မန္တလေး၊ မေ- ၁၂- ၂၀၂၆
SA(VOM)
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ည ၁၀ နာရီ နောက်ပိုင်းမှာ ထိန်းသိမ်းခံရတဲ့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ တောင်ခွင်မင်းကြီးကျောင်းတိုက်၊ ရှမ်းပွဲဇေတဝန်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ဖေးကူလက်များ လူမှုကူညီရေးအသင်းက အဖွဲ့ဝင် ၁၆ ယောက် ပြန်လွတ်လာပြီဖြစ်တယ်လို့ သိရပါတယ်။
ဖေးကူလက်များ လူမှုကူညီရေးအသင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည် ကျင်းပနေချိန် ည ၁၀ နာရီခွဲဝန်းကျင်မှာ ဆူညံမှုတွေရှိခဲ့တာကြောင့် အဲ့ဒီ ၁၆ ယောက်ကို သက်ဆိုင်ရာက ထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” ပေါ်တာဆွဲတာမဟုတ်ပါဘူး၊ အဲ့ဒီနေ့က အသင်းရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားရှိတော့ လူငယ်တွေလည်းဖြစ်တော့ စားကြသောက်ကြနဲ့ နည်းနည်းလေးလည်း ဆူသွားတယ်၊ ဆရာတော်က ဟိုဘက်မှာ ဘာသာခြားတွေလည်းရှိတော့ အားနာဖို့ သွားပြောတာကို လက်မခံလို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်လိုက်တာ၊ ခဏထိန်းတဲ့သဘောမျိုးပါ၊ အဲ့နေ့ည မှာပဲ မေလ ၈ ရက်နေ့ညမှာပေါ့ ၈ ယောက်ပြန်လွတ်လာတယ် ၁၂ နောက်ပိုင်းပြန်လွတ်လာတာဆိုတော့ မေလ ၉ ရက်နေ့ မနက်အစောပိုင်းမှာ ပြန်လွတ်လာတယ်၊ ကျန်တဲ့ ၈ ယောက်ကိုလည်း ဆရာတော်က သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကို မေတ္တာရပ်ခံ အကူအညီတောင်းလို့ ပြန်လွတ်လာပါပြီ၊ ပေါ်တာဆွဲတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး၊ ဘုန်းဘုန်းကို အုပ်ချုပ်ရေးအဖွဲ့တွေကလည်း စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး ရှင်းပြပါတယ်” လို့ ဖေးကူလက်များ လူမှုကူညီရေးအသင်း နာယကဆရာတော် က VOM ကို မိန့်ပါတယ်။
ထိန်းသိမ်းခံရတဲ့ ၁၆ ယောက်ထဲက အသက်မပြည့်သေးတဲ့သူနဲ့ စစ်မှုထမ်းအသက်ထက် ကျော်လွန်နေသူ ၈ ယောက်ကို မေလ ၈ရက်နေ့ည မေ ၉ ရက်နေ့ မနက်အစောပိုင်း ၁၂ နာရီ နောက် ပိုင်းမှာ ပြန်လည်အပ်နှံခဲ့ပြီး ကျန်တဲ့ ၈ ယောက်ကိုတော့ ဖေးကူလက်လက်များ လူမှုကူညီရေးအသင်းက နာယကဆရာတော် က သက်ဆိုင်ရာအာဏာပိုင်တွေဆီကို မေတ္တာရပ်ခံ အကူအညီတောင်းခံမှုအရ မေလ ၉ ရက်နေ့ ညနေ ၅ နာရီ ၄၃ မိနစ်မှာ ဒေဝန်းအရှေ့ရပ် အုပ်ချုပ်ရေးမှူးရုံးကတဆင့် ဆရာတော်ဆီကို ဆက်သွယ်ပြီး ပြန်လည်အပ်နှံခဲ့တယ်လို့ သိရပါတယ်။
