မန္တလေး၊ မေ- ၉- ၂၀၂၆
SA(VOM)
နာရေးတခေါက်ပို့လို့ သံဝေဂယူစရာ တရားအသိရရင် ဘုန်းကြီးကျောင်းကို ဆယ်ခေါက်သွားတာနဲ့ညီမျှတယ်ဆိုတဲ့ ရှေးလူကြီးတွေရဲ့စကားဟာ ဒီကနေ့ခေတ် ကာလ ဓာတ်ဆီစျေးနဲ့ကိုက်ညီလာပါတယ်။
အီရန်နဲ့ အမေရိကန်စစ်ဖြစ်တော့ စက်သုံးဆီဈေးတွေက အဆမတန်တက်သွားတာကြောင့် အစစအရာရာ ကုန်ဈေးတွေက မြင့်တက်သွားပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မန္တလေးမြို့က သုသာန်တွေမှာ မီးသဂြိုလ်စရိတ် နှစ်ဆမြင့်တိုမြှင့်ကောက်ခံတော့မယ်လို့ သိရပါတယ်။
တောင်အင်း မြောက်အင်းသုသာန်မှာ အရင်က မီးသဂြိုလ်စရိတ်အနေနဲ့ ကလေးတဦးကို ၆၀၀၀ ကျပ်၊ လူကြီး ၁၂၀၀၀ ကျပ် ကောက်ခံရာက ဒီကနေ့ မေလ ၉ ရက်နေ့ကစလို့ ကလေး ၁၂၀၀၀ ကျပ်၊ လူကြီး ၂၄၀၀၀ ကျပ် ကိုမီးသဂြိုလ်စရိတ် အဖြစ် ကောက်ခံသွားမယ်လို့ သိရပါတယ်။
” အဲ့ဒါနဲ့ပါတ်သက်ပြီး တောင်အင်း မြောက်အင်း သုသာန်တာဝန်ရှိတဲ့သူတွေက ဒါလေးကို ကြေငြာပေးပါဆိုလို့ပါ၊ ဓာတ်ဆီစျေးတွေ တက်လာတာလဲပါမှာပေါ့၊ အစစအရာရာကုန်စျေးနှုန်းတွေပါမြင့်တက်နေလို့ သူတို့လည်း စျေးတက်ရတာနေမှာပေါ့၊ နာရေးတခုမှာ အဓိကကျတာကတော့ နာရေးကားပေါ့၊ အသင်းတွေက အခမဲ့ကူညီကြတာများပါတယ်။ အဲ့ဒါပြီးရင် မီးသဂြိုလ်စရိတ်၊ နောက်ပြီး ဖွားသေစာရင်း အဲ့သုံးခုရှိရင် နာရေးချလို့ရပြီ၊ အခုက အဲ့အပိုင်းတွေမှာ မီးသဂြိုလ်စရိတ်တခုထဲ စျေးတက်တာထင်ပါတယ်၊ ဖွားသေစာရင်းကတော့ အရင်အတိုင်းပါပဲ ၇၀၀၀၊ ၈၀၀၀ ဝန်ကျင်မှာပဲ ရှိပါတယ် ” လို့ မနောကြာဖြူ သွေးလှူရှင်နှင့် ပရဟိတအသင်းက အတွင်းရေးမှူး ကိုစိုး က VOM ကိုပြောပါတယ်။
စက်သုံးဆီစျေး မြင့်တက်မှုကြောင့် မီးသဂြိုလ်စရိတ်တွေ မြင့်တက်လာသလို နာရေးပို့တဲ့ကားတွေ အရင်ကထက်စာရင် အစီးအရေအတွက် နည်းပါးလာတာကိုလည်းတွေ့ရပါတယ်။
” ကျနော်တို့ က စစ်ကိုင်းမန္တလေးလမ်းပေါ်ဆိုတော့ အနည်းဆုံး တနေ့ကို နာရေးပို့တဲ့ ကားတန်းကို တနေ့နှစ်ခေါက် အနည်းဆုံး မြင်ရတာပေါ့၊ ဒီဘက်က တောင်အင်းမြောက်အင်းသုသာန်နဲ့နီးတော့ အဲ့ဒီမှာ မီးသဂြိုလ်တာများတယ်၊ အရင်က နာရေးလမ်းကြောင်းတခုကို နာရေးပို့တဲ့ကားတွေ တမျှော်တခေါ်ပေါ့ လမ်းကူးဖို့တောင် အကြာကြီးရပ်စောင့်ပေးရတယ်၊ တချို့ ဆင်းရဲတဲ့သူရဲ့နာရေးတောင် ပရဟိတအသင်းကားတွေရဲ့ ကူညီမှုနဲ့ Body တင်တဲ့ အသင်းကားနဲ့ နာရေးပို့တဲ့ကား ပေါင်းရင် ငါးစီးနဲ့အထက်မှာရှိတယ်၊ ဒီနောက်ပိုင်း စက်သုံးဆီ အကန့်အသက်နဲ့ဝယ်ရတာကြောင့်ထင်ပါတယ်၊ အရင်ကလောက် ယာဥ်တန်းမရှည်တော့တာ သတိထားမိတယ်” လို့ မန္တလေးမြို့ခံတဦးက ပြောပါတယ်။
စက်သုံးဆီရောင်းချပေးတဲ့ ဆိုင်တွေမှာ ပရဟိတအသင်းတွေဆိုရင် အသင်းထောက်ခံချက်အပါအဝင် အသင်းကားနဲ့ သွား ရောက်ဝယ်ယူရင် ထိုက်သင့်သလောက်ရောင်းချပေးနေပေမယ့် နာရေးပို့အငှားလိုက်တဲ့ ကားတွေကတော့ လိုင်းပြေးစွဲရာမှာ အသုံးပြုတဲ့ကားတွေ အများစုဖြစ်တာကြောင့် စက်သုံးဆီ အခြေ အနေအပေါ်မှာ မူတည်ပြီး အငှားလိုက်လက်ခံနေရတယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေတွေကြောင့် တချို့အသုဘ နာရေးတွေမှာ လူမှုရေးအသင်းကားကလွဲပြီး နောက်လိုက်ကားမငှားနိုင်ကြတော့ မိသားစုကလွဲ လိုက်ပို့ချင်ပေမယ့် ဆီဖိုးကြောင့် မလိုက်ကြတော့တာမို့ ခြောက်ခြောက်ကပ်ကပ်နဲ့ အသုဘချရတာတွေများလာတော့ ယူတတ်ရင် သံဝေဂတရားတွေ တလှေကြီးရမှာဖြစ်ပါတယ်။
ဓာတ်ပုံ – မနောကြာဖြူ သွေးလှူရှင်နှင့် ပရဟိတအသင်း
