့
နှလုံးသားကို ချွေးစို့လာစေတဲ့ သူဟာ‘
‘မင်း’ ရယ် ‘အမုန်း’ ရယ်
နှစ်ယောက်ပဲရှိတယ်။
ခု…
‘အမုန်း’ ဟာ ခရီးလွန်နေတယ် ဆိုတော့
တံခါးကို လာခေါက်တဲ့သူဟာ
မင်းပဲဖြစ်ရမယ်ဆိုတာ ဒီကလည်း သိလိုက်ပါရဲ့။
‘အချစ်လားဟေ့… ဝင်ခဲ့လေကွယ်’ ။ ။

ကဗျာစာအုပ် ထုတ်ရအောင်
——————————-

သန်းလွင်က ထိုကဗျာမျိုး စပ်စေချင်သည်။ ကျွန်တော်ကတော့ မစပ်တတ်။ အဲ့လောက် သင်္ခနုပ္ပတ္တိဉာဏ် မထက်။ ထို့ကြောင့် အသည်းကွဲသည်ဟု ကိုယ့်ကိုယ် သတ်မှတ်ခဲ့သည့် ထိုနေ့ (၁၉၇၇ခုနှစ် ၊ နိုဝင်ဘာလ ၂၈ရက်) ညက ရေးစပ်ခဲ့သည့် ကဗျာကို ပြလိုက်သည်။ “အေး.. ကောင်းသားပဲကွ၊ မင်းနောက်ထပ် ထပ်စပ်လိုက်ဦး၊ ငါလည်း ရန်ကုန်ကတည်းက စပ်ထားတာတွေ ပြမယ်ဟု ဆိုကာ ရုံးခန်းစဖွင့် ဖြစ်တော့သည်။ သူတို့ ဥယျာဉ်တန်းအိမ်နောက်က သန်းလွင် အိပ်သည့် အခန်းလေးက ရုံခန်းပဲပေါ့။ ထိုစဉ်ကာလ ကျွန်တော်တို့ စုဖြစ်ကြသူတွေထဲမှာ ကဗျာစာအုပ်ထုတ်မည့် အပေါ် စိတ်ဝင်စားသူက ပြောခဲ့သလိုပါပဲ သန်းလွင်၊ ကျွန်တော်၊ ကျော်ရွှေ နှင့် ကိုမောင်မြင့် ပဲ ရှိသည်။ သူတို့ကလည်း မထင်မှတ်ဘဲ ကဗျာတွေ ထွက်လာသည်။

ကိုင်း.. ကဗျာ ဆရာများ ကလောင်နာမည် စဉ်းစားကြစို့ိုဆိုတော့ ကျွန်တော်က မုံရွာစာပေပြိုင်ပွဲ ကတည်းက ယူထားသော ကလောင်နာမည်ရှိသည်။ “နေဆန်းသစ်” တဲ့။ ထိုနာမည်ကို ဆက်ယူသည်။ သည်နေရာတွင် အကြောင်းသင့်၍ ထိုကလောင်နာမည် ဟူဖြစ်တာ ပြောပါရစေ။ ကျွန်တော် စာဖတ်ဝါသနာပါသည်။ နောက်တော့ အစ်ကိုများနှင့် စာပေစကားဝိုင်းဖွဲ့ကြရင်း စာရေးုချင်လာသည်။ အတိုအစလေးတွေ ရေးဖြစ်ပါသည်။ သို့သော် ၁၀တန်းတုန်းက နံရံကပ်စာစောင်အတွက်ပဲ ပို့ဖူးသည်။ တခြားမပို့ဖြစ်။ (ချွင်းချက်အနေနှင့် ၈တန်းလောက်က ဘာမသိ ညာမသိနှင့် ဟံသာဝတီ သတင်းစာ ခေါင်းကြီးအတွက် ဆိုကာ ထိုစဉ်က ငြင်းခုန်လေ့ရှိသော အကြောင်းအရာဖြစ်သည့် မူက အဓိကလား၊ လူက အဓိကလား ခေါင်းစဉ်ဖြင့် စာတိုက်က ပို့ဖူးသည်။ ကလောင်နာမည် လည်း ပါခဲ့ပုံမရ။ သတင်းစာခေါင်းကြီးဆိုသည်မှာ သက်ဆိုင်ရာ သတင်းစာ၏ အယ်ဒီတာချုပ် (သို့မဟုတ်) အယ်ဒီတာချုပ်က တာဝန်ပေးသည့် ဝါရင့် အယ်ဒီတာ အဖွဲ့ဝင် တစ်ဦးက ရေးရသည် ဟူသည်လည်း မသိခဲ့ပေ)။

သစ်ချင်သော ခေတ်
—————————–

ထိုစဉ်ကာလ ကလောင်နာမည် ရွေးကြလျှင် “သစ်” ဟူသော စကားလုံးက ခေတ်စားလှသည်။ ထို့ကြောင့် “သစ်” ကို မဖြစ်မနေထည့်သည်။ “နေ” ကတော့ အင်အားကြီးခြင်း၊ အလင်းရောင်နှင့် အမှောင်ခွင်းခြင်းသဘော၊ “ဆန်း” ကတော့ နာမည်ရင်း ကျော်ဆန်းထဲက တစ်လုံးပေါ့။ ထို့ကြောင့်နေဆန်းသစ် ဟု ကလောင်နာမည်ပေးခဲ့သည်။ နဂိုကတော့ မဂ္ဂဇင်းတွေထဲ ဝင်တိုးပြီး စာမူတွေ ပို့မယ်ပေါ့။ ထိုစဉ်မှာပဲ နေမင်းပိုင်စိုး၏ “နေရောင်ခြည်နှင့် တွေ့ဆုံခြင်း” လက်ရေးကဗျာစာအုပ် အမှာစာမှာ “ ကမ္မ၊ ထင်ရှားကျော်ကြားမှုနဲ့ ပုံနှိပ်စာလုံးအဖြစ် ဖော်ပြခံရမှုကို ဦးတည်ပြီး ကဗျာကို သေးသိမ်စွာ တွက်ချက်နေသူတွေကိုတော့ ကျွန်တော်တို့က ရယ်မောပစ်လေ့ရှိပါတယ်။ ကဗျာရဲ့ အဓိပ္ပာယ်ဟာ ဒီ့ထက်ပိုမို ကျယ်ဝန်းခဲ့ပါပြီ။ ဘဝရဲ့ ဝေဒနာကို အနက်ရှိုင်းဆုံးဟု ဖော်နိုင်တဲ့ ကဗျာဆရာသာ သမိုင်းရဲ့ စာမျက်နှာပေါ်မှာ လှပစွာ ကျန်ရှိနေပေလိမ့်မယ်” ဟူသော စာသားကို မှင်နီတားပြီး သဘောကျခဲ့သည်။

ထို့ကြောင့် မဂ္ဂဇင်းသို့ စာမူပို့ဖို့ဟူသည်ကို စွန့်လွှတ်ပြီး ကဗျာဖြစ်စေ၊ ဆောင်းပါဒဖြစ်စေ၊ ဝတ္ထုဖြစ်စေ ရေးချင်စိတ်ရှိလျှင် ရေးသည်။ ပြီးတော့ အချင်းချင်း ပေးဖတ်သည်။ ဝေဖန်သည်။ ထို့နောက် ဖိုင်ထဲ ထည့်လိုက်တော့သည်။ ဒါပါပဲလေ။ သည်တော့ ကလောင်အမည်က အရေးမပါတော့။ သို့သော် လူ့စိတ်ဆိုသည်ကလည်း အခက်သား။ မုံရွာစာဆိုတော်နေ့က ပြိုင်ပွဲအတွက် စာမူတွေခေါ်သည့် လက်ကမ်းစာစောင်တွေ့ပြန်တော့ အစွမ်းပြချင်ပြန်သည်။ “ငါကွ” ဟူသော အတ္တစိတ်ပေါ့။ ထို့ကြောင့် ဝင်ပြိုင် ဖြစ်သည်။ ထိုအခါ ကလောင်နာမည် လိုလာလို့ “နေဆန်းသစ်” လိုက်ရသည်။

သူငယ်ချင်းတွေနှင့် ကဗျာစာအုပ် ထုတ်မယ်ဆိုတော့ ကိုယ်က “နေဆန်းသစ်” ပြီးသားမို့ ထူးထူးထွေထွေ မရှာတော့။ ကျော်ရွှေက “စန်းလှကျော်” တဲ့။ ကိုမောင်မြင့် က “နှောင်း” တဲ့။ ကိုယ့်လူ သန်းလွင်ကတော့ “အဝေးရောက်မင်း” တဲ့။ ဟ.. သူငယ်ချင်းရ အဝေးရောက်မင်း ဆိုတာ ရှိပြီးသားလေ။ ဒို့ အထက်တန်းတုန်းက သင်ရတဲ့ ကဗျာစာအုပ်ထဲမှာတောင် ပါတယ် ဆိုတာလည်း ပြောမရ။ သူငယ်ချင်းတွေထဲမှာ သူတစ်ယောက်တည်း ရန်ကုန် အဝေးကို ရောက်သွားလို့တဲ့။ ကဲ ဒီလိုနဲ့ ကဗျာတွေ စုလိုက်တာ ၄ယောက်ပေါင်း နည်းနည်းနောနောလား။ အားလုံလိုလိုက အသည်းကွဲ ကဗျာတွေချည်း ဖြစ်သည်။ ဒီတော့ စာအုပ်နာမည်ကို “ရှိုက်” ဟု တစ်လုံးထဲ ပေးလိုက်ကြသည်။ ကျွန်တော်က စာအုပ်နာမည်ကို သရုပ်ဖော်တဲ့ ကဗျာတစ်ပုဒ်က အဖွင့်မှာ ပါရမှာကွ။ အဲ့ဒါစပ်ကြဦးဆိုတော့ ကျန်သုံးယောက်က မင်းပဲ စပ်လိုက်ကွာ ဟု ကျွန်တော့် ကိုတာဝန်ပေးသည်။ သည်တော့ ကျွန်တော်လည်း သည်လို “ရှိုက်” လိုက်ရတော့သည်။

ရှိုက်
————————————–
နေထွက်ရင်ကော၊ လ ထွက်ရင်ကော
လူမသိအောင် ငိုလို့ရှိုက်၊
အမြဲငေးမော၊ အသည်းလေးမော
ဒို့ရင်ထဲမှာ တလှိုက်လှိုက်၊
အရိပ်မဲ့ အစိမ်းမဲ့ အိုအေစစ်မဲ့
အဝါရောင် မာယာကန္တာရရဲ့
ဝင်္ကဘာမှာ အဖော်မပါတော့
မျက်စေ့လည် လမ်းပျောက်ရလို့ပေါ့။
ကောင်းပြီ။ စာအုပ်မျက်နှာဖုံးကို ဘယ်လိုလုပ်ကြမလဲဟု ခေါင်းချင်းဆိုင်ကြပြန်သည်။ ထိုစဉ်က ကိုမောင်မြင့်မှာ ဦးတာရဲဈေး (ယခု ပြည်ကျော်ဈေး) ထိပ်က အောင်မင်္ဂလာပုံနှိပ်တိုက်မှာ စက်ဆရာ တာဝန်ထမ်းနေသည်။ သူက ပုံနှိပ်တိုက်သို့ လာသော ပန်းချီဆရာ တစ်ဦးဦးကို အကူအညီတောင်းမည်ဟု ပြောသည်။ ဘယ်လိုပုံ ဆွဲခိုင်းရမလဲကိုသာ ပြောပါဟု ဆိုသည်။

 

အနီ အစိမ်းနှင့် “ရှိုက်”
—————————–

သည်တွင် ကျွန်တော်က ဒီတစ်ညတော့ စောင့်ပါ။ ကျွန်တော် မေးမြန်းကြည့်ပါဦးမယ်ဟု ပြောပြီး ညရောက်တော့ စာအုပ်အချိုးနှင့် အကိုက် “ရှိုက်” ဟူသော စာလုံးလည်းပါသည့် မျက်နှာဖုံဒီဇိုင်းကို ကိုယ်တိုင်ဆွဲကာ အရောင်ညွှန်းသည်။ အရောင်က ဆန့်ကျင်ဘက် အရောင်၂ရောင်ဖြစ်သည့် အစိမ်းရောင်နှင့် အနီရောင်ကို ညွှန်းလိုက် သည်။ ကလောင် နာမည်တွေကိုတော့ ခဲစာလုံးစီကာ ရွှေဖောင်းသည်။ ဤသို့ဖြင့်စာအုပ်လေးကို အတွင်းစာသားများ အတွက် ဖရောင်းစက္ကူတွင် ရေးကာ ၃၃လမ်းက ကယ်လီဘုရားကျောင်းအနီးရှိ ရတနာ စာရိုက်စာကူးတွင် အပ်လိုက် သည်။ ဖယောင်းလက်ရေးကိုလည်း ကျွန်တော်ပဲ ရေးလိုက်၏။

အဖုံးဒီဇိုင်းကိုတော့ သူငယ်ချင်းကြီး ကိုမြင့်အောင်က မြို့မဘလောက်မို့ သူကပဲ ဘလောက်ပြုလုပ်ပေးကာ ၃၃လမ်းကပဲ ရွှေလမင်းပုံနှိပ်တိုက်မှာအပ်သည်။ သြော်..အရေးကြီးတာ ပြောရဦးမည်။ ရတနာစာရိုက်စာကူးမှာ အတွင်းစာ ဖယောင်းလှိမ့် အပ်သောအခါ နိုင်ငဲရေးကင်းရှင်းကြောင်းနှင့် ကန့်ကွက်ရန် မရှိပါကြောင်း ရပ်ကွက် ပြည်သူ့ကောင်စီ၏ ထောက်ခံချက်လိုသည် ဆိုတော့ အတော် အခက်တွေ့ သွားသေး၏။ နောက်တော့ သန်းလွင်က သူ့ရပ်ကွက်ဖြစ်သော ပြည်ကြီးပျော်ဘွယ် အရှေ့ရပ်ကွက် ပြည်သူ့ကောင်စီ၏ ထောက်ခံချက် ရယူနိုင်ခဲ့သည်။

ခရီးသွားဟန်လွဲ ကူညီသည်။
——————————

စာအုပ်အတွက် စက္ကူဖိုး အတွင်းရိုက်ခ အဖုံးရိုက်ခ အထွေထွေအတွက် ကျွန်တော်တို့ကို အစ်ကိုကြီး တစ်ယောက်လို စောင့်ရှောက်သော လုပ်သားဆိုင်စာရေးကြီး ကိုဌေးအောင်က ငွေ၁၀၀ ထုတ်ပေးသည်။ ထို့နောက် သူငယ်ချင်း ကံစိန်၏ စတိုင်ပင် ၇၅ကျပ်ကို ခဏချေးသည်။ ဒီ၂ယောက်၏ အထောက်အပံ့က အမာခံဖြစ်၏။ စာအုပ်တွင် စာအုပ်သမိုင်း ထည့်သောအခါ ဤစာအုပ်ဖြစ်မြောက်ရေးအတွက် ကိုဌေးအောင်(လုပ်သား)နှင့် ကိုကံစိန် (ရူပ)တို့က ခရီးသွားဟန်လွဲ ကူညီသည် ဟု ပါရှိသဖြင့် ကိုဌေးအောင်က ကျွန်တော်တို့ကို ငါ့မှာဖြင့် မင်းတို့ လုပ်ဖြစ်အောင် လုပ်ကြ ဆိုပြီး ပိုက်ဆံ ထုတ်ပေးလိုက်ရတာ၊ ပြီးတော့ ခရီးသွားဟန်လွဲ ကူညီသည် တဲ့ ဟု နောက်ပြောင်သည်။

ကိုင်း.. စာအုပ်လေးက သပ်သပ်ရပ်ရပ်လေးဖြစ်သွားပါပြီ။ အုပ်၁၀၀ရိုက်တာ အရင်းက တစ်အုပ် ၂ကျပ် ကျော်ကျော် လောက် ကျသည်။ ဒါတောင် ဘလောက်ကို ကိုမြင့်အောင်က အလကားလုပ်ပေးလို့။ ထို့ကြောင့် တစ်အုပ် ၃ကျပ်နှင့် အမျိုးတွေ တစ်အိမ်တစ်အုပ် မယူမနေရ ရောင်းသည်။ သည်တော့မှ ကျွန်တော်ရေးသည့် ကဗျာထဲက “စစ်ကိုင်းတံတားရဲ့ သတ္တမဂုံးဘေးမှာ ဇေယျာမန်း ကားကြိတ်လို့ ကဗျာဆရာသေသွားပြီတဲ့” ဟူသော စာသားကို အိမ်ကတွေ့သွားပြီး အမေက ဘယ်နှယ်တော် နိမိတ်မရှိနမာမရှိ ပေါက်ကရတွေ ဟု တဗြစ်တောက်တောက်ပြောကာ စိတ်ဆိုးတော့သည်။

ကျောင်းမှာလည်း သူငယ်ချင်တွေကို ရောင်းတော့ ငြင်းသူက များသည်။ ဒါနဲ့ နောက်ထပ်ဗျူဟာအနေနှင့် သူငယ်ချင်း တွေထံ ပိုက်ဆံ ၃ကျပ်လောက် အရင်ချေးမည်။ ဒါဆို ဘယ်သူမဆို ထုတ်ပေးမှာပဲ ထိုအခါမှ စာအုပ်ကို ထိုးပေး လိုက်မည်ပေါ့။ ဤသို့ ပြုလုပ်သောအခါ သူငယ်ချင်းအများစုက စာအုပ်မြင်လိုက်တာနှင့် သစ္ဆေ သူရဲမြင်လိုက်သည့် အလား မျက်လုံးမျက်ဆံပြူးကာ ဟာကွာ၊ အဲ့ဒီပိုက်ဆံ ၃ကျပ်ယူလိုက်ပါ၊ စာအုပ်တော့ မယူပါရစေနဲ့ဟု တွန်းထိုး ဖယ်ရှားကြတော့သည်။ ဤသို့ဖြင့် “ရှိုက်” က အောင်မြင်ခဲ့ပါ၏။ သူငယ်ချင်းကံစိန်၏ စတိုင်ပင် ၇၅ကျပ်ကို ပြန်ပေးရမည့် အချိန်မှာတော့ တကယ် “ရှိုက်” ကြရတာပေါ့။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW