မေ ၇ – ၂၀၂၆
SS (VOM)
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အတွင်းက မသုန်ကျေးရွာအနီးရှိ အစိုးရတပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ – ၁၆) ကို AA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကပစ – ၁၆ ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ပွိုင့် – ၆၆၆ စခန်းကုန်းကို AA တပ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း သိမ်းပိုက်ခဲ့ပြီးနောက် ပန်းတောင်းနယ် (အောက်ပိုင်း) ကို တိုက်ပွဲတွေ ချဲ့ထွင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကပစ – ၁၆ နားက မသုန်ရွာနဲ့ ပွိုင့် – ၆၆၆ စခန်းကုန်းကြားမှာ တိုက်ပွဲတွေဖြစ်နေတာ။ AA ပူးပေါင်းတပ်တွေက ဝိုင်းရံပိတ်ဆို့ပြီး တိုက်နေတဲ့ အနေအထားပါ။ AA က ပွိုင့် – ၆၆၆ ကို ရပြီးပြီဆိုတော့ နောက်ထပ် ပွိုင့် – ၅၀၆ ကာကင်းကိုရဖို့ ထိုးစစ်ဆင်နေတာ။ အစိုးရတပ်ဘက်ကလည်း စစ်အင်အားတွေ အဆက်မပြတ်ဖြည့်ပြီး အပြင်းအထန် ခုခံနေတယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
ကပစ – ၁၆ ဟာ လက်နက်ခဲယမ်း ထုတ်လုပ်မှုတွေအတွက် အရေးပါတဲ့စက်ရုံ ဖြစ်တာကြောင့် လက်ရှိမှာ အစိုးရတပ်တွေဟာ စက်ရုံ မပေးရရေးအတွက် ပွိုင့် ၅၀၆ ၊ ပွိုင့် ၅၃၅ နဲ့ ပွိုင့် ၂၆၈ ကာကင်းစခန်းတွေမှာ အခိုင်အမာတပ်စွဲပြီး ခုခံနေတယ်လို့ သူက ပြောပါတယ်။
“AA တပ်တွေက စက်ရုံအနီး ၅ မိုင်ကနေ ၃ မိုင် အကွာလောက်အထိ ချဉ်းကပ် နေရာယူထားနိုင်ပြီ။ အဲဒီစက်ရုံကိုသာ AA သိမ်းနိုင်ခဲ့မယ်ဆိုရင်တော့ အစိုးရတပ်အတွက် နစ်နာမှုက အများကြီး ဖြစ်သွားနိုင်တယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယမ်းထုတ်လုပ်မှု ရပ်ဆိုင်းသွားနိုင်တယ်” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကလည်း AA တပ်တွေက ကပစ – ၁၆ ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် စက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လုပ်ငန်းလည်ပတ်မှု ယာယီ ရပ်ဆိုင်းသွားခဲ့တယ်လို့ သိရပါတယ်။
AA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ပဲခူးတိုင်းအတွင်းမှာ ကပစစက်ရုံ ခုနစ်ရုံရှိပြီး ပြည်မြို့နယ်မှာ ကပစ – ၃ ၊ ၇ နဲ့ ၁၉ တို့ရှိကာ ဥသျှစ်ပင်မြို့မှာတော့ ကပစ – ၅ ၊ ၆ ၊ ၉ နဲ့ ၁၆ တို့ ရှိတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ AA ပူးပေါင်းတပ်တွေဟာ ကပစ – ၁၆ အပြင် ဥသျှစ်ပင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာအနီးရှိ ကပစ – ၆ စက်ရုံကိုပါ တပြိုင်တည်း ထိုးစစ်ဆင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
Photo – CJ
