ဆူးငှက်
သူငယ်ချင်းများနှင့် တစ်နွယ်ငင် တစ်စင်ပါ
———————————————–
တက္ကသိုလ်သို့ ရောက်ရှိသော်လည်း မူလတန်း အလယ်တန်း အထက်တန်းအထိ ကျောင်းအတူ တက်ခဲ့သူများလည်း ပါသောကြောင့် ကွန်တော်အချင်းချင်း မိသားစုမျာအထိ ရင်းနှီးကြသည်။ ထိုအခါ တက္ကသိုလ်ရောက်မှ ရင်းနှီးသူများ ကလည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို မိသားစုများနှင့်လည်း ရင်းနှီးကြသည်။ ထိုမျှမက သူငယ်ချင်းများ၏ သူငယ်ချင်းများနှင့်လည်း ရင်းနှီးလာကြသည်။ အလယ်တန်းကတည်းက ရင်းနှီးခဲ့သော ဥယျာဉ်တန်းသား သူငယ်ချင်း သန်းလွင်နှင့် သူ့အိမ်ကိုယ့်အိမ် သူ့အိပ်ရာ ကိုယ့်အိပ်ရာ အချိန်မရွေး ဝင်ထွက်နေရာ သူ့သူငယ်ချင်း ချမ်းသာရ ထုံးကုန်းသား မောင်မြင့်နှင့်လည်း ရင်းနှီးလာသည်။
ထို့နောက် မောင်မြင့်နှင့် တစ်ရပ်တည်းသား ကိုအုန်းကြိုင်နှင့်လည်း ရင်းနှီး လာသည်။ သူတို့က ကျွန်တော်နှင့် သာမက ကျွန်တော့ ဝမ်းကွဲ အစ်ကိုများနှင့်ပါ ရင်းနှီးလာကြသည်။ အလားတူ တက္ကသိုလ်ရောက်မှ သိကျွမ်းရသော သူငယ်ချင်းများကလည်း အိမ်မှာ ဝင်ထွက်ကြရင်း အမျိုးများ ဝမ်းကွဲ အစ်ကိုများ နှင့်ပါ ရင်းနှီးသွားကြ၏။ မန္တလေးဆိုတာ အဲ့လို၊ ဟိတ်ဟန်မရှိကြ၊ တစ်ခါတွေ့ဖူးရုံနှင့်လည်း မိတ်ရင်းဆွေချာပမာ ရင်းနှီးကြသည်။
ဘုရားပွဲတော် အတူနွှဲပျော်
—————————
သီတင်းကျွတ်လဆန်းလျှင်ပင် မန္တလေးမြို့သူမြို့သားများကား “ဘုရားပွဲ၊ ဘုရားပွဲ” ဟူသော သတိတရစိတ်က နေ့ညမပြတ် နှိုးဆွနေတော့၏။ လူကြီးသူမများကလည်းဥပုသ်နေ့ သီလမယူမီပင် ဘုရားပွဲအတွက် ခေါင်းချင်းဆိုင် ကြရတော့သည်။ ဒီနှစ် ဘယ်သူ့ဇာတ်ငှားမလဲ၊ ဘယ်သူ့ အငြိမ့်ငှားမလဲ တိုင်ပင်ကြ၏။ ဆိုင်ရာဆိုင်ရာ အငြိမ့်များက မန်နေဂျာ၊ မင်းသမီး၊ လူရွှင်တော်၊ ဒိုးတီးစသူတို့ကလည်း မိမိနှင့် ပတ်သက်ရာ ဘုရားလူကြီးတွေဆီ ချဉ်းကပ်လျက် သူ့အငြိမ့်၊ ကိုယ့်အငြိမ့်ကိုငှားဖို့ ဆွယ်ကြသည်။ အိမ်တော်ရာ ဆင်တံတားကတော့ လမင်းတစ်ရာအငြိမ့်တဲ့။ မြောက်မုခ်ကလည်း နာမည်ကြီးအငြိမ့်ဖြစ်ဖို့ များသည်။ မန္တလေးမှာက ဘုရားပွဲများကို ဘုရားသုံးဆူပွဲမှ စသည်ဟု လူကြီးသူများပြောဖူး၏။ “ဘုရားပွဲအစဘုရားသုံးဆူက၊ဘုရားပွဲအဆုံးဗောဓိကုန်း”တဲ့။
သဘောက သီတင်းကျွတ်လဆန်းက စသော ဘုရားသုံးဆူဘုရားပွဲကနေ ကဆုန်လပြည့်နေ့ မှာကျင်းပသော ဗောဓိကုန်း ဘုရားပွဲအထိ ဘုရားပွဲတွေ ဆက်တိုက် ဆက်တိုက် ရှိနေသည့်သဘော။ တကယ်တော့ ဘုရားသုံးဆူပွဲထက် စောပြီး ရှေ့တော်ပြေးဝင်း ဓမ္မာရုံပွဲကစောသည်။ ထိုပွဲ ကျင်းပခဲ့ကြသည်မှာလည်း မန္တလေးမတည်မီ အမရပူရခေတ် ကတည်းက ဖြစ်သည်။ အမရပူရ တောင်မင်းကြီးဘုရား ဆွမ်းလောင်းပွဲအဖြစ် ရှေ့တော်ပြေးအဖွဲ့သားများက နှစ်စဉ် သီတင်းကျွတ်လဆန်း ၈ရက်နေ့တွင် ကျင်းပခဲ့ကြခြင်း ဖြစ်သည်။ မန္တလေးနေပြည်တော် တည်၍ ရှေ့တော်ပြေး အဖွဲ့သားများ အမရပူရမှ မန္တလေးသို့ ပြောင်းရွေ့ နေထိုင်ကြ သော်လည်း ဘုရားပွဲကို အစဉ်အလာမပျက် ကျင်းပခဲ့ကြ သည်။
ဘုရားသုံးဆူပွဲမှာ မြို့လယ်ခေါင် ကြေးရတတ်များအရပ်မို့ အငြိမ့်ကောင်းတွေ ပါသော ဘုရားပွဲဖြစ်သည်။ ကလေးကစားစရာ အိုးပုတ်သည်များနှင့် ချားရဟတ်၊ မျက်လှည့်များကလည်း တော်သလင်းလကုန် ကတည်းက ဘုရားရှေ့ ရောက်နေကြပြီ။ ထို့အတူ တော်သလင်းလပြည့်နေ့ မလွန်ဆန်လှူအသင်းပွဲကတည်းက အရှိန်ရခဲ့သော “သီးသီးရိုက်ပွဲ” ကလည်း ဘုရားသုံးဆူပွဲမစခင် ကတည်းကဘုရားရှေ့ ၈၂ လမ်းပေါ်မှာ တရုန်းရုန်း။ အိမ်တော်ရာ ဘုရားပွဲက သီတင်းကျွတ်လဆန်း ၁၁ရက်မှာ ကျင်းပကျင်းပမည်။
ထို့ကြောင့် ဘုရားသုံးဆူပွဲအပြီး သီတင်းကျွတ်လဆန်း (၈)ရက်နေ့ကတည်းက အိမ်တော်ရာဘုရား ဂေါစရဂဏ် ရပ်ကွက်က လူငယ်တွေ အလုပ်ရှုပ်ကြပြီ။ အိမ်တော်ရာတောင်မုခ် “ဗုဒ္ဓဝေယျာဝစ္စ ကုသလနိစ္စ” အသင်းပိုင် တိုက်ပန်းကန်ပြား တွေကို စိုင်ပြွန်ရိပ်သာဝင်းရှေ့က ကျုံးရေကန်မှာ ဆေးကြောသုတ်သင်၊ နံပါတ်တွေကပ် ပြီးအရပ်ထဲ ဝေရတော့မည်။ ဆွမ်းတော်ကြီးပွဲ အတွက် ယွန်းဗျပ်များလည်း ဝေရမည်။ အိမ်တော်ရာဘုရား အနောက်ဘက် ကွင်းထဲမှာ ဇာတ်စင်ကအဆင်သင့်။ သေတ္တာဖွင့်ဖို့ ကမည့်ဇာတ်အဖွဲ့ကလည်း ကြိုရောက်နေနှင့်၏။ အကြော်ဆိုင်များ ကတော့ ညတိုင်း ဓာတ်မီးတထိန်ထိန်နှင့် တရုန်းရုန်း။
သီတင်းကျွတ်လဆန်း (၁၀)ရက်နေ့ရောက်တော့ အိမ်တိုင်းစေ့ မီးပုံးတွေ ဆင်ပြီးကြပြီ။ စားပွဲ၊ ကုလားထိုင်တွေ ရွှေ့ ပြောင်းဆင်ထားကြပြီ။ ဘုရားထဲမှာလည်း သံဇရပ်မှာ မဏ္ဍပ်ဦးနွဲ့က ဆွမ်းတော်ကြီးခံမဏ္ဍပ် ဆောက်နေပြီ။ လဆန်း(၁၁)ရက်နေ့မှာ အရှေ့မုခ်က စိန်ဘညိုဆိုင်းပါ၏။ အနောက်ဘက်မှာ ဇာတ်လည်း ပွဲဦး စတင်ကပြရာ အပျိုတော်၏ စင်တိုင်သံက တစာစာ ကြားနေရ၏။ စနေထောင့်မှာ အငြိမ့်ပွဲလည်းပါသည်။ မိုးသာလင်းသွားရော မအိပ်လိုက်ရ။
ဘုရားပွဲနေ့၊ လဆန်း(၁၂)ရက်နေ့မှာတော့ မနက်လင်းကတည်းကမအားတော့။
ဒီနှစ် ဘာဧည့်ခံမှာလဲ
————————
အထူးသဖြင့် နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၁ရက် ၁၂ရက်နေ့တွင် ကျင်းပသော အိမ်တော်ရာ ဘုရားပွဲတွင် မန္တလေးထုံးစံအတိုင်း ၁၂ရက်နေ့ည၌ အိမ်တိုင်းစေ့ ဧည့်ခံကျွေးမွေးကြသည်။ ကျွန်တော်နေထိုင်ရာ စိုင်ပြွန်ရိပ်သာဝင်းတွင် အနောက်ဘက်အပေါက်မှ ဝင်လိုက်လျှင်ပဲ ကျွန်တော့်အိမ်ကစကာ မြောက်ဘက်အထိ ခေါင်မိုးချင်းဆက်မျှ အမျိုးများ အိမ်က တန်းစီနေသည်။ အိမ်တော်ရာဘုရားပွဲရောက်တိုင်း အိမ်ပေါက်စေ့ မီးတထိန်ထိန်ထွန်းညှိကာ ကျွေးမွေး ဧည့်ခံကြ၏။ ထိုအခါ အခြားရပ်ကွက်မှ ဆွေမျိုးများနှင့် မိတ်ဆွေများကို ဖိတ်ကြားဧည့်ခံကြတော့ ဆွေမျိုးများအပါအဝင် မိတ်ဆွေ အချို့က အိမ်ပေါက်စေ့နှင့် ရင်းနှီးသောကြောင့် တန်းစီ စားသောက်ကြရုံပဲ ဖြစ်သည်။ မရှက်တမ်းပြောရလျှင် ကနဦးကာလ အိမ်တော်ရာဘုရားပွဲများတွင် အိမ်က ဆင်းရဲသောကြောင့် အများနည်းတူ ဧည့်မခံနိုင်ပါ။ ကိုယ့်အိမ်ကို ဖြတ်ပြီးမှ ဧည့်ခံသည့် အိမ်များသို့ သွားကြရသော်လည်း မတတ်နိုင်ပါ။ မသိချင်ယောင် ဆောင်နေရတာပေါ့။ အကယ်၍ ဘုရားပွဲရက်ကို ချိန်ပြီး မမခင်ရီလာလျှင်ဖြင့် မီးထွန်းကာ ဧည့်ခံဖြစ်ပါ၏။
သူများအိမ်က ကြာဆံဟင်း၊ မုန့်ဟင်းငါး၊ ထိုးမုန့် ဆနွမ်းမကင်း၊ ကော်ဖီနှင့် ကိတ် စသည်ဖြင့် ဧည့်ခံနေချိန် ကျွန်တော်တို့ အိမ်က မယုတ်မလွန် လက်ဖက်လေး ရေနွေးကြမ်းလေးလောက် ပြင်ထားသည့် နှစ်တွေ များခဲ့သည်။ နောက် ကျွန်တော် ၁၀တန်းလောက် ရောက်သည့်နှစ်မှာမှ ဧည့်ခံဖြစ်သည်။ တက္ကသိုလ်ရောက်သည့် နှစ်များမှာတော့ ကျွန်တော့်သူငယ်ချင်း များ၊ သူငယ်ချင်း၏ သူငယ်ချင်းများပါ စုံလင်လာတော့ အိမ်က ဖွယ်ဖွယ်ရာရာ ဧည့်ခံဖြစ်ပါပြီ။
တစ်နှစ်တင် အများတကာက ကြာဆံဟင်း မုန့်ဟင်းငါး မှသည် မြီးရှည်အထိ အော်ဒါမှာကာ အလျျှံပယ် ဧည့်ခံကြတော့ အိမ်က သူတို့လိုလည်း ဈေးသည် အပြတ်အော်ဒါပေးကာ မကျွေးမွေးနိုင်တော့ သူများနှင့် မတူသည့် အစားအသောက်ကို အဘက စီစဉ်သည်။ ထုံးစံအတိုင်း ဘုရားပွဲ မတိုင်မီ ဆီးဖြူသီးကိူ ဆားရည် စိမ်ထားသည်။ ပြီးတော့ ပုစွန်ခြေက်နှင့် ငါးပိကြော်ထားသည်။ လက်ဖက်လည်း နှပ်ထားပြီးပြီ။ ဒီအစားအသောက်တွေကတော့ မန္တလေး ဘုရားပွဲ ကထိန်ပွဲ ဧည့်ခံမှာ ယခုအထိ မပါမဖြစ်ပေါ့။ ဘုရားပွဲနေ့မနက်ရောက်တော့ အဘက ချမ်းသာရထုံးကုန်းရှိ မုန့်တိုက်က ပေါင်မုန့်တွေ အလုံ၂၀လောက် ဝယ်လာပြီး လက်တစ်လုံး အထူလောက် လှီးထားသည်။ ထို့နောက် ဦးလေးပု အအေးဆိုင်က တောင်ပန်ကားဘိလပ်ရည် အစိမ်းရောင် ကရင်ဆော်ဒါ ၃လုံး၊ လိမ္မော် ၃လုံး၊ အညိုရောင် ဗင်တို ၃လုံး နှင့် အဝါရောင် နာနတ် ၃လုံးစီဝယ်သည်။
ရသာစုံ ပေါင်မုန့်ကြော် နှင့် စောင်းလျားနှပ်
——————————————–
ညနေစောင်းသည်နှင့် အိမ်က မီးသွေးမီးဖိုတွင် ဒယ်အိုးထဲ ပဲဆီထည့်၍ လှီးထားသော ပေါင်မုန့်များကို အလောတော်ကြော်သသည်။ ထို့နောက် ဝယ်ထားသော ဘိလပ်ရည်များကို တစ်မျိုးချင်းအလိုက် ဇလုံတစ်လုံးစီထဲ ဖောက်ထည့်ကာ ကြော်ပြီး ပေါင်မုန့်များကို ဘိလပ်ရည်တစ်မျိုးချင်းထည့်ထားသော ဇလုံများတွင် နစ်ရ့ုံနှစ်ပြီး ပြန်ဆယ်ကာ ပန်းကန်တွေထဲ ထည့်ကာ အပေါ်က သကြားပါးပါး ဖြူးသည်။ ထိုနှစ်က ကျွန်တော်တို့ အိမ်ကဧည့်ခံသည့် ရသာစုံ ပေါင်မုန့်ကြော်က နာမည်ရသွား၏။ အရောင်ကလည်း တစ်မျိုးစီ၊ အရသာကလည်း တစ်မျိုးစီလေ။ ထို့ပြင် ဆီးဖြူသီး ဆားရည်စိမ်သာမက မိုးကောင်းတိုက်အတွင်း ဒိုက်ဦးကျောင်းရှေ့ လမ်းဘေးမှာ ညွတ်နေအောင်သီးကာ လမ်းပေါ်အထိ ကြွေကျနေသည့် စောင်းလျားသီးများကို သွားကောက်ပြီး ရေဆေးသန့်စင်သည်။ ထို့နောက် ပါးပါးလှီး နေပြသည်။
စောင်းလျားသီး ဖန့်ရုံလောက်တွင် ငရုပ်သီးမှုန့်အညက်၊ နွယ်ချိုမှုန့် ဆားအနည်ငယ်နှင့် နှပ်ထားသည့် စောင်းလျားနှပ်ကလည်း ရသာစုံပေါင်မုန့်ကြော်စာအပြီး ငါးပိကြော်လေးနှင့် တွဲဖက်မြီးရင်း ရေဗနွးကြမ်းနှင့် ခံတွင်းရှင်း အအီပြေသွား၏။ ထိုညက ကျွန်တော့် သူငယ်ချင်းများ အားပေးလိုက်ကြသည်မှာ အိမ်ရှေ့က ခုတင်ကျိုးကျသည်က အမှတ်တရဖြစ်သည်။ ကိုအုန်းမြင့်၊ ကိုမျိုးင်္ထန်း၊ ကိုမြင့်အောင်၊ ကိုဟီရားလား၊ ကိုသန်းလွင်၊ ကိုမြင့်ဆွေ၊ ကိုစိုးမြင့်၊ ကိုဝင်းဟန်၊ ကိုမောင်မြင့်၊ ကိုအုန်းကြိုင်၊ ကိုသန်းဆောင် နှင့် ကျွန်တော်၊ ၁၂ယောက်ဗျာ ဂျွမ်းထိုးမှောက်ခုန် ဖြစ်ကရောပါပဲ။ ထိုညက ကျွန်တော့် အိမ်နှင့် မပြီးသေးပါ။ ကျန်သည့် ကိုကိုစိန်လှိုင့်အိမ်၊ ကိုကျော်ဝင်း မဘုတ်ဆုံအိမ်၊ ကိုမောင်ဒွေးအိမ်၊ ကိုမန်းမောင်အိမ်များကလည်း ကျွန်တော့် သူငယ်ချင်းများနှင့် ရင်းနှီးနေတာမို့ မဖြစ်မနေစားကြရပြန်၏။ ထို့ကြောင့် ကိုယ့်လူများက နှစ်စဉ်မပျက် အိမ်တော်ရာဘုရားပွဲ ဆင်နွှဲခဲ့ကြတာ မပျက်မကွက်ပေါ့လေ။
ဘုရားပွဲလာ အမှတ်တရ ဧည့်သည်တွေ
———————————————-
သူငယ်ချင်းများသာမက ကျွန်တော်နှင့် စနေနေ့ညတိုင်း အကောင်းကြိုက်ကဖေးမှာ ဆုံဖြစ်နေသည့် ဝမ်းကွဲ အစ်ကိုကလည်း ဘုရားပွဲရောက်လျှင် သူ့မိတ်ဆွေများကို ဧည့်ရှင်းချိန်ရောက်လျှင် ခေါ်လာသည်။ သူ့မိတ်ဆွေများကတော့ ကုန်သွယ်ရေးက ဝန်ထမ်း၊ အာတီစီက ဝန်ထမ်း၊ ကျောင်းဆရာ၊ ကျူရှင်ဆရာ၊ ဘုရားကြီးက နိဗ္ဗာန်ကုန်ရောင်းသူ၊ မီးခြစ်စက်က ဝန်ထမ်း စသူတို့ ဖြစ်သည်။ သူတို့က အများစုမှာ လူပျိုလူလွတ်နှင့် အလုပ်အကိုင်ရှိသူ ရိုးသားသူများမို့ ဝမ်းကွဲအစ်ကိုက အပျိုကြီးများဖြစ်နေသော ဝင်းထဲက သူ့နှမ သူ့အစ်မများကို ပွဲထုတ်ချင်လို့လည်း ဖြစ်မည်။ ထိုအဖွဲ့ကလည်း နှစ်စဉ် လာနေကျဖြစ်ကာ ကျွန်တော်နှင့်တော့ မျက်မှန်း တမ်းမိ ဖြစ်နေပါပြီ။
တစ်နှစ်တင် ဘုရားပွဲတွင် သူတို့လာအပြီး တစ်ပတ်လောက်နေတော့ ထိုထဲက တစ်ယောက်ကို ရုံတော်ကြီးက ရဲရင့်စာပေမှာ စာအုပ်ဝယ်နေတာ အမှတ်မထင်တွေ့သည်။ ကျွန်တော်ကလည်း ရဲရင့်စာပေမှာ စာအုပ်ဝင်ကြည့်ရင်း သူ့ကို လှမ်းမြင်တော့ အားရဝမ်းသာ သွားနှုတ်ဆက်သည်။ သူက ချက်ချင်း မျက်နှာလွှဲပြီး ဘာမှ ပြန်မပြောဘဲ ခပ်သုတ်သုတ်ထွက်သွား၏။ ကျွန်တော်က အတင်လွဲသွားသည်။ နောက် စနေနေ့ည ရောက်လို့ ဝမ်းကွဲ အစ်ကိုလာတော့ သူကပဲ စပြီး “တစ်နေ့က ရဲရင့်စပေထဲမှာ ငါ့မိတ်ဆွေက မင်းကို မြင်တယ်၊ သူက မမြင်ချင်ယောင်ဆောင်နေတာကို ခင်ဗျားညီက လူကြားထဲ ဇွတ်အတင်း လာနှုတ်ဆက်နေလို့ မြန်မြန်ခွာလိုက်ရတယ် လို့ ငါ့ကိုပြောတယ်၊ နောက်ဆိုရင် ငါ့လူတွေကို ဘယ်မှာတွေ့တွေ့ မမြင်ချင်ယောင် မသိချင်ယောင်ဆောင်ပေးပါ” ဟု ပြောတာ စောစောက သဘောမပေါက်၊ နောက်မှ သဘောပေါက်သည်။
၁၉၇၈ ကျိုးပေါက်ခြင်းတဲ့
———————————
သဘောပေါက်သည်ဆိုတာကလည်း အလန့်တကြား သဘောပေါက်ခြင်းဖြစ်သည်။ ချက်ချင်မဟုတ်။ ထိုနေ့က ညနေစောင်းတွင် စောစောကပြောသည့် ဝမ်းကွဲ အစ်ကို၏ အစ်ကိုက ကျွန်တော့ကို အရေးတကြီးလာတွေ့သည်။ အိမ်သို့ မလာစဖူးမို့ အံ့အားသင့်သွား၏။ သူက ကျွန်တော့်ကို မျက်ရိပ်မျက်ကဲပြပြီး လူရှင်းသည့် ဝင်းအရှေ့ဖျား အုတ်တိုက် ဇရပ်ဘက် ခေါ်သည်။ ထိုနေရာရောက်မှ “ မောင်ကျော်ဆန်း၊ ငါ့ညီကို နေ့လယ်ကပဲ ဖမ်းသွားပြီ၊ အိမ်မှာလည်း ရှာတယ်၊ ဘာမှတော့ တွေ့မသွားဘူး။ သူက တောင်အိမ်မှာ အိပ်တာ သူတို့ သိပုံမရဘူး၊ အဲ့ဒါ တောင်အိမ်က စာအုပ်တွေ တစ်နေရာပို့ထားဦး၊ ငါတို့သွားရွှေ့လို့ မဖြစ်ဘူး။ ဒို့အိမ်မှာ စောင့်ကြည့်နေမှာ” ဟု ပြောသည်။
ကျွန်တော် ချက်ချင်းပဲ တောင်အိမ်သွားကာ စာအုပ်တွေကို ဂုံနီအိတ်ထဲထည့် ဆိုက်ကားပေါ်တင်ပြီး သယ်ကာ တစ်နေရာမှာ ထားလိုက်ပါသည်။ စာအုပ်တွေက တရားဝင်ထုတ်သည့် စာအုပ်တွေပါပဲ။ သို့သော် ပြောမရ။ နောက်တော့မှ ဝမ်းကွဲအစ်ကိုသာမက သူနှင့် ဘုရားပွဲ လာဖူးသူအားလုံးလည်း ပါသွားတာတဲ့။ သူတို့တင်မက တစ်မြို့လုံးကတဲ့၊ နောက်တော့ ထပ်သိတာက ရန်ကုန် ပျဉ်းမနား မန္တလေး မုံရွာ မြင်းခြံ အပါအဝင် တစ်ပြည်လုံးကတဲ့။ သြော် ဒါကြောင့် အစ်ကိုက သူ့လူတွေ အပြင်မှာတွေ့ရင် မမြင်ချင်ယောင်ဆောင်ပါဟူသော စည်းကမ်းကို ပြောခဲ့တာပဲလေ။ ထို ၁၉၇၈ ခုနှစ်ကတော့ အမှတ်တရပါပဲလေ။ ထိုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့မှာပဲ ရန်ကုန် ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဇော်ဝင်း(ဇော်ပုလဲ) နှင့် မမခင်ဝင်း(ခင်ဝင်းနွယ်) တို့ ဇနီးမောင်နှံကို ရန်ကုန်သို့ ချက်ချင်းလိုက်လာပါဟု ဆင့်ခေါ်လိုက်ပြန်သည်။ သွာရဦးမည် ကိုယ့်စရိတ်နှင့် ကိုယ်ပေါ့လေ။
ဆူးငှက်
