ဖားကန့်ဘက် တိုက်ပွဲ ငြိမ်နေပေမယ့် ကုဋေရွာမှာ ရွာလုံးကျွတ် တိုက်ပွဲရှောင်ရ

မေ ၁၂၊ ၂၀၂၆
Shy V (VOM)
ကချင်ပြည်နယ်၊ မိုးညင်းခရိုင်၊ ဖားကန့်မြို့နယ်အတွင်းမှာ လတ်တလော တိုက်ပွဲအခြေအနေ အနည်းငယ် ငြိမ်သက်နေပေမယ့် မှော်ဆီစာကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကုဋေကျေးရွာက ဒေသခံတွေဟာ တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့ အခြေအနေကို စိုးရိမ်ပြီး ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက VOM ကို ပြောပါတယ်။
ဒေသခံအမျိုးသား တယောက်က “အခု တခေါက်ကတော့ ကုဋေရွာ ရှောင်ရတာပေါ့။ ကုဋေကျေးရွာက မှော်ဆီစာ ကျေးရွာနဲ့ ကပ်လျက်ပေါ့။ အဲဒါရှောင်ရတယ်။ လုံးခင်း၊ မှော်ဆီစာ ရွာတို့ဘက်ကလည်း ဒေသခံတချို့ ရှောင်နေကြရတာတွေ ရှိသေးတယ်” လို့ ပြောပါတယ်။
ဖားကန့်ဒေသမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေခဲ့ပြီး မော်မောင်းလျံ၊ အမှိုက်ပုံရွာ၊ စည်ပင်၊ ထုံးဘိုစတဲ့ ကျေးရွာအချို့က ဒေသခံတွေလည်း ပထမ တခေါက် တိုက်ပွဲတွေ ပြန်ဖြစ်ပွားချိန်ကတည်းက နေရပ်မပြန်နိုင်သေးတဲ့ ဒေသခံတွေ ရှိနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
လတ်တလောမှာတော့ ကုဋေကျေးရွာဟာ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား စစ်ရေးတင်းမာမှုရှိနေတဲ့ နေရာတခုဖြစ်နေပြီး ဒေသခံတွေက ကြိုတင်တိမ်းရှောင်ထားကြတာလို့ သိရပါတယ်။
ကုဋေကျေးရွာ ဒေသခံလူငယ်တယောက်က “ကျနော်တို့ရွာက စစ်မျက်နှာပြင်လို ဖြစ်နေတာ။ နှစ်ဖက်အဖွဲ့ရဲ့ ကြားမှာ ဖြစ်နေတော့ ဘယ်အချိန် ဘယ်လိုတွေ ဖြစ်လာမယ်ဆိုတာ မသိလို့ သတိထားနေနေရပြီး ကြိုတင်ရှောင်ထားကြတာ” လို့ ပြောပါတယ်။
လက်ရှိမှာ ကုဋေကျေးရွာ ဒေသခံအများစုဟာ ဆွတ်အောင်ဘက်ကို သွားရောက်တိမ်းရှောင်နေကြပြီး သုံးရက်၊ လေးရက်ခန့် ရှိပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဖားကန့်-ကာမိုင်းလမ်းပိုင်းမှာလည်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်ရှိနေတဲ့အတွက် အရပ်သားတွေ သွားလာလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်မြို့နယ်အတွင်းက လုံးခင်းကျေးရွာအုပ်စု ထဲမှာတော့ ပြီးခဲ့တဲ့ အတာသင်္ကြန် ပြီးကတည်းက အစိုးရတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ တကြော့ ပြန်လည်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ သန်းခေါင် စာရင်းအရ လုံးခင်းကျေးရွာအုပ်စုမှာ လူဦးရေ ၆၃,၀၀၀ ကျော် နေထိုင်တာ ဖြစ်ပါတယ်။
Photo Crd#

Related posts

Leave a Comment

VOM News

FREE
VIEW