မေ ၁၀ – ၂၀၂၆
SS (VOM)
တာချီလိတ်မယ် အပါအဝင် လေးယောက်ကို ကျောက်တံတား မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရမန်ကြီးယူထားဆဲ ဖြစ်တယ်လို့ Missosology Myanmar က ဒီကနေ့ မေ ၁၀ ရက်မှာ ထုတ်ပြန် ဖြေရှင်းထားပေမယ့် တဖက်မှာတော့ စီရင်ချက်ချပြီးကြောင်း သတင်းထွက်နေပါတယ်။
ပြီးခဲ့တဲ့ မေ ၄ ရက်နေ့က ကျင်းပပြုလုပ်တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ သီလရှင်ဝတ်စုံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ် အပါအဝင် လေးယောက်ကို ထောင်ဒဏ် အသီးသီး ချမှတ်လိုက်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိထားတဲ့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။
တာချီလိတ်မယ်ကို ထောင်ဒဏ် ၄ နှစ်၊ ပွဲစီစဉ်သူ မရမ်ဆိုင်းနော်ကို ထောင်ဒဏ် ၄ နှစ်၊ ပွဲဖြစ်မြောက်ရေး တာဝန်ခံကို ထောင်ဒဏ် ၄ နှစ်၊ ဟိုတယ်မန်နေဂျာကို ထောင်ဒဏ် ၆ လ အသီးသီး ချမှတ်ခဲ့တယ်လို့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။
“အမိန့်ချတာတော့ သေချာတယ်။ လူမှုကွန်ရက်ပေါ်မှာ ဦးပဉ္ဇင်းရေးထားတဲ့စာကို ဦးပဉ္ဇင်း တာဝန်ယူတယ်။ အမိန့်ချတဲ့နေ့က မေ ၈ ရက် (ဒါမှမဟုတ်) မေ ၉ ရက်နေ့ ဖြစ်လိမ့်မယ်။
ရက်ကိုတော့ သေချာပြောလို့ မရပေမယ့် သတင်းက သေချာတယ်။ တချို့ကတော့ ပြောကြတယ်။ ဦးပဉ္ဇင်း post တင်လိုက်တဲ့နေ့က စနေနေ့ ဖြစ်နေတော့ စနေနေ့က ရုံးဖွင့်ရက်လားတို့ဘာတို့။ အဲဒါတွေတော့ ဦးပဉ္ဇင်း လိုက်ပြီး ဖြေရှင်းမနေတော့ပါဘူး။ နောက်တခု တယောက်ကို နာမည်ကို ကွက်လပ်ထားထားတယ်ဆိုတာက တိုင်းရင်းသားနာမည် ဖြစ်နေတော့ ရေးလိုက်ရင် မှားသွားမှာစိုးလို့ မရေးလိုက်တာ။ အဲဒီတော့ နောက်ဆုံးပြောချင်တာက ဦးပဉ္ဇင်းရေးလိုက်တဲ့ သတင်းက သေချာတယ်။ ကျန်တဲ့ကိစ္စတွေကတော့ လောလောဆယ်မှာ ပြောလို့မရသေးပါဘူး” လို့ ဆရာတော် အရှင်သုနန္ဒက မိန့်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Missosology Myanmar က အွန်လိုင်းပေါ်မှာ လက်ရှိ ပြန့်နှံ့နေတဲ့ သတင်းဟာ အမှား (ကောလာဟလ) သာ ဖြစ်တယ်လို့ ဒီကနေ့ မေ ၁၀ ရက်၊ မနက်ပိုင်းမှာ ဖြေရှင်းချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။
လတ်တလောမှာတော့ ကျောက်တံတား မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ Miss Grand Myanmar National Director ပွဲစီစဥ်သူ မရမ်ဆိုင်းနော်၊ ပွဲဖြစ်မြောက်ရေး တာဝန်ခံ မရမ်လုလုအောင်၊ တာချီလိတ်မြို့ ကိုယ်စားပြုအလှမယ် အိမွန်လွင်နဲ့ City Director သန့်ဇင်ဦးတို့ လေးယောက်ဟာ ဖမ်းဆီးထိန်းသိမ်း ခံထားရဆဲဖြစ်ပြီး ရမန်ကြီး တပတ် ယူထားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“တရားရင်ဆိုင်ရတဲ့အခါမှာ ထင်သလောက်ကြီး မမြန်လှသလို ပြောသလောက်လည်း မလွယ်ကူလှပါဘူး။ အချိန်တခုအထိ စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်” လို့ အဲဒီ ထုတ်ပြန်ချက်မှာ ထည့်သွင်း ရေးသားထားပါတယ်။
လက်ရှိမှာ National Director နဲ့ ပွဲတာဝန်ခံတို့ကို ပုဒ်မ ၂၆ ၊ ပုဒ်မ ၂၉၅ (က) စတဲ့ အမှု နှစ်မှုနဲ့ ဆွဲဆိုထားပြီး အလှမယ်နဲ့ City Director ကိုတော့ ပုဒ်မ ၂၉၅ (က) တခုတည်းနဲ့သာ တရားဆွဲဆိုထားတာလို့ ဆိုပါတယ်။
“တရားဥပဒေကို နားမလည်ဘဲ ကောလာဟလတွေ ဖြန့်နေခြင်းက မကောင်းလှပါဘူး။ လက်ရှိ တရားစွဲဆိုခံထားရတဲ့ တရားခံ လေးဦးဟာ ဘယ်လို အရေးယူမှုမျိုးနဲ့ အမိန့်ချမလဲဆိုတာ အခုချိန်ထိ မသိရှိရသေးတာကြောင့် မဟုတ်မမှန် သတင်းတွေကို မဖြန့်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အသက်သာဆုံးသော ချမှတ်မှုတွေ ဖြစ်ပါစေလို့လည်း ဆုတောင်းလိုက်ပါတယ်” လို့ Missosology Myanmar ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ VOM အနေနဲ့ ကျောက်တံတားမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ရန်ကုန်မြို့၊ The Eravati Sule Grand Yangon Hotel မှာ ကျင်းပခဲ့တဲ့ National Costume Competition ပြိုင်ပွဲမှာ တာချီလိတ် အလှမယ်ဟာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်တဲ့ တာချီလိတ်မြို့ကို ကိုယ်စားပြုတယ်လို့ ဆိုကာ ဗုဒ္ဓဘာသာဝင် မိန်းမပျိုတယောက်ရဲ့ နားသအလှူတော်မင်္ဂလာ ပြုလုပ်တဲ့ ရိုးရာဓလေ့ကို အခြေခံပြီး အသွင်ယူဖန်တီးထားတဲ့ ဝတ်စုံနဲ့ ယှဥ်ပြိုင်ခဲ့ပြီးနောက် သီလရှင် ပုံစံပြောင်းကာ ထပ်မံ ပုံဖော် ပြိုင်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ပုံဖော် ဝတ်ဆင်ခဲ့တာနဲ့ ပတ်သက်လို့ ပြည်သူလူထုကြား ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာပြီးနောက် တာချီလိတ်အလှမယ်ကို စာချုပ်ပါ စည်းကမ်းအရ ပြိုင်ပွဲကနေ တရားဝင် ထုတ်ပယ်လိုက်တယ်လို့ Miss Grand Myanmar Organization က မေ ၅ ရက်မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဲဒီနောက် မေ ၆ ရက်နေ့မှာတော့ ကျင်းပရန် ကျန်ရှိနေတဲ့ ဆန်ကာတင်ပြိုင်ပွဲ (Preliminary) နဲ့ နောက်ဆုံးဗိုလ်လုပွဲ (Grand Final) တို့ကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်တယ်လို့ ထပ်မံ ကြေညာခဲ့ပါတယ်။
Photo – CJ
