သူတို့အိမ် အခန်း (၁၁၃)

ဆူးငှက်

ဆောင်းယွန်းယိုင်နွေ
————————–

‘….စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး
လေပြေတသွေးသွေး၊ စုံမြိုင်ခြေကျေးနှင့် ပန်းသာထွေ…
ဆောင်းယွန်းယိုင်နွေ၊ လေဝန်းရစ်ခါစွေ
ရွက်ဝါကြွေ…နွေမူးမူး
မိန်ရာသီ၊ ခါမှီလသာခေါင်
မြလွှာမှောင်…. တောင်ခိုးမြူး….’

မန္တလေးမှာက ဆောင်းအကုန် နွေအကူး အခုလိုကာလလေးက လွမ်းစရာ့ ရသတစ်မျိုးကို ပေးသည်။ မြဝတီမင်းကြီး ဦးစက ဒီရာသီကို သူ၏ ‘ဘုံပျံနေနန်း’ ပတ်ပျိုးကြီး၌ ‘ဆောင်းယွန်းယိုင်နွေ’ ဟူသော စကားလုံးဖြင့် သုံးနှုန်းခဲ့၏။ ဆောင်းကား ခွာလေပြီ…။ နွေဘက်သို့ ယိုင်လုလု…..။

မနက် လင်းအားကြီးမှာတော့ ခွာစဆောင်း၏ ချမ်းမြမြအအေးက အစွမ်းပြသေးသည်။ သို့သော် ဆောင်းမပီ တော့။ ဆောင်း၏ အဆောင်အယောင် နှင်းဝတ်ရုံကား တောင်လေညှင်းတွင် ဥသြငှက် အသံသဲ့သဲ့ ကြားမိကတည်းက ပရုပ်လုံးဖြင့် ထုပ်ပိုး သိမ်းဆည်း ပြီးလောက်ပြီ။ ထို့ကြောင့်လည်း နေထွက်ပြူပြီး မကြာမီမှာပင် ‘လေဝန်းရစ်ကာခွေ’ လာသည်။ ရွက်ဝါတို့လည်း လေဟုန်စီးကြတော့၏။ ပတ်ဝန်းကျင်သည် နေ၏ ပွင့်လင်းမှုနှင့်အတူ ဆောင်းငွေ့၏ စိုထိုင်းမှုဖြင့် ကြည်ကြည်လင်လင် မရှိလှသေး။ ကြည့်လေရာရာ ရီဝေမှုန်မှိုင်းနေဆဲ ဖြစ်သည်။

ကနဖော့၊ မှိုနတို၊ ကန်စွန်းနွယ်လေးတွေ ရေသောက်ဆင်းနေကြသည့် ကျုံးနဘေးရေစပ်စပ် ထနောင်းပင်ရိပ်က မျှော်ကြည့်လိုက်တော့ မြူထဲက မြို့ရိုးနှင့်ပြာသာဒ်များက မိုနိုတုန်းဖြင့် ရေးဆွဲထားသော ရေမင်းသားဆရာဆောင်၏ ပန်းချီကားတစ်ချပ်လို အရသာရှိလှသည်။ အကယ်တန္တု ကျုံးမြို့ရိုး၊ ပြာသာဒ်နှင့် မန္တလေးတောင်၏ အလှကို ဘယ်ရာသီ၌ အနှစ်သက်ဆုံးလဲဟ ုမေးလာလျှင် ‘ဆောင်းယွန်းယိုင်နွေ…’ ရာသီ၏ မြင်ကွင်းကိုပဲ ချွင်းချက်မရှိ ရွေးချယ်ရပေမည်။ နှင်းဖွေ့ဖွေ့ကြွေနေသော ဆောင်းရာသီ ဇာပိတ်ကားနောက်က ကျုံးမြို့ရိုးလည်း လှမှာပေါ့။ ‘မြူမှောင်ဝေကင်း’သည့် နွေပီပီရာသီက ကနလနားသတ်မျဉ်းတွေ ပြတ်ပြတ်ထင်သည့် ပြာသာဒ်ကလည်း လှမှာပေါ့။ အညာမိုးမို့ သည်းသည်း ရဲသည့် မိုးကန့်လန့်ကာအောက်က မပီဝိုးဝါး ကျုံးပန်းချီကားလည်း လှမှာပေါ့။ သို့သော် ‘မြလွှာမှောင်၊ တောင်ခိုးမြူး’ သည့် ‘မိန်ရာသီ’ ၏ ကျုံးမြို့ရိုးပြာသာဒ်အလှကို မီနိုင်ဖွယ်အံ့ မထင်။

တကယ်တော့ မိန်ရာသီ၏ ပကတိ မြင်တွေ့နေရသည့် ရုပ်ဝတ္ထုများထက် သည်ရုပ်ဝတ္ထုများနှင့် ယှက်နွယ်ပြီး အစဉ်တစိုက် ဖြစ်တည် ဖွဲ့စည်းလာခဲ့သည့် ခံစားမှုများကြောင့်သည်သာ ရင်၌ လှိုက်လှိုက် စွဲမက် ခင်တွယ်ခဲ့ခြင်း ဖြစ်တန် ရာသည်။

ဟော….တပေါင်းလဆန်းပြီလေ…..။

ကြိုနှင့်တော့ ပိတောက်ဝါ
——————————–

”ကြိုပါကွယ်….(ကြိုပါကွယ်…..)
ပိတောက်ဝါရယ်…(ပိတောက်ဝါရယ်….)
ရွှင်ရွှင်လန်းလန်း နှစ်ဆန်းအတာဝယ်…
မောင်လာမယ်…..(မောင်လာမယ်….)
နှစ်စဉ်ကွယ်……(နှစ်စဉ်ကွယ်…..)
ထံတျာတေးဖွဲ့ဆိုတေးသီကြမယ်…..။”

သင်္ကြန်တေးတစ်စကို အစောဆုံး ကြားလိုက်ရတော့ တပေါင်းလဆန်းကာစပဲ ရှိသေးသည်။ နေ့ပူလို့ ညချမ်းဆဲ ကာလဖြစ်၏။ သို့သော် တစ်နှစ်လုံး အောင့်အည်းကာ နေခဲ့ရသည့် သင်္ကြန်အပျော်ဓာတ် အညွန့်အညှောက်လေး ထွက်ပြူလာပြီမို့ နားထဲမှာ စည်တိုသံ၊ ဒိုးသံလေးတွေ ကြားစပြုလာပြီ။ ကဗျာတစ်စ၊ စာတစ်စလည်း နှုတ်ဖျားမှာ သီလာကြပြီ။ တယောပြားလေး မေးဖျားညှပ်ပြီး သံစဉ်တစ်မျှင် စမ်းသူစမ်း၊ စန္ဒရားခုံမှာ ထိုင်ပြီး တေးသွားတစ်ကျော့ ဆော့သူဆော့။ ဤသို့ဖြင့် သင်္ကြန်အပျော်ဓာတ် အညွန့်အညှောက်လေးက ဖားရရား၊ ကြွားရရားနှင့် ပွင့်ခက်ပွင့်လက် စုံလင်လာသည့် သဘောဖြစ်သည်။

စင်စစ် မန္တလေးသင်္ကြန်ဟူသည်ကား ဂီတပွဲတော်ကြီး တစ်ရပ်ဖြစ်ခဲ့သည်။ မြန်မာ့ရိုးရာ မှန်စီရွှေချ၊ ပဉ္စရူပ ပတ်မထမ်း ဆိုင်းဝိုင်းကြီးများဖြင့် မြန်မာ့ဂီတ၊ မြန်မာ့အကကို ပုံအောကွန့်မြူးသည့် ပွဲတော်ကြီးလည်း ဖြစ်၏။ ထို့ပြင် တစ်ဝ အယုတ်အလတ် အမြတ်မရွေး ကိုယ့်ရင်ထဲရှိသမျှ အနုပညာကို စိတ်ရောကိုယ်ပါ ဖော်ထုတ်ပြ၊ ဖော်ထုတ်ခွင့်ရှိသည့် ပွဲတော်ကြီးလည်း ဖြစ်သည်။

နူးညံ့ သိမ့်မွေ့မှုနှင့် ယဉ်ကျေးသော အနုပညာ
————————————————

မြန်မာ့ရိုးရာ အတာသင်္ကြန်သည် မြန်မာတို့၏ စိတ်ရင်း နူးညံ့ သိမ့်မွေ့မှုနှင့် ယဉ်ကျေးသော အနုပညာကို လူတိုင်းစေ့ ဖော်ထုတ် ခံစားနိုင်ကြသည့် အမျိုးသားပွဲတော်ဖြစ်လေရာ မြန်မာအများစုရှိသည့် မန္တလေးသင်္ကြန်သည် ‘မြန်မာ့ရိုးရာ အတာသင်္ကြန်’ သရုပ်ကို အပီဆုံးဖော်ထုတ်နိုင်ခဲ့သည့် ပွဲတော်ဖြစ်ခဲ့ဖူးသည်။ စစ်ကြီးမဖြစ်ခင်က ၁၃ဝဝ ပြည့်နှစ် သင်္ကြန်၊ စစ်ကြီးအပြီး ၁၉၄၇ ရွှေမန်းတောင်ရိပ်ခို သင်္ကြန်၊ ၁၉၅ဝ ငြိမ်းချမ်းရေး သင်္ကြန်၊ ၁၉၅၁ ပြည်ထောင်စု သင်္ကြန်များကား အနုပညာ စွမ်းရည်အမြင့်မားဆုံး မှတ်တိုင်များ စိုက်ထူနိုင်ခဲ့တာလည်း ငြင်းလို့မရ။ ထို့နောက် ၁၉၆၂, ၆၃, ၆၄, ၆၅ သင်္ကြန်များတွင်လည်း အစိုးရဌာန မဏ္ဍပ်ချည်း ၄ဝ၊ အမျိုးသား အလှပြအသင်းနှင့် အမျိုးသမီး ဧည့်ခံမဏ္ဍပ်များ ၅ဝ ကျော်ဖြင့် ခြိမ့်ခြိမ့်သည်းခဲ့သော သင်္ကြန်များချည်း ဖြစ်ခဲ့၏။

မန္တလေးတွင် ဂီတမျိုးစေ့နှင့်အတူ သင်္ကြန်သံချပ် မျိုးစေ့ကလည်း အချိုးညီ ရှင်သန် ပေါက်ဖွားခဲ့သည်။ ဗိုလ်သခင်ဆရာ၊ ဒဿဂီရိ၊ တောကရွှေမိ၊ သော်က၊ နှစ်ဦးမောင်မယ်၊ သင်္ကြန်အမြောက်၊ ပျိုးခင်းလူငယ်၊ မိုးသိကြား၊ ပစ်တိုင်းထောင်၊ ပြည်သူ့ဖော်ကောင်၊ ပိတောက်ကုန်းကမျောက်ရှုံး၊ ညောင်ပင်သာကဆိုးပေ၊ ဒိုးဒိုးဒေါက်ဒေါက်၊ ခွပ်ဒေါင်းနီ၊ နွေဦးသခင်၊ တောကမောင်ကြီး၊ ပြည်သူ့ဘက်သား၊ ရွှေစွန်ညို၊ ဂျာရစ်တို့ရဲ့ လက်ပံနီ…စသည်ဖြင့် သံချပ်အသင်းပေါင်း မြောက်မြားစွာလည်း နှစ်စဉ်မပျက် ပါဝင် ဆင်နွှဲခဲ့ကြသည်။

ထိုစဉ်က ဗဟိုမဏ္ဍပ်က ၈၄ လမ်း၊ ကျောက်သွေးတန်း၊ ပြန်ကြားရေး စာကြည့်တိုက်ရှေ့မှာ အများဆုံးဖြစ်သည်။ ညနေနေဝင် သည်နှင့် အလှပြယာဉ်တွေ၊ သံချပ်အသင်းတွေက ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင်ရန် ဗိုလ်ချုပ်အောင်ဆန်း လမ်းကြီးတစ်လျှောက် တန်းစီ စောင့်နေကြ၏။ လူအုပ်ကြီးက ဗဟိုမဏ္ဍပ်တောင်ဘက်၊ မြောက်ဘက် တစ်ပြကျော်စီအထိ ကျိတ်ကျိတ်တိုး နေသည်။ တောင်ဘက် ၃၁ လမ်းအထိ ပြည့်လျှံနေသော ပရိသတ်က လက်ဆည်ကန်ရပ်ရှိ နာမည်ကျော် နဂါးမယ်မဏ္ဍပ်က ပရိသတ်နှင့် ဆက်စပ်သွားသည်။

သင်္ကြန် စည်တိုသံဖြင့် မန္တလေး ကောင်းကင်ယံ
—————————————————–

မြို့လူထု၏ အသည်းနှလုံး၊ မြို့၏ သွေးကြောမကြီးသဖွယ် တည်ရှိသော ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးကား သင်္ကြန်ကာလအတွင်း အစည်ကားဆုံး လမ်းမတော်ကြီးဖြစ်သည်။ တောင်မှမြောက်၊ မြောက်မှတောင် အလှပြကားတွေ၊ သံချပ်အသင်းတွေ ဥဒဟို.။ သင်္ကြန်စည်တိုသံဖြင့် မန္တလေး ကောင်းကင်ယံသည် ဝံ့ကြွား မို့မောက်နေ၏။ ဗဟိုမဏ္ဍပ်ရှေ့၌ ‘ဗိုလ်သခင်ဆရာ’ သံချပ်အသင်းက ပြိုင်ပွဲဝင်နေသည်။ ပရိသတ်ကား ငြိမ်သက်စွာ အားပေးနေသည်။ တစ်ခါတစ်ခါမှသာ ဝေါခနဲပွဲကျသံ၊ လက်ခုပ်သံ၊ လက်ခေါက်မှုတ်သံများ ဆူညံသွားသည်။ နောက်၌ တမျှော်တခေါ် တန်းစီ စောင့်ဆိုင်း နေသော အခြားသံချပ်အသင်း၊ အလှပြယာဉ်များကလည်း ယဉ်ကျေးစွာဖြင့် အသံချဲ့စက်များ ပိတ်ပေး ထားကြ၏။

၁၉၆၈ ခုနှစ်က မန္တလေးတွင် သံချပ်များအပါအဝင် အမျိုးသားအလှပြယာဉ် ၂၄ ဖွဲ့၊ အမျိုးသမီးရေသဘင်အဖွဲ့ ၃၂ ဖွဲ့၊ အလှပြမဏ္ဍပ် ၁၄ ခုနှင့်ရေကစားမဏ္ဍပ် ၃ဝ တို့ ပါဝင်ဆင်နွှဲကြသည်။ နောက်နှစ် ၁၉၆၉ ခုနှစ်မှာတော့ အမျိုးသားအဖွဲ့ ၄ဝ ကျော်၊ အမျိုးသမီးအဖွဲ့ပေါင်း ၄ဝ ခန့်ရှိသည်။ ပြိုင်ပွဲဝင်ကြသည့် အဖွဲ့ပေါင်း ၉ဝ နီးပါးအနက် ယာဉ်အလှပြ ပထမဆုကို ‘စေတနာ’ အဖွဲ့က သုံးနှစ်ဆက်တိုက် ဒိုင်းအပိုင်ဆုရခဲ့၏။ ‘စေတနာ’ အဖွဲ့မှာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ ပါဝင်ဆင်နွှဲကြခြင်း ဖြစ်သည်။ သံချပ်ဆု ကိုလည်း ‘ဗိုလ်သခင်ဆရာ’ အဖွဲ့က သုံးနှစ်ဆက်တိုက် ဒိုင်းအပိုင်ဆု ရသွား၏။

နောက်နှစ်များတွင် ပြိုင်ပွဲဝင်အသင်းများက ပိုမိုများပြားလာ၏။ ၁၉၇၃ ခုနှစ်တွင် မန္တလေး အနောက်မြောက် မြို့နယ်၌ ဧည့်ခံမဏ္ဍပ် ၃ဝ၊ သံချပ်အဖွဲ့ ၂၁ သင်းနှင့် အလှပြယာဉ် ၅ဝ၊ အနောက်တောင် မြို့နယ်၌ မဏ္ဍပ် ၃၂ သင်း၊ ယာဉ်အလှပြ ၂ဝ နှင့် သံချပ်အဖွဲ့ ၁၉ သင်း၊ အရှေ့တောင်မြို့နယ်တွင် မဏ္ဍပ်ပေါင်း ၁၂၉ သင်း၊ သံချပ် ၁၇ သင်းနှင့်အလှပြယာဉ် ၁၃ သင်း၊ အရှေ့မြောက်မြို့နယ်တွင် မဏ္ဍပ် ၁၈ သင်း၊ သံချပ် ၇ သင်းနှင့်အလှပြယာဉ် ၈ သင်းတို့ ပါဝင်ဆင်နွှဲသဖြင့် တစ်မြို့လုံး အတိုင်းအတာနှင့် ခြုံငုံကြည့်လျှင် မန္တလေး၏ အရပ်တိုင်း၊ ပြတိုင်း၌ နေရာမလပ် စည်ကား ခြိမ့်သည်းနေမှာ သေချာသည်။

၁၉၇၅ ခုနှစ်မှာတော့ အနောက်မြောက်မြို့နယ်တွင် မဏ္ဍပ် ၂၂ သင်း၊ အလှပြယာဉ် (၈)သင်း၊ သံချပ် ၁၄ သင်း၊ အနောက်တောင်မြို့နယ်တွင် မဏ္ဍပ် ၂၂ သင်း၊ ယာဉ်အလှပြ ၁၄ သင်း၊ သံချပ် ၆ သင်း၊ အရှေ့တောင်မြို့နယ်တွင် မဏ္ဍပ် ၂၄ သင်း၊ အလှပြယာဉ် ၁ဝ သင်း၊ သံချပ် ၁၇ သင်းနှင့် အရှေ့မြောက်မြို့နယ်တွင် မဏ္ဍပ် ၂၄ သင်း၊ အလှပြယာဉ် ၉ သင်း၊ သံချပ် (၂၇)သင်းတို့ ပါဝင်ဆင်နွှဲခဲ့သည်ဟု ဆို၏။

အစည်ကားဆုံး သင်္ကြန်များ
——————————–

၇ဝ ဝန်းကျင် နှစ်ကာလများ၌ အစည်ကားဆုံးဟု ဆိုရမည့် ၁၉၇၃ တွင် တစ်မြို့လုံး၌ အသင်းပေါင်း ၃ဝဝ ကျော် ခြိမ့်ခြိမ့်သည်းမျှ ပါဝင် ဆင်နွှဲကြသည်က ဂုဏ်ယူ မှတ်တမ်းတင်ဖွယ် ဖြစ်၏။ ထိုကာလများကား နှောင်းခေတ် မန္တလေး သင်္ကြန်၏ ရွှေရောင်နှစ်များလည်း ဖြစ်သည်။ အဆိုအတီး ကလည်း အပြိုင်အဆိုင်၊ အကအလှကလည်း အပြိုင်အဆိုင်၊ သံချပ်အသင်းတွေကလည်း အပြိုင်အဆိုင်….။

မန္တလေးသင်္ကြန်နှင့်အတူ ပေါက်ဖွားလာသော ‘မြို့မ’ အသင်းကြီးကလည်း ဓားတန်းရပ် အသင်းတိုက်ရှေ့မှ ငွေငန်း အလှပြယာဉ်ကြီးဖြင့် နှစ်စဉ်မပျက်မကွက် ဂီတ အသစ်အဆန်းများ သီဆို တီးမှုတ်ကာ ဆက်ခံ ဆင်နွှဲသည်။ ထိုစဉ်က နာမည်ကျော်ကြား ထင်ရှားလှသော ရုပ်ရှင်မင်းသား ဝင်းဦးကလည်း ၁၉၆၇ ခုနှစ်မှ စတင်ကာ ၁၉၇၈ ခုနှစ်ထိ ၁၉၆၈ ခုနှစ်မှလွဲ၍ ၁၁ နှစ်တိုင်တိုင် မပျက်မကွက် ပါဝင်ဆင်နွှဲခဲ့သော ရွှေရောင်သင်္ကြန် ဆယ်စုနှစ်လည်း ဖြစ်သည်။

ဗဟိုမဏ္ဍပ်ရှေ့ရောက်ဖို့ လူအုပ်ကြီးကို မနည်း တိုးသွားရသည်။ ဆိတ်ပုဆိုးကြမ်းသည်၊ မုန့်လင်မယားသည်၊ ချွေတာရေးမုန့်သည်၊ ခဲလန်ချောင်းသည်များက လမ်းမကြီးဘေးမှာ အစီအရီ.။ သင်္ကြန်တွင်း ၄ ရက်စလုံး ရောင်းချကြ ရမှာမို့ ထိုနေရာ၌ပင် တဲထိုးကာ တစ်မိသားစုလုံး ရောက်လာနေကြ၏။ ကြံရည်ကြိတ်စက်က ခြူသံတချွင်ချွင် နှင့် အောက်လင်း ဓာတ်မီးရောင်အောက်တွင် အနားမရ မူးချာပတ်ချာ လည်နေသည်။

ပြိုင်ပွဲဝင်မည့် သံချပ်အဖွဲ့တွေက တန်းစီ စောင့်ဆိုင်းနေ၏။ လူအုပ်ကြားမှာ အတင်းဝင်တိုးပြီး ပြိုင်ပွဲဝင်မည့် သံချပ်အသင်းကားနှင့် မြင်သာရုံနေရာအထိ ဝင်ကြရသည်။ မဏ္ဍပ်ပေါ်၌ ရွာစားကျော်က ပတ်လုံးများမှ ပတ်စာရေစာ ညှိသံကိုအသံချဲ့စက်မှ ကြားရသည်မှတစ်ပါး ဘာသံမှမရှိ။ အားလုံးက ပြိုင်ပွဲဝင် သံချပ်အသင်းကားဆီ စူးစိုက် ခေါင်းမော့နေကြ၏။

ပြေကောင်းအောင် ဆောင်မကိုးရယ်လို့၊ ရွှေဒေါင်းတောင် ကလောင် တစ်မျိုးရယ်နှင့်
—————————————————————————————

ပြိုင်ပွဲဝင် သံချပ်အဖွဲ့ကားက အဖြူရောင်။ မြန်မာ့ရိုးရာ ကောက်ကြောင်းဖြင့် ရွှေစာယွန်း ပန်းချီဟန် သင်္ကြန်သရုပ်ဖော် အရုပ်များက ကားဘေး၌ လှပစွာ ရေးခြယ်ထား၏။ ရွှေရောင်၊ မိုးပြာရောင်၊ ခရမ်းရောင်၊ စိမ်းနုရောင် ယှက်သန်းနေသော ရွှေဒေါင်းတောင် ကလောင်ပုံကြီးက ကားတစ်ဖက်တစ်ချက် ခံ့ညား ကော့ညွှတ် ချွန်မြနေသည်။ ဗဟိုမဏ္ဍပ်ပေါ်မှ အကဲဖြတ်အဖွဲ့၏ အချက်ပေး ငွေမောင်းသံနှင့် မီးစိမ်းလေးလင်းလိုက်သည်နှင့် ပြိုင်ပွဲဝင်သံချပ်အဖွဲ့၏ ကားဦးမှ မီးတောက်မီးလျှံများက မီးခိုးလုံးနှင့်အတူ စတင် ထွက်ပေါ်လာသည်။ ထို့နောက် လေ့ကျင့်ထားသော အဖြူရောင် ကော့ခိုကလေး ၅ ကောင် ရုတ်တရက်ထပျံကာ မဏ္ဍပ်ပေါ်မှ အကဲဖြတ်အဖွဲ့၏ ပခုံးပေါ်၊ စားပွဲပေါ်၊ ပဉ္စရူပ ပတ်မထမ်းပေါ် နားကြပြီး မူလ စတင်ပျံခဲ့ရာ နေရာသို့ ပြန်လာကြသည်။ ပရိသတ်လက်ခုပ်သံ ညံမစဲ၊ ခိုကလေးတွေ ပြန်အရောက် မီးတောက် မီးလျှံ အငြိမ်း ကတ္တီပါကား အနီရောင် အောက်မှ လက်ရာမြောက် ပန်းချီကားကြီး တစ်ချပ် ဖြည်းဖြည်းချင်း။
ကွမ်းအစ်တစ်လုံး၊ သျှောင်တစ်ထုံးနှင့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံ…..။
နောက်ခံအနေနှင့် အောင်မြင် ခံ့ညားသော အသံဖြင့်…..

‘ပြည်ရွာမှာ မညီညာလို့ ကွဲပြန်တော့၊
စိတ်ထဲ မသာမကြည်နှင့်…..
ယတြာ ယာယီနေကောင်းပြီလို့…
အညာဆီ ကဝေပြောင်းခဲ့ပြီး…..
နေသောင်းထောင် အရောင် မညှိုးသလိုပ
ပြေကောင်းအောင် ဆောင်မကိုးရယ်လို့…
ရွှေဒေါင်းတောင် ကလောင် တစ်မျိုးရယ်နှင့်…..
တောင်ရိုးမှာ ဆရာကြဲမပေါ့လို့…..’ တဲ့လေ….။

ထို့နောက် ……၊ ထို့နောက် ……။

မှုန်ဝါးပျောက်ကွယ်လု သင်္ကြန်ပုံရပ်များ
————————————————-

ကျွန်တော်တို့ မိတ်ဆွေများဖြစ်သည့် ပုလင်းဝင်းသားများ၏ ဒဿဂီရိသံချပ်အသင်းသည် ထိုနှစ်က နောက်ဆုံးပိတ် အိတ်နှင့် လွယ်ဆိုသလို သံချပ်တွေ မြိုင်မြိုင် တိုင်သွားသံကား ကျုံးမြို့ရိုးပြာသာဒ်များဆီ အထိ ရိုက်ခတ်ခဲ့ပြန်ပေါ့။ ၁၉၇၆ ခုနှစ်တွင် တစ်မြို့လုံး သံချပ်၊ ယာဉ်အလှ၊ မဏ္ဍပ် စုစုပေါင်း ၁ဝ၄ သင်း၊ ၁၉၇၇ ခုနှစ်တွင် ၄၅ သင်း၊ ၁၉၇၈ တွင် ၃၄ သင်းဟူသော စာရင်းများအရ မန္တလေးသင်္ကြန်၏ စည်ကားမှု ဂရပ်မျဉ်းများ သိသာစွာ ကျဆင်းသွားတော့သည်။

သည်လိုနှင့် ယိုင်နဲ့လာသော စီးပွားရေး၊ ကျပ်တည်းလာသည့် လူထု၊ တင်းကျပ် ကွပ်ညှက်လာသည့် စည်းမျဉ်း စည်းကမ်းများဖြင့် လွမ်းဆွတ်ဖွယ် သင်္ကြန်ပုံရိပ်များကား ၁၉၇၉ခုနှစ်မှ စတင်ကာ စည်တိုသံ၊ သီချင်းသံ၊ သံချပ်သံများ တိုးညှင်းခြင်းနှင့်အတူ ဖြည်းဖြည်းချင်း မှုန်ဝါးသွား…..။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW