သူတို့အိမ် အခန်း (၁၀၆)

ဆူးငှက်
တက္ကသိုလ်မှာ စာပေနှင့် ဝေး
———————————–
ကျွန်တော်တို့ မန္တလေးတက္ကသိုလ်တွင် ဘူမိဗေဒက ကျောက်ရိုင်းနံရံကပ်စာစောင်ကို ပုံမှန်နီးနီး ဖွင့်လှစ်ကာ ရူပဗေဒ၊ မြန်မာစာ၊ သမိုင်းနှင့် အခြားဌာနများကလည်း နံရံကပ်စာစောင် ထုတ်လုပ်ခဲ့ဖူးကြသည်။ သင်္ချာဌာနကတော့ မရှိခဲ့ဖူးပါ။ ထို့အတူ ကျွန်တော်တို့ အတန်းက နီးစပ်သလောက်လည်း စာပေကို နင်လားငါလား ဝါသနာပါလှသူလည်း မတွေ့မိပါ။ (ကျွန်တော်တို့နှင့် တစ်မေဂျာတည်း၊ တစ်နှစ်တည်းတွင် ညနေပိုင်းသင်တန်းမှာ နောင်တွင် နာမည်ကျော် စာရေးဆရာမ နုနုရည် (အင်းဝ) ဖြစ်မည့် ကျောင်းသူရှိနေပါပြီ။ သို့သော် အတန်းမတူသောကြောင့် မရင်းနှီးခဲ့ရပေ)။
ကျောင်းက သူငယ်ချင်း များတွင်လည်း စာပေနှင့် ပတ်သက်၍ ရူးရူးသွပ်သွပ်မရှိဟု ထင်ရသော်လည်း လူငယ်ပီပီ အချစ်က ရိုက်ပုတ် ထိုးနှက်လိုက်လို့ ဒဏ်ရာလေးတွေ ကိုယ်စီရလာတော့ ဝေဒနာကို ကြေညာချင်သောအခါ ကိုယ်တွင်းအောင်း ငုတ်လျှိုးနေသော စာပေပိုးက ရွထလာကြတော့သည်။ ထိုအခါမှ သြော် သူတို့လည်း ငါ့လိုပါလားဟု သိရတော့၏။
ကားစီးကသိုဏ်းရှုခြင်း
—————————
ကျွန်တော်ကတော့ တက္ကသိုလ်ရောက်တော့ ကားစီးကသိုဏ်းရှုကို ကျောင်းဖွင့်ရက်တိုင်း ၁နှစ်ကျော် ၂နှစ်နီးပါး ကျင့်ကြံခဲ့သည်။ ၁၂နာရီလောက် ကျောင်းဆင်းလျှင် မြန်မာစာဌာန မြောက်ဘက် ထနောင်းပင်ကြီးတွေအောက် က အမှတ်၃ကားပြာဂိတ်မှာ စောင့်သည်။ သူတို့၄ယောက် ရောက်လာလို့ ထွက်မည့် ကားပေါ်တက်လျှင် ကျွန်တော်က လိုက်တက်သည်။ (သူတို့တက်လို့ ကားပေါ်နေရာရမှ ကျွန်တော်က သူတို့မမြင်ကွယ်ရာနေရာက ထွက်လာကာ ဘီးလှိမ့်လက်စ ကားနောက်ခုံပေါ် ပြေးတက်ရသည်။ သို့မဟုတ်ပါက သူတို့က ကားပေါ် ကျွန်တော့်ကို မြင်လျှင် နောက်ကားပြောင်းစီးတတ်သည်)။
အမှတ်၃ ကားပြာက ဈေးချိုရောက်လို့ သူတို့ ဆင်းသည့် မှတ်တိုင်မှာ ကျွန်တော်က လိုက်ဆင်းသည်။ များသောအားဖြင့် သူတို့က အလယ်ပေါက်မှတ်တိုင်မှာဆင်းကာ အလယ်ပေါက်ထဲဝင်ပြီး အိုင်ရုံ အရှေ့ဘက်တန်းကို ဖြတ်သည်။ ထို့နောက် တောင်မလွယ်ကနေ အယ်လ်ရုံထဲကနေ ၂၈လမ်းဘက် ထွက်ကြ၏။ ကျွန်တော်ကလည်း ထိုလမ်းကြောင်းအတိုင်း နောက်က ခပ်ခွာခွာလိုက်သည်။ တစ်ခါတရံ သူတို့က ကျွန်တော် လိုက်မှန်းသိလျှင် အိုင်ရုံထဲမှာဖြစ်စေ၊ အယ်လ်ရုံထဲမှာ ဖြစ်စေ၊ ဈေးယ်ရှုပ်ချိန် အခွင့်ကောင်းယူပြီး မျက်ခြည်ဖြတ် တတ်သည်။ ကျွန်တော်က ရှာမတွေ့လို့ တဝဲလည်လည်ဖြစ်ကာ နောက်ဆုံး ၂၈လမ်းဘက် ထွက်လိုက်တော့ ထွက်သွားသည့် ကားပေါ်က တာ့တာလုပ်၍ စပြောင်သွားကြသည်။ ကျွန်တော် လိုက်မမီတော့။
ထို့ကြောင့် နောက်ပိုင်း ရောက်တော့ အလယ်ပေါက်သူတို့ဆင်းတာနှင့် နောက်က နောက်ယောင် လိုက်ချင်ယောင် ဆောင်ပြီး ကျွန်တော်က ဦးအောင် မျက်ခြည်ဖြတ်ကာ ဈေးချို အောက်လိုင်းကနေ အယ်လ်ရုံအဆင်း ၂၈လမ်းထိပ် ကားဂိတ်သို့ ကြိုသွားနှင့်ပြီး ကုက္ကိုပင်ကြီးကို ကွယ်ပြီး စောင့်နေသည်။ သူတို့က ကျွန်တော် မပါတော့ဘူး ဆိုကာ အချင်းချင်းသဘောကျ ရယ်မောပြီး ကားပေါ်တက်ထိုင်ကြသည်။ ကားက ၂၈လမ်းအတိုင်း အနောက်ဘက်ဦးလှည့် ထွက်တော့မှ ကျွန်တော်က ကုက္ကိုပင် အကွယ်က ထွက်ကာ ဘီးလိမ်းလက်စ ကားနောက်ခုံပေါ် ပြေးတက်လိုက်မှ သူတို့ အံ့အားသင့်ပြီး ရယ်မော နောက်ပြောင်ကြသည်။ ထိုကားဂိတ်ကား မန္တလေး စစ်ကိုင်း ပြေးဆွဲသော ဇေယျာမန်းကားဂိတ် ဖြစ်ပါ၏။ ကျွန်တော်က ပထမနှစ် ဖရက်ရှာဝဲလ်ကမ်းနေ့မှာ တွေ့လိုက်ရသော ဇေယျာသူကို ကျိတ်ပိုးပိုးနေတာမို့ သူနှင့် သူ့သူငယ်ချင်းတွေ ကျောင်းက စစ်ကိုင်းပြန်တိုင်း အမှတ်၃ကားပြာနှင့် ဇေယျာမန်းကားကို သူတို့ပြန်တိုင်း လိုက်စီးပြီး ကသိုဏ်းရှ ုခြင်းဖြစ်သည်။
အမှတ်၃ကားပြာ၊ ဇေယျာမန်းနှင့် ဟုတ်ဟွာပေါက်စီ
——————————————————-
ထိုကဲ့သို့ ကားလိုက်စီးပြီး သူ့ကိုကြည့်သည်ကလွဲ၍ ဘာစာမှလည်းမပေး ဘာစကားမှလည်း မပြောဘဲ ကား၂ဆင့်စီးကာ စစ်ကိုင်းထလိုက်၊ စစ်ကိုင်း ဈေးရှေ့ မင်းလမ်းဂိတ်ဆုံးရောက်တော့ သူတို့က ဆင်း မြင်းလှည်း အသီးသီးနဲ့ အိမ်ပြန်သွာတာ ငေးကြည့်သည်။ မြင်းလှည်းက မင်းလမ်းအတိုင်း တောင်ရိုးသွားသည့် ၉ပေ တံတားပေါက် ရောက်လောက်မှ ဟုတ်ဝှာဆိုင်က လက်ဖက်ရည်တစ်ခွက်နှင့် ပေါက်စီစားပြီး မန္တလေးပြန်ထွက်မည့် ဇေယျာမန်းကားနှင့် ပြန်လိုက်ခဲ့သည်။ ဒီလိုက တစ်ရက်လည်းမဟုတ်။ နှစ် ကုန်လုတော့ သူငယ်ချင်းတွေက “မင်းဟာက ဒီလိုပဲ နောက်က တကောက်ကောက် လိုက်နေတော့မှာလား၊ ဖွင့်ပြောလေ၊ ဒါမှ အဖြူအမည်း သဲသဲကွဲကွဲ သိရမှာပေါ့” ဟု ပြောကာ တိုက်တွန်းကြသည်။ ထို့ပြင် သူတို့ အဖွဲ့ထဲက ခေတ်ဆန်ဆန် ခပ်ချောချောနှင့် ဈေးအနီး ဇေယျာလမ်းပေါ်နေသူ တစ်ယောက်ကလည်း “နင်က ပြောလေ..၊ ငါတို့ရှောင်ပေးမယ်၊ ဒါမှမဟုတ် မြင်းလှည်းနဲ့က တစ်ယောက်ထဲပြန်တာ၊ မြင်းလှည်းပေါ်တက်ပြီး အိမ်ထိလိုက်သွား၊ တောင်ရိုးဘက်က ကွက်သစ်မှာ နေတာ” ဟု မြှောက်ပေးပြန်သည်။
တစ်ခါ နွေဦးပေါက် ဆွယ်တာ ကျောက်စိမ်းရောင်ကြီးနှင့် ပူပူလောင်လောင် ဖြစ်နေသော ကျွန်တော့်ကို စပြောင် အလောင်းအစား လုပ်ဖို့ သူကပဲ စီစဉ်ခဲ့သူဖြစ်သည်။ ဟုတ်တာပဲလေ။ ကျွန်တော်ကတော့ ကိုယ်မြတ်နိုးတဲ့သူ နဘေးရှိနေရတာ၊ သူ့မျက်နှာလေး မြင်နေရတာ၊ သူ့အသံလေး ကြားနေရတာကိုပဲ ကျေနပ်နေသူလေ။ တယ်ပြီး လက်တွေ့မကျလှ၊ စိတ်ကူးယဉ် ဆန်လွန်းသူဖြစ်သည်။ သို့သော် တစ်ဖက် မိန်းကလေးအဖို့ ဘာမှလည်း မဖြစ်ဘဲ ဒီလိုကြီး တတွယ်တွယ်ဆိုတော့ အဆင်မပြေလှ။ ဘယ့်နှယ် တစ်ရက် တစ်ပတ်လည်း မဟုတ်၊ ၂နှစ် နီးပါးကြီးလေ။ ထိုသို့တွေးမိပြီး ကျွန်တော် ဖွင့်ပြောတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။ အခွင့်သင့်ရင် ပြောမယ်၊ အခွင့်မသင့်ရင် စာပေးမယ်။ ပိုပြီး အခြေအနေပေးလျှင် ပြောလည်းပြော စာလည်း ပေးမယ် ဟု တွေးကာ စာကို သေချာရေးသည်။ ပထမနှစ် ဖရက်ရှာဝဲလ်ကမ်း ပွဲအသွား တန်းစီကတည်းက မြင်မိပြီး ဘယ့်နှယ်ညာ့နှယ် စသည်ဖြင့်ပေါ့လေ။
လာပြန်ပြီ နောက်တစ်မျိုး
—————————–
ထိုသို့ စာလည်းရေးကာ စာအိတ်လှလှလေးထဲ သေချာထည့်ကာ ကျောင်းလွယ်အိတ်ထဲ ထည့်ထားသည်။ ကံများကောင်းချင်တော့ စာရေးပြီး နောက်ရက် ကျောင်းသွားတော့ အတန်းထဲမှာ သူတို့ အုပ်စုက အတန်းရှေ့ခုံ ထိုင်နေကျ ခုံတွေမှာ ရောက်နှင့်နေကြပြီ။ အခြားကျောင်းသူတွေ များများစားစား မရောက်ကြသေး။ အမရပူရက သစ်သစ်ဦး၊ ဆေးရုံကြီးရှေ့က လှလှဝင်း နှင့် ၂၇လမ်းက မဘေဘီတို့လောက် ရောက်ကြသေးသည်။ ကျောင်းသားထဲကလည်း မိတ္ထီလာ ကိုခင်မောင်စော၊ အိမ်တော်ရာ ကိုဝင်းအောင် နှင့် ဆေးကျောင်းနားက ကိုမောင်မောင်တာတို့လောက်ရှိသည်။ သူတို့ကလည်း ကျူတိုရီယယ်ကို ခေါင်းချင်းဆိုင်ကာ အဖြေကူးနေကြပုံပေါ်သည်။ ကျွန်တော်ကလည်း မနေ့ည စာရေးစဉ်ကတည်းက တက်ကြွနေသော စိတ်ကြောင့် မတုန့်မနှေးဘဲ အတန်းထဲဝင်သည်။ သူထိုင်နေသော နောက်က လွတ်နေသော ခုံမှာ ထိုင်သည်။ ကျွန်တော် ဝင်ထိုင်လိုက်သည်ကို သူ့သူငယ်ချင်း ခပ်သွက်သွက် ကျောင်းသူက သိလို့ သူ့ကို ပြောလိုက်ပုံ ရသည်။ ပြိးတော့ ကျွန်တော့်ကို လှည့်ကြည့်ပြီး “ငါတို့ ရှောင်ပေးရမလား” စ သည်။ ကျွန်တော်က ပြုံး၍ ခေါင်းရမ်းပြသည်။
ထိုအခါမှ ကျွန်တော့် ရှေ့တည့်တည့်မှာ ထိုင်နေသော သူက ခေါင်းလေးငဲ့ပြီး “ ဘာလဲ..” ဟု မေးသည်။ “ကျွန်တော် မ (- – – ) ဖတ်ဖို့ စာလေး တစ်စောင် ပေးချင်လို့ပါ။ ပြီးတော့ စကားလေးလည်း ပြောပါရစေ” ဟု လွယ်အိတ်ထဲက စာလေးကို ကိုင်ကာ ပြောတော့ သူက ညင်ညင်သာသာလေး ပြုံးပြီး “သြော်..၊ ဒါလား၊ မင်းကို အစောကြီးကတည်းက ပြောမလို့ါပဲ။ မင်းက ဘာမှ မပြောသေးလို့။ ဒို့ကို အိမ်က စေ့စပ်ထားတဲ့သူ ရှိပြီးသားပါ။ ဒို့ကလည်း လက်ခံထားပြီးပြီးလေ၊ ကျောင်းပြီးတာနဲ့ လက်ထပ်ကြမှာ” ဟု ရည်ရည်မွန်မွန် ပြန်ဖြေသည်။ ကျွန်တော် ဘာမှ မဖြစ်၊ တုန်လှုပ်တာတွေ ဘာတွေလည်း ဝတ္ထုတွေထဲကလို မဖြစ်၊ မောင်နှမနှစ်ယောက် စကားပြောဖြစ်ကြသလိုမို့ အေးဆေးတည်ငြိမ်စွာ “ဟုတ်လား၊ သူက ဘယ်ကလဲ” ဟု ပြန်မေးဖြစ်သည်။ “ ဒို့မြို့သားပါပဲ၊ အိမ်မှာ ဝင်ထွက်နေတာ၊ အခု အာရ်အိုင်တီမှာလေ” တဲ့။ ကျွန်တော်က “ ဆောရီးနော်၊ ဒါဆို ကျွန်တော် သွားလိုက်ဦးမယ်” ဟု ဆိုကာ ပြန်ခဲ့သည်။
ကျွန်တော့်မှာ တက္ကသိုလ်ရောက်သည်အထိ အငုံ့စိတ်ကရှိနေသည်။ ကျွန်တော့် အနေအထား ကျွန်တော့မိဘ အနေအထား၊ ကျွန်တော့အိမ်အခြေအနေနှင့် ဘယ်သူကမှ လက်ခံမှာ မဟုတ်ဟူသော အငုံ့စိတ်ဖြစ်သည်။ ကျွန်တော့် ကို တုန့်ပြန်လက်ခံဖို့ ဆိုလျှင် ဒီအရွယ်မှာ ဘယ်သူမှ ရူးရူးမိုက်မိုက်နှင့် ခေါင်းညိတ် လက်ခံကြမှာမဟုတ်။ စုံစမ်းကြမှာ သေချာသည်။ ထိုစုံစမ်းမှုမှာ ကျွန်တော့်ဖက်က ရမှတ်တွေက မရှိ။ ထို့ကြောင့် အရွယ်အရ မိန်းကလေး တစ်ယောက် အပေါ် မည်မျှပင် နင့်နေအောင် ချစ်မိပါစေ၊ စောစောက ပြောခဲ့သလိုပါပဲ၊ သူနဲ့ နီးနေရရင်၊ သူ့ကို မြင်နေရရင်၊ သူ့အသံကြားနေရရင် ကျေနပ်နေခြင်းဖြစ်သည်။ ထိုစိတ်က ၁၀တန်းအောင်မှ လက်တွေ့ကျစွာ သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။
ချစ်သည်ဆိုရုံမျှသာ
————————–
ထို့ကြောင့် ဘယ်လောက်ချစ်ခဲ့စေ၊ ကုန်ကုန်ပြောကြစို့ဆိုလျှင် စက်ဘီးတစ်စီးတည်း အတူစီး၊ မုန့်ဆိုင် အအေးဆိုင်မှာ နှစ်ယောက်အတူစား၊ စာအတူကြည့်ကြပြီး ဘယ်လောက် သိနားလည် သံယောဇဉ်တွယ်ပါစေ ထိုအငုံ့စိတ်ကြောင့် ဘယ်သူကိုဖြစ်စေ ဘယ်တော့မှ ဖွင့်မပြောရက်ခဲ့ခြင်း ဖြစ်သည်။ အခုလည်း သူငယ်ချင်းတွေ ပြောလွန်းလို့သာ လှုပ်ရှားလိုက်မိတာလေ၊ အဖြေက ကြိုသိနေုတာမို့ မတုန်လှုပ်ခြင်းဖြစ်သည်။ သို့သော် ဝမ်းနည်းမိ တာတော့ ဝန်ခံပါသည်။ ပြောကြစတမ်းဆိုလျှင် မင်းကလည်း တဖက်က မိန်းကလေးကွ၊ မင်းတစ်ခါပြေရုံနဲ့ ချက်ချင်း လက်ခံပါ့မလား၊ ဒီလိုပဲ ကျွန်မမှာ စေ့စပ်ပြီးသားရှိပါတယ်ရှင့်၊ ကျွန်မက စိတ်မဝင်စားသေးလို့ပါရှင့် ဆိုတာမျိုး ပြောကြသူတွေချည်းပါကွာ၊ မင်းက ထပ်ကြိုးစားမှပေါ့ဟု တိုက်တွန်းကြငြား ကျွန်တော်က ခေါင်းခါ ငြင်းပယ်မှာပဲ ဖြစ်သည်။ ကျွန်တော့်မှာ မိန်ကလေးတစ်ယောက်က တစ်သက်လုံး အားကိုးလောက်စရာ ဘာမှမှ မရှိတာ၊ ဒါက လက်တွေ့ကျသော အဖြေဖြစ်ပါသည်။ သို့သော် ပြောခဲ့သလိုပဲ၊ ဝမ်းတော့ နည်းတာပေါ့။ ထိုဝမ်းနည်းမှု၏ အသီးအပွင့်က ထိုည အိမ်ရောက်သည်နှင့် ကဗျာ တစ်ပုဒ် ရေးဖြစ်တော့သည်။
“မိုးသို့ မျှော်ကြည့်သော အခါ ၊ မျှော်လင့်ချက်များ ကျယ်ပြန့်လာ၏။ အမှောင်၌ အဖော်မပါသောအခါ ၊ လွမ်းကမ္ဘာလေး မွေးဖွား၏။” လို့အစချီပြီး ရေးခဲ့သည်။ “ကာဖီပြင်းပြင်းနဲ့၊ ညရဲ့အလင်းထိ၊ အဘိဓမ္မာ၊ ပင်စည်ပင်မ၊ ရသ အတင်းအဖျင်း၊ အပေါင်းအသင်းနဲ့ မပြောချင်သေးဘူး။” ဟုလည်း ငြီးတွားသည်။ “မပြောနဲ့ မပြောနဲ့၊ ပလယ်ဒီကယ်မတင်၊ ဒစ်ဖရင်ရှိတ်က ခပ်ခက်ခက်၊ သက်ရောက်မှုတိုင်းတွင်၊ ယင်းနှင့် ညီမျှသော တုံ့ပြန်မှု တစ်ခုစီရှိမည်၊ နျူတန်၏ ရွေ့လျားမှု သီအိုရီ နားမလည်သေးဘူး” ဟုလည်း ရင်ဖွင့်သည်။ “ ဂျိမ်းဆင်မဆင်ကို ခေါ်ပေးပါ၊ ဒါမှမဟုတ် အင်မနီးဆီးယား ရောဂါဖြစ်ပါစေ၊ ဝေဒနာအရပ် မျုက်ခြည်ဖြတ်ပေးပါ” ဟုလည်း တောင်းဆိုသည်။
“ကြောက်တယ်ကွယ် ကြောက်တယ်၊ ဝေ့လည်လည် မျက်လုံး၊ ပန်းနုရောင် အပြုံးကြွယ်ကြွယ်နဲ့၊ ရှင်ငရဲကြီးလိမ့်မယ်တဲ့” ဟုလည်း လှစ်ဟသည်။ ထို့နောက် “ ဘယ်မှာလဲ၊ ဘယ်မှာလဲ၊ စက်ရုံ မြို့ပြ၊ လမ်းမ ခန်းမဟာ၊ ဗိသုကာ အတတ်၊ ဘယ်မှာလဲ ဘယ်မှာလဲ၊ သဲပုံမှာ ဘိုအိမ်မဆောက်တတ်၊ နိုင်လွန်ဝေဖာနဲ့ တိုက်မတည်တတ် ..” ဟု အံကြိတ်သည်။ နောက်ဆုံတော့ “ ဒါပေမယ့် ဒါပေမယ့် စစ်ကိုင်းတံတားရဲ့ သတ္တမဂုံးဘေးမှာ၊ ဇေယျာမန်းကားကြိတ်လို့ ၊ ကဗျာဆရာ သေသွားပြီတဲ့” ဟု ပေါက်ကွဲခဲ့သည်။ ထိုကဗျာကို ကဗျာဆရာ၏ မပြီးဆုံးသေးသော တစ်ဝက်တပျက် သေတမ်းစာ ဟု အမည်ပေးခဲ့သည်။
ရေးဖြစ်ခဲ့ဖူးသောကဗျာတွေထဲက
—————————————-
ထို့အတူ သူငယ်ချင်းတွေထဲမှာလည်း သူ့ဝေဒနာနှင့် သူ ရှိကြမှာပေါ့။ ကျွန်တော်ကတော့ ကိုယ့် တက္ကသိုလ် အကြောင်း ကိုယ်သိလို့ ဝေဒနာကို စာအုပ်ထဲမှာပဲ ရေးထားပြီး စာနှင့်ပေနှင့် စာအုပ်နှင့် စာရွက်နှင့် မကြေညာရဲ၊ မဖြန့်ဝေရဲ။ သည်တစ်ခါ ဆရာကြီးဒေါက်တာဘကြည်ကလည်း ကယ်တော့မှာမဟုတ်။ ထို့ပြင် ကိုယ်က စာအုပ်အဖြစ်၊ စာရွက်စာစောင်အဖြစ် ထုတ်ချင် ဖြန့်ချင်တာက ကျွန်တော့် ဗလာစာအုပ်ထဲပဲ ရေးခဲ့ဖူးသော သည်လို ကဗျာမျိုး ဖြစ်သည်။
– ဧရာဝတီ၊ ရေကြည်ချမ်းမြ
မြစ်ကမ်းစမှာ၊ မြင်ရပြီလေ။
– သစ်စက်အိုရွဲ့၊ ချိနဲ့ယိမ်းထိုး
ပြိုလဲလုလု၊ ကျားကန်ခုထား၊
နှစ်များကြာပေါ့။ု
– ခေါင်းတိုင်မွဲညစ်၊ စစ်ဒဏ်သင့်လျက်
လက်နက်ကျည်ရာ၊ အုတ်ကွာ အက်ကြောင်း
သမိုင်းဟောင်း ပြောပြ။
– အုပ်စိုးသူ ဗြူရိုကရက်
သွေးစွန်းလက်ရဲ့
ရက်စက် ရိုင်းပျ၊ မိုးမှောင်ကျချိန်
ဦးနှိမ် ဒူးမထောက် ၊ မကြောက်တရား
လွှသံများက
“ထလော့၊ အငတ်ဘေးကျရောက်သူ တို့တတွေ၊
ထလော၊ ကမ္ဘာတဝှမ်းက ကျေးကျွန်တွေ” တဲ့
သီကြူးသည့်အလား ၊ မိုးဖျား တိမ်ယံ၊ ပြည်လုံး ညံခဲ့။
– ဧရာဝတီ ရေကြည် လွန့်လူး
ကမ်းနဖူးက လဲလုယိုင်ပြို
စက်ရုံအို၏ တေးဆိုမနား
လွှသံများနှင့် သက်ကြား အင်ဂျင်
အလျင်မပြတ် ၊ မရပ် စက်သံ
အံကြိတ်သံက
မိုးယံထိုးဖောက် ညံဆဲကို။ ။
ကျွန်တော်က ထိုသို့သော ကဗျာမျိုးတွေ ရေးသား ဖြန့်ဝေချင်သည်။ သို့သော် တကယ်တမ်း အကောင်အထည် ပေါ်ခဲ့တာက“ဒါပေမယ့် ဒါပေမယ့် စစ်ကိုင်းတံတားရဲ့ သတ္တမဂုံးဘေးမှာ၊ ဇေယျာမန်း ကားကြိတ်လို့ ၊ ကဗျာဆရာ သေသွားပြီတဲ့”ဟူသော ကဗျာမျိုး ဖြစ်ခဲ့ရသည်။ ထိုအချိန်က ရန်ကုန်တက္ကသိုလ် အသိုင်းအဝန်းမှာ ကဗျာစာအုပ်များ အတော်ခေတ်စားနေ၏။ အထူးသဖြင့် တောကျောင်းဘုန်းကြီး ၏ အချစ်လားဟေ့၊ ဝင်ခဲ့လေကွယ် ဟူသော ကဗျာက ဟုန်းဟုန်းထနေသည်။ တောကျောင်းဘုန်းကြီး ကဗျာများကလည်း လူငယ်များအကြား ရေပန်းစားလှသည်။
ကဗျာစာအုပ် ထုတ်ကြမယ်
————————-
ကျွန်တော့် သူငယ်ချင်း ဥယျာဉ်တန်းသား သန်းလွင်က ရန်ကုန်စီးပွားရေးတက္ကသိုလ်မှာ တက်သောကြောင့် သူက ထိုကဗျာများကို သဘောကျကာ တသသဖြစ်နေသည်။ ကျောင်းပိတ်လို့ ပြန်လာတော့ သူကပဲ စတင်ပြီး “ ဒို့လည်း ကဗျာစာအုပ် ထုတ်ရအောင်” ဟု မီးခတ်လိုက်တော့ နဂိုကမှ မီးတောက်ချင်နေသော ကျွန်တော်က မီးဟုန်းဟုန်း တောက်တော့၏။ သို့သော် အချစ်ကဗျာသန့်သန့်မှ ဖြစ်မှာ ဆိုတာ သဘောပေါက်ထားပါသည်။ ဒါနှင့် ညတိုင်းဆုံနေကျ သူငယ်ချင်းတွေ တိုင်ပင်လိုက်တော့ ငယ်ပေါင်းသူငယ်ချင်းများဖြစ်ကြသော သန်းလွင်၊ ကျွန်တော်၊ ကျော်ရွှေနှင့် သန်းလွင်သူငယ်ချင်းပေမယ့် ကျွန်တော်တို့နှင့် ငယ်ပေါင်းပမာ ရင်းနှီးနေသော ကိုမောင်မြင့်နှင့် ၄ဦးသား သဘောတူကြတာပေါ့။ ဟုတ်ပြီ လုပ်ကြမယ်လေ။
ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW