ထားဝယ်မြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမိသားစုပစ်ခတ်ခံရ

မေ ၁၀ ၊ ၂၀၂၆
CC (VOM)
တနင်္သာရီတိုင်း ၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက် အုပ်ချုပ်ရေးမှူးအပါ မိသားစုလိုက် ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးနဲ့ ဇနီး သေဆုံးကာ သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
မနေ့က မေ ၉ ရက်နေ့ ည ၈ နာရီလောက်မှာ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင် နဲ့ မိသားစုဝင်တွေဟာ ဆန်းချီရပ်ကွက်ရှိ နေအိမ်မှာရှိနေချိန် လက်နက်ကိုင်ထားသူတွေ ရောက်လာပြီး သေနတ်နဲ့ ပစ်ခတ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
” အုပ်ချုပ်ရေးမှူး ၊ သူ့မိန်းမနဲ့ သမီးဖြစ်သူ အကုန်လုံးကို တနေရာထဲမှာပဲ ဒဏ်ရာတွေနဲ့တွေ့ရတာပါ ။ အုပ်ချုပ်ရေးမှူး နဲ့ သူ့မိန်းမက သေနတ်ဒဏ်ရာများတယ်။သမီးကတော့ ညှပ်ရိုးကျည်ဖောက်ဝင်ဒဏ်ရာရတယ်။ အုပ်ချုပ်ရေးမှူးနဲ့ သူ့မိန်းမက ဆေးရုံရောက်ပြီးမှ ဆုံးတာပါ ။ ” လို့ ဒေသခံက ပြောပါတယ် ။
လက်ရှိမှာ အုပ်ချုပ်ရေးမှူး နဲ့ ဇနီး ရုပ်အလောင်းကို ဆေးရုံကနေ နေအိမ်ကို ပြန်လည်သယ်ဆောင်ထားပြီး ဒဏ်ရာရရှိတဲ့ သမီးဖြစ်သူကတော့ ဆေးရုံမှာ ကုသမှုခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
ဧပြီ ၁၆ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့နယ်၊ အိုးလုပ်ရပ်ကွက်မှာနေထိုင်တဲ့ သားအဖ ဦးမိုက်ကယ်(ခ) မောင်လှ နဲ့ သမီးဖြစ်သူ မခိုင်သဇင်တို့ကိုလည်း နေအိမ်ထဲထိဝင်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် အဖေဖြစ်သူသေဆုံးကာ သမီးဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ် ၊ အောက်တိုဘာလ ၂၃ ရက်ကလည်း တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့ ၊ အမှတ် ၄ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးဝေ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက် ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အလားတူ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ ပုလောမြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နဲ့ သားဖြစ်သူ စာတိုက်စာရေး ဦးဝင်းမင်းထွန်းတို့ကိုလည်း ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုရှိခဲ့သလို အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းဆိုသူလည်း ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW