မေ ၁၄ – ၂၀၂၆
SN (VOM)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း နေရာတချို့မှာ စစ်ရေးအခြေအနေ တင်းမာနေမှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ နေရာအသီးသီးကို ရွှေ့ပြောင်းနေရတယ်လို့ စုံစမ်း သိရှိရပါတယ်။
ရွှေဘိုမြို့ရှိ ကျေးလက်နယ်မြေ အများစုကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက စိုးမိုးထားပြီး အစိုးရတပ်က အနီးဝန်းကျင် ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
လတ်တလောမှာ စစ်ကိုင်းတိုင်းရှိ အခြေစိုက်စခန်းတွေကို အစိုးရတပ်က လူအင်အားနဲ့ လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေပြီး စစ်ကိုင်းတိုင်း အလယ်ပိုင်းဒေသတွေကို နယ်မြေရှင်းလင်းဖို့ လုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရွှေဘိုမြို့ကနေ ပြောင်းရွှေ့လာတဲ့ ဒေသခံတယောက်က
“ရွှေဘိုမှာ အခြေအနေတွေကတော့ တော်တော်လေးကို မကောင်းတာပါ။ ရွှေဘိုမှာနေတဲ့သူတွေက တော်တော်များများလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မေမြို့ဘက်တွေကို ပြောင်းကုန်ကြပါပြီ။ ကျွန်တော်တို့လည်း လုံးဝကို နေလို့မရတော့လို့ ရန်ကုန်ဘက် ပြောင်းလာတာ။ ရွှေဘိုမှာက လုပ်ငန်းလုပ်ဖို့လည်း ခက်ခဲသွားပြီလေ။ နေလို့လည်း မဖြစ်တော့ဘူး။ မနေရဲကြတော့ဘူး” လို့ ပြောပါတယ်။
လက်ရှိ ရွှေဘိုမြို့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ ဒေသတွင်ူလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ဒီကနေ့ မေ ၂၄ ရက်နေ့ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားတာမှာ ရွှေဘိုခရိုင်အတွင်း စစ်ဆင်ရေး ရှိနေတာကြောင့် ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို သတ်မှတ်ထားတဲ့ စစ်ဆင်ရေးနယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ လုံးဝ (လုံးဝ) မဝင်ရောက်ဖို့၊ ဒီပဲယင်း၊ ရေဦးနဲ့ တန့်ဆည်မြို့နယ်တွေမှာ အများပြည်သူသုံး စတားလင့်ခ် အင်တာနက်တွေကို ယာယီ ပိတ်သိမ်းကြဖို့နဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း လိုအပ်ချက်အရ အသုံးပြုပါက လုံခြုံရေး အကန့်အသတ်နဲ့ အသုံးပြုကြဖို့ အသိပေးထားပါတယ်။
ဒါအပြင် စစ်ရေးသတင်း အချက်အလက်တွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကိုလည်း အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာန၊ ခရိုင်ကွပ်ကဲရေးမှူးရဲ့ ခွင့်ပြုချက်မရှိဘဲ လူမှုကွန်ရက်တွေဖြစ်တဲ့ Facebook, TikTok, YouTube, Telegram အစရှိတာတွေအပေါ် လုံးဝ (လုံးဝ) မတင်ကြဖို့နဲ့ စစ်ဆင်ရေးဆိုင်ရာ သတင်း အချက်အလက်တွေကို ဘယ်သတင်းမီဒီယာကိုမျှ မဖြေဖို့ သတိပေး တားမြစ်ထားပြီး ရွှေဘိုခရိုင်စစ်ဌာနရဲ့ တရားဝင် စစ်သတင်း ထုတ်ပြန်ချက်တွေကိုသာ စောင့်ဆိုင်းဖော်ပြကြဖို့ အသိပေးထားပါတယ်။
ဖော်ပြပါ သတိပေး တားမြစ်ချက်တွေကို တပ်ဖွဲ့ဝင် အသီးသီးနဲ့ ပြည်သူလူထုအားလုံး လိုက်နာဆောင်ရွက်မှု ရှိစေရေးအတွက် သက်ဆိုင်ရာ တပ်မှူးအဆင့်ဆင့်နဲ့ အရပ်ဖက်-စစ်ဖက် တာဝန်ခံများအားလုံး ပူးပေါင်းတာဝန်ယူ ဆောင်ရွက်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမဆို ခြွင်းချက်မရှိ ထိရောက်စွာ အရေးယူသွားမယ်လို့ အမှတ် (၁) ရွှေဘိုခရိုင် စစ်ဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ရွှေဘို – မြစ်ကြီးနား ကားလမ်းပိုင်းမှာ နယ်မြေစိုးမိုးမှု ရယူနိုင်ရေးအတွက် ကန့်ဘလူမြို့နယ်အတွင်းမှ စစ်စခန်းတွေ၊ စစ်ကိုင်းမြို့ တပ်မ (၃၃) နဲ့ ရွှေဘိုမြို့အခြေစိုက် တပ်တွေမှာ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေပြီး ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကိုင်းတိုင်းအတွင်းမှာ ရွှေဘိုနယ်အပြင် ကနီ၊ ရေဦး၊ တန့်ဆည်၊ မုံရွာ၊ ဆားလင်းကြီး၊ မြင်းမူ အစရှိတဲ့ မြို့နယ်တွေမှာလည်း စစ်ရေး အခြေအနေတွေ ရှိနေတာဖြစ်ပြီး ဒေသခံအများအပြား စစ်ဘေး တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ကနီမြို့နယ်မှာ အစိုးရတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ရွာပေါင်း ၄၀ ကျော်မှ သောင်းနဲ့ချီတဲ့ ပြည်သူတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို မြင်းမူမြို့နယ်မှာလည်း ကျေးရွာ ခြောက်ရွာမှ ဒေသခံ ၅၀၀၀ နီးပါး ရွှေ့ပြောင်းနေရတယ်လို့ သိရပါတယ်။
အဲဒီလိုပဲ ဆားလင်းကြီးမြို့နယ် (မြောက်ပိုင်း) မှာလည်း ကျေးရွာပေါင်း ရှစ်ရွာထက်မနည်းက ဒေသခံ ထောင်နဲ့ချီ စစ်ဘေး တိမ်းရှောင်နေရသလို အစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်မှာလည်း မြေပြင်စစ်ရေး တင်းမာနေမှုတွေကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံတွေ စစ်ဘေး တိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ အင်းတော်မြို့နယ်မှာလည်း ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က အစိုးရတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ကာကွယ်ဖို့နဲ့ စစ်ရေးသတင်း လုံခြုံရေးအတွက်လို့ ဆိုကာ စတားလင့်ခ် အင်တာနက် အသုံးပြုခွင့်ကို ယာယီ ပိတ်သိမ်းထားတာဖြစ်ပြီး မလိုက်နာပါက အရေးယူမယ်လို့ ပြီးခဲ့တဲ့ မေ ၃ ရက်က ထုတ်ပြန်ထားပါတယ်။
လက်ရှိ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က
“အခုဆို တနိုင်ငံလုံးနီးပါး စစ်ရှောင်နေကြရတာ။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက အဆိုးဆုံးလို့ပဲ ပြောရမယ်။ အနာဂတ် မျိုးဆက်သစ်တွေအတွက် သင်ခန်းစာရတာပေါ့။ အညာဒေသက အရင်က အေးချမ်းသာယာခဲ့တာ။ နိုင်ငံရေးသမားတွေ၊ မီဒီယာတွေရဲ့ မဟုတ်မမှန် မြှောက်ထိုးပေးခဲ့တာကြောင့် R2P လာမှာတို့၊ အမေရိကန်သင်္ဘောကြီး ရောက်နေပြီတို့၊ ကုလသမဂ္ဂက ဖမ်းဖို့ အချက်အလက်တွေ စုဆောင်းနေပြီတို့ မဟုတ်မမှန် ပြောဆိုခဲ့တာတွေကို မိမိကိုယ်တိုင် ဖြစ်နိုင်၊ မဖြစ်နိုင် ဝေဖန်ပိုင်းခြားမှု အသိဉာဏ် မရှိနိုင်တာတွေကြောင့် သူများပြောတဲ့ ပါးစပ်ထဲမှာ လမ်းဆုံးခဲ့ကြတာ။ အခုတော့ စစ်ဘေး၊ အငတ်ဘေး၊ ရောဂါဘေး ခံကြဦးပေါ့။ အရာရာဟာ ကံစီမံရာအတိုင်းပါပဲ” လို့ ပြောပါတယ်။
အစိုးရ တာဝန်ရှိသူတွေက စစ်ကိုင်းတိုင်းရှိ မြို့နယ် အများအပြားကို ၂၀၂၁ ခုနှစ်ကတည်းက စစ်အုပ်ချုပ်ရေး ကြေညာထားတာဖြစ်ပြီး ဒီပဲယင်း၊ ခင်ဦးနဲ့ ကောလင်း အပါအဝင် မြို့နယ် ရှစ်မြို့နယ်ကို လက်ရှိအချိန်ထိ စစ်အုပ်ချုပ်ရေး သတ်မှတ်ထားတာ ဖြစ်ပါတယ်။
Photo – CJ
