မေ ၁၀ ၊ ၂၀၂၆
GG (VOM)
ဒီကနေ့ မေ ၁၀ ရက် ၊ အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ UFC 328 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု ဖလိုင်းဝိတ်လက်ရှိချန်ပီယံ ဂျော့ရှူဝါဗန်က ဂျပန်ဖိုက်တာ တက်ဆူရိုတိုင်ရာကို အလဲထိုးနဲ့ အနိုင်ရရှိပြီး ချန်ပီယံ ခါးပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ပွဲစဥ်ရဲ့ နောက်က်ဆုံးအချီဖြစ်တဲ့ ငါးချီမြောက်မှာ ဂျပန်ဖိုက်တာကို လက်သီးထိုးချက်အားကောင်းကောင်း နဲ့ အလဲထိုး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
လက်ဝှေ့ပွဲစဥ်တလျှောက်လုံးမှာ ဂျပန်ဖိုက်တာက ဗန်ကို ချုပ်ကွက် အဓိကသုံးပြီး အနိုင်ရဖို့ ကြိုးစားခဲ့ပေမယ့် ဂျော့ရှုဝါဗန်ကတော့ ချုပ်ကွက်တိုင်းကနေ ရုန်းထွက်နိုင်ခဲ့ပြီး လက်သီးတွဲလုံးထိုးချက်များများနဲ့ တန်ပြန်ခုခံ အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
” ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာ ။အမှန်ဆို သုံးချီမြောက်ကတည်းက ပွဲပြီးရမှာ ။ အခုငါးချီမြောက်မှ နိုင်တယ်ဆိုပေမယ့်လည်း ဗန်က တော်တော်လေးကိုတော်တယ်။ ဂျပန်ဖိုက်တာရဲ့ချုပ်ကွက်တိုင်းကို ရအောင် ဖောက်ထွက်နိုင်တယ်။ လက်သီးထိုးအားကလည်း ကြောက်လောက်အောင်ကို ကောင်းတယ်။ ဗန်က ကျွန်တော်တို့မြန်မာတွေအတွက် တကယ်ကို အားပေးရကျိုးနပ်တယ်ဗျာ ။ ” လို့ ဗန်ရဲ့ပရိတ်သတ်တယောက်က ပြောပါတယ်။
ဂျော့ရှူဝါဗန်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပခဲ့ UFC 323 ပြိုင်ပွဲမှာ ချန်ပီယံ ပန်တိုဂျာကို ပထမအချီမှာတင် အလဲထိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ဖြစ်လာခဲ့ သူ ဖြစ်ပါတယ်။
လက်ရှိမှာ ဂျော့ ရှူဝါဗန်ဟာ ဒီကနေ့ UFC 328 ပွဲအပါအဝင်ဆိုရင် နိုင်ထားတဲ့ပွဲပေါင်း ၁၇ ပွဲ နိုင်ထားပြီး နှစ်ပွဲအရှုံးသာ မှတ်တမ်းရှိထားတယ်လို့ သိရပါတယ်။
ဂျော့ရှူဝါဗန်ဟာ UFC သမိုင်းမှာ အသက် ၂၄ နှစ်နဲ့ ချန်ပီယံဖြစ်လာတဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ချန်ပီတယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။
