မေ ၁၀ ၊ ၂၀၂၆
GG (VOM)
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မေ ၁၀ ရက် ၊မနက်ပိုင်း ၁၁ နာရီခွဲလောက်မှာ သဲချောင်းအတွင်း ရေဆင်းကူးရာကနေ အသက် ၁၈ နှစ်အရွယ် မတင်တင်စန်းဦး နဲ့ အသက် ၁၈ ၊၁၉ နှစ်အရွယ် မောင်စိုးသီဟ ၊ မောင်ရဲလင်းအောင် တို့ မောင်နှမ သုံးယောက် ရေနစ်သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
” သူတို့က အရင်က မော်ချီးမှာနေတာ ။ မိဘတွေကအဲဒီဘက်မှာ အလုပ်လုပ်တာ သိရတယ်။ ရေချိုးလာတာကနေ ရေနစ်ကြတာလို့ သိရတယ်။ ကောင်မလေးနဲ့ ကောင်လေးတယောက်က မောင်နှမအရင်းပါ ။.နောက်ထပ်ကောင်လေးက မောင်နှမဝမ်းကွဲပေါ့။ အိမ်ချင်းကလည်း အနီးလေးပဲ။ အခုက နမ့်ဘော်ဝမ်ရပ်ကွက်မှာ နေကြတယ်။ အလောင်းအကုန်ရှာတွေ့ပါပြီ။ ” လို့ ရွှေညောင်ပင် လူမှုကူညီရေး အသင်းဥက္ကဋ္ဌက ပြောပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကိုတော့ လွိုင်ကော်မြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ်တစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ နဲ့အတူ ရွှေညောင်ပင် လူမှုကူညီရေး အသင်းဝင်တွေက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
ရေနစ်သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းကိုတော့ နာရေးကူညီမှုအသင်းယာဥ်နဲ့ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ဆေးရုံကမှ နေအိမ်ကို ပြန်လည်သယ်ဆောင်ထားပြီ ဖြစ် တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ်၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ – မီးသတ်
