မေ ၁၄ ၊ ၂၀၂၆
GG (VOM)
ရန်ကုန်မှာ လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေ လမ်းဖြတ်မကူးရင် အရေးယူမှာဖြစ်သလို လူကူးမျဥ်းကျားမှာ အရှိန်ပြင်းမောင်းနှင်တဲ့ ယာဥ်တွေကိုလည်း အရေးယူမှာ ဖြစ်တယ်လို့ သိရပါတယ် ။
လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေ လမ်းမကူးဘဲ တခြားဖြတ်လမ်းနေရာတွေကနေ ပေါ့ဆစွာ လမ်းကူးခဲ့တာကြောင့် ၂၀၂၅ ခုနှစ်မှာ သေဆုံးသူ ၂၇ ယောက်လောက်အထိရှိခဲတယ်လို့ သိရပါတယ်။
ဒါကြောင့် အသက်အန္တရာယ်မဖြစ်အောင် လူကူးမျဥ်းကျားနဲ့ ခုံးကျော်တံတားတွေကနေသာ လမ်းကူးဖို့အတွက် ပြည်သူတွေကို လက်ရှိမှာ အသိပညာပေးနေပြီး အသိပညာပေးကာလကျော်ချိန်မှာတော့ စည်းကမ်းမလိုက်နာသူတွေကို အရေးယူပြီး ဒဏ်ငွေရိုက်မှာဖြစ်တယ်လို့ သိရပါတယ် ။
“အခုက ပညာပေးပဲလုပ်သေးတယ်။ လိုအပ်တဲ့နေရာတွေမှာ လူကူးမျဥ်းကျား ထပ်ဆွဲတာတွေ လိုအပ်တာတွေပြည့်စုံအောင်လုပ်ပြီးမှ အရေးယူမှာပါ။ ကျွန်တော်တို့က အရေးယူပြီး ဒဏ်ကြေးတွေဘာတွေ လိုချင်တာမဟုတ်ဘူး ။ ယာဥ်စည်းကမ်း လမ်းစည်းကမ်း နဲ့အညီ စနစ်တကျသွားစေချင်တာပါ ။ ပြီးတော့ အန္တရာယ် ကင်းစေချင်တာပါ။ ၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံမှာ ယာဥ်မတော်တဆမှု ကြောင့် လူ ၂၇၃၅ ဦးသေဆုံးတယ်။အဲဒီထဲမှာ လမ်းကူးပေါ့ဆလို့ သေဆုံးတာက ၂၇ ယောက်လောက်ရှိတယ်။ လမ်းအသုံးပြုသူတွေ လူကူးမျဥ်းကျားကနေ ကူးဖို့လုပ်သလို ကားတွေကလည်း ရပ်ပေးဖို့လိုပါတယ်။ မျဥ်းကျားကနေ လူကူးနေရင်ကားက ရပ်ကိုပေးရမှာဖြစ်ပါတယ်။ ရပ်မပေးဘဲအရှိန်ပြင်းမောင်း နှင်တဲ့ကားတွေကို ယာဥ်ထိန်းက အရေးယူမှာပါ ။” လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရဲ့ တာဝန်ရှိသူ ဦးလျန်ကျင့်မန်က ပြောပါတယ်။
လူကူးမျဥ်းကျား နဲ့ ခုံးကျော်တံတားတွေကနေသာ လမ်းကူးဖို့အတွက် အသိပညာပေးမှုကို ဒီကနေ့မေ ၁၄ ရက်မှာ ယာဥ်ထိန်းရဲ ၊ YRTC နဲ့ သက်ဆိုင်ရာ ဌာနတွေပူးပေါင်းပြီး စတင် ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
” ဒီနေ့ တကယ်ဖမ်းနေတာ တွေ့တယ်။ ဒဏ်ရိုက်မရိုက်တော့ မသိဘူး ။သိမ်ကြီးစျေးမှာ သားအမိနှစ် ယောက်လို့ထင်တာပဲ ။ လမ်းလယ်ကနေကူးတာ မော်တော်ပီကယ်ကလိုက်တော့ သားကတော့ လွတ်သွားတယ်။ အမေက မပြေးနိုင်တော့ မိသွားတာတွေ့တယ်။ ” လို့ ယာဥ်မောင်းတယောက်က ပြောပါတယ် ။
လူကူးမျဥ်းကျား နဲ့ လူးကူးခုံးကျော်တံတားတွေကို အသုံးပြုပြီးသာ လမ်းဖြတ်ကူးဖို့အတွက် အသိပညာတဲ့ပေးကာလ ကျော်လွန်ပါက အရေးယူမှုအနေနဲ့ ဒဏ်ငွေ ၃၀၀၀၀ ကျပ်အထိ ပေးဆောင်ရနိုင်တယ်လို့ သိရပါတယ်။
