ဖားကန့် လုံးခင်းတိုက်ပွဲ ပြင်းထန်​နေလို့ သေဆုံးသူ​တွေရှိလာတာအပြင် ကုန်​စျေးနှုန်း​​တွေ အဆမတန်မြင့်

မေ ၇ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ဖားကန့်ဒေသ ၊ လုံးခင်းကျေးရွာမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် လမ်းတွေပိတ်နေသလို ထိခိုက် ဒဏ်ရာရနဲ့ သေဆုံးသူတွေလည်း ရှိလာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။
ဒီကနေ့ မေ ၇ ရက်နေ့မနက်ပိုင်းက လုံးခင်းရွာရဲ့ ဘုန်းကြီးကျောင်းလမ်းဆုံမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး တယောက်သေဆုံးကာ နှစ်ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
” မနက်ကတည်းက လက်နက်ကြီးတွေ ပစ်ခတ်နေတာ ။ တိုက်ပွဲကြား လက်နက်ကြီးကျလို့ သေတာမဟုတ်ဘဲ မိုင်းပေါက်ကွဲ ပြီးသေတာပါ ။ မနက်က ဆိုင်ကယ်နဲ့ မိုင်းလာချသွားတာလို့ သိရတယ်။ အများပြည်သူနေထိုင်တဲ့ နေရာမှာ မိုင်းချတာ ဘယ်အဖွဲ့မဆိုမလုပ်သင့်ပါဘူး ။ သေတာကတော့ အသက် ၄ နှစ်အရွယ် ကလေးတယောက်ပါ ။ဒဏ်ရာရတာက အမေနဲ့ ဦးလေး လို့သိရတယ်။ ” လို့ ဒေသခံကပြောပါတယ်။
မနေ့က မေ ၆ ရက်နေ့ညကလည်း လုံးခင်း ၊ ၄ ရပ်ကွက်ဘက်ကနေ အိမ်တခုပေါ် လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နှစ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ် ။
လုံးခင်းကျေးရွာတိုက်ပွဲကြောင့် ဖားကန့် – နန့်ယား – ကားမိုင်းလမ်းလည်းပိတ်နေတဲ့အပြင် ဒေသတွင်း သွားလာနိုင်တဲ့ လမ်းတချို့လည်း ပိတ်နေတဲ့အတွက် ဒေသခံတွေမှာ တောလမ်းတွေကနေသာ သွားလာရေးခက်ခဲနေပြီး ကုန်စျေးနူန်း တွေလည်း အဆမတန် မြင့်တက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် တိုက်ပွဲအကြားမှာ လက်နက်ကြီးကြောင့် လုံးခင်းရွာထဲက နေအိမ်နဲ့ အဆောက်အဦ တချို့ မီးလောင်ပျက်စီး မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
” ကားမိုင်း လမ်းကပိတ်ထားပြီး နမ္မချီဘက်ကနေပဲ ခွင့်ပြုလို့ ကားတချို့နဲ့ ဆိုင်ကယ်တွေသွားတယ်။ ဒါပေမယ့် လမ်းကအရမ်းဆိုးတယ် ။ ကားတွေမမှောက်တာ ကျေးဇူးတင်ရမယ်။ လမ်းက တော်တော်ကိုဆိုးဆိုး သွားရတော့ ကားတိုင်းမထွက်ဘူး ။အဲဒီတော့ စျေးနူန်း ကျဖို့ခက်တယ်။ ကောင်းတဲ့လမ်းကိုပိတ်ပြီး မကောင်းတဲ့လမ်းကိုသွားခိုင်းတယ်။ခု တိုက်ပွဲ ဖြစ်တော့ ပိုဆိုးတယ်။ ” လို့ ဖားကန့်ဒေသခံ ယာဥ်ပိုင်ရှင်တယောက်က ပြောပါတယ်။
လက်ရှိ ဖားကန့်ဒေသမှာ ရိုးရိုးဆန်တအိတ်ကို နှစ်သိန်းဝန်းကျင် ၊ ပေါ်ဆန်းမွှေးတအိတ်ကို သုံးသိန်းကျပ်အထက် ၊ အသားငါးတပိဿာကို ၈၀၀၀၀ မှ ၁ သိန်းအကြား ၊ ကြက်ဥတလုံး ၁၅၀၀ ကျပ် စတဲ့ကုန်ပစ္စည်းအားလုံးစျေးနူန်း မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။
မေလ ၂ ရက်နေ့က ဖားကန့်ကို တက်လာတဲ့ ခရီးသည်တင် ကားတစီးကို နန့်ယားလမ်းအကျော်မှာ KIA က ပစ်ခတ်ခဲ့တာ ကြောင့် ကားသမား ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို နောက်ထပ်ခရီးသည်တင်ကားတစီး ဗုံးခွဲတိုက်ခိုက်ခံရတဲ့အတွက် သုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့သိရပါတယ်။
အလားတူ မေလ ၂ ရက်နေ့မှာ ဖားကန့်မြို့ ၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ KPDF ထောက်ပို့ လင်မယားနေထိုင်တဲ့ အခန်းထဲမှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့သိရပါတယ်။
ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကို KIA က သွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးနောက် အဲဒီလမ်းပိုင်းကို ဖြတ်သန်းသွားလာတဲ့ ခရီးသည်တင်ကားတချို့ ပစ်ခတ်ခံခဲ့ရတာဖြစ် ပြီး ခရီးသည်တင်ကား တချို့ကိုလည်း KIA က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကားသမားတွေဆီက သိရပါတယ်။
ဖားကန့် – နန့်ယား – ကားမိုင်းလမ်းကိုတော့ ဧပြီ ၂၂ ရက်နေ့ကစပြီး ရက်အကန့်အသတ်မရှိသွားလာခွင့် ပိတ်ထားကြောင်း KIA တပ်ရင်း ၆ က ထုတ်ပြန်ထားတာဖြစ်ပါတယ်။
လုံးခင်းကျေးရွာမှာတော့ ဧပြီ ၄ ရက်လောက်ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး လုံးခင်ကျေးရွာအုပ်စုကို အစိုးရတပ်က အပြည့်အဝထိန်းချုပ်နိုင်ဖို့ အတွက် အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးရှင်းလင်းနေတာ ဖြစ်တယ်လို့ သိရပါတယ် ။
ဓာတ်ပုံ – La Ja Lasham

Related posts

Leave a Comment

VOM News

FREE
VIEW