အခန်း (၈၂)

 

ဆူးငှက်

အဘ၏ သံသေတ္တာများ
—————————

ရေဒီယို လိုင်စင်လေး ကိုင်ပြီး အိမ်ပြန်ရောက်တော့ အဘ က မင်းပိုင်တာပဲကွာ၊ မင်းဖာသာ သိမ်းထားလိုက်ပေါ့ ဟုပြောလို့ ကျွန်တော်က အခန်းထဲရှိ ကျွန်တော့် ဗီရိုလေးထဲက အံဆွဲထဲမှာ ထည့်ထားလိုက်သည်။ နေဦး.. ကျွန်တော့် ဗီရို ဆိုလို့ ပြောရဦးမည်။ အိမ်မှာက အဝတ်အစားများကို အဘ၏ သံသေတ္တာ ၂လုံးတွင် စုထည့်ကြသည်။ မှတ်မှတ်ရရ ထိုသံသေတ္တာ၂လုံးက အတော်ကောင်းသည်။

တစ်လုံးကဆို အင်္ဂလန်မိတ် ဟု ထင်ပါ၏။ အတွင်းက ဆေးရောင်က ချောကလက်ရောင် အပြောင်ဖြစ်ပြီး အဖုံးမှာ အံလေးပါသည်။ အပြင်က သော့၂ချက်ခတ်အပြင် သော့ခလောက်နှင့် ခတ်ရသည့် မျောက်လက်လည်းပါသည်။ နောက်တစ်လုံးကလည်း အမျိုးအစားကောင်း ဖြစ်မည်။ ကျွန်တော်နှင့် အဘ အဝတ်အစားတွေက သေတ္တာ တစ်လုံး၊ အမေနှင့် မမခင်ဝင်းက သေတ္တာ တစ်လုံးထည့်ကြသည်။

မမခင်လှတို့ မိသားစုက တံခါးရွက်က သံဇကာ၊ ဘေးနှင့် နောက်က အသားပိတ်နှင့် အံဆွဲ၂လုံးပါသည့် ကြောင်အိမ်ထဲမှာ ထည့်ကြသည်။ နောက် မမခင်ဝင်း အပျိုဖြစ်တော့ သူ့အဝတ်အစားတွေအတွက် ၂၈လမ်း သံဖြူတန်းက ဥဒေါင်းတံဆိပ် သံသေတ္တာ တစ်လုံး ဝယ်ပေးသည်။ အခု မမခင်ဝင်းက အိမ်ထောင်ကျ မုံရွာပြောင်းတော့ ကျွန်တော်က သူ့အခန်းရပေမယ့် အဝတ်အစားကတော့ အဘ သံသေတ္တာထဲ ထည့် ထားရဆဲ ဖြစ်သည်။ ကျွန်တော့် အဝတ်အစားဆိုလို့ အထင်မကြီး ကြပါနှင့်။ ကျွန်တော်မှာ အဝတ်အစား များများစားစားမရှိပါ။

ကျွန်တော်က အခုထိ အဝတ်အစားကို မက်မက်ကပ်ကပ် မရှိလှပေ။ တစ်ခါတရံ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်ဖြစ်တော့ လွန်ခဲ့သော နှစ် ၂၀၊ နှစ် ၃၀လောက်က ပုံများကို တွေ့သောအခါ “သြော်.. အခုဝတ်နေတဲ့ အင်္ကျီလေးက အဲ့ဒီကတည်းကပါလား၊ အခုဝတ်နေတဲ့ အနွေးထည် ဂျာကင်က အခုထိ ဝတ်နေဆဲပါလား” ဟု အမှတ်ရနေသည်။ ကျွန်တော့်မှာ အဝတ်အစား မတင့်တယ်ပုံ စကားစပ်လို့ ပြောပါဦးမည်။

အမလေး မန္တလေးသားတဲ့
———————————-

တစ်နှစ်တင် ရွာရောက်တော့ ဦးကြီးချစ်တီးက ပုဆိုးတစ်ထည် ပေးသည်။ ထိုပုဆိုးက ဦးကြီး မြေပဲ သွင်းတာ တာဝန်ကျေလို့ ကျေးရွာ လ.လ.သ.သ က ဝယ်ယူခွင့် ရသည့် ၂×၈၀ ပလေကပ်လုံချည် ဖြစ်သည်။ အဆင်က အဖြူခံပေါ် အစိမ်းရင့် အကွက်စိပ်လေးများနှင့် ထောင်လိုက်းမှာ လက်တစ်လုံလောက် အစိမ်းရင့် အနားနှင့် ဖြစ်သည်။ ရွာတိုင်းက တာဝန်ကျေဦးကြီးများကို ထိုပုဆိုး ထိုအဆင်ပဲ ဝယ်ခွင့် ပေးသည်။ ပုဆိုးက အဖြူခံမှာ အဆင်နုလေးမို့ တောနှင့် မကိုက်ဟု ဆိုကာ ကျွန်တော့် ကို ပေးလိုက်ခြင်း ဖြစ်သည်။ ကျွန်တော်က အဲ့ဒီအဆင်ကို ကြိုက်ပါ့။

ထို့ကြောင့် နှစ်နှစ်သက်သက် ဝတ်သည်။ ၁၀တန်း ပထမနှစ် နွေကျောင်းပိတ်ရက် မုံရွာကို သွားတော့ တစ်မနက် ကိုမောင်ဝင်းနှင့် ဈေးသစ်ထဲက မမခင်ရီ၏ ရွှေဆိုင်သို့ လိုက်သောအခါ ဆိုင်မဖွင့်မီ ဈေးထဲသို့ ညီအစ်ကို ၂ယောက် ပတ်ကြသည်။ ကိုမောင်ဝင်းက ရှေ့က၊ ကျွန်တော်က နောက် က ပေါ့လေ။ ကိုမောင်ဝင်းက သွက်လက် ချက်ချာကာ အပေါင်းအသင်း ဆန့်သူမို့ တစ်ဈေးလုံး သူ့မိတ်ဆွေတွေ ချည်းဖြစ်ကာ ဆိုင်ပေါက်စေ့ နှုတ်ဆက်သည်။ နှုတ်ဆက်တိုင်းလည်း သူ့နောက်က ကပ်ပါလာသော ကျွန်တော့်ကို ပုခုံးဖက်က “ ဒါက မမရီ မောင်လေ၊ အငယ်ဆုံး၊ မန္တလေးက၊ ၁၀တန်းဖြေထားတာ” မိတ်ဆက်ပေးသည်။

ကြည့်ပါဦး ရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်ရီ့မောင်တဲ့၊ ဒေါ်ခင်ရီကလည်း ဖြူဖြူသန့်သန့် ချောချော၊ အခု ကိုမောင်ဝင်းကလည်း အသားက ဖြူရုံမက ဝင်းလက်နေသည်။ ထို့ပြင် လူက ချောသေး၊ ဝတ်ထားသည့် အဝတ်အစားမှာ စပို့ရှပ်က မိကျောင်းတံဆိပ် နိုင်ငံခြားဖြစ်၊ ပုဆိုးက အိန္ဒိယ ခရုပုဆိုး၊ ဖိနပ်က ကတ္တီပါခင်း။ နောက်ကပါလာတဲ့ မမရီ မောင်အရင်းဆိုတာက မည်းမည်း ပိန်ပိန်၊ ဆံပင်က စုတ်ဖွား၊ အင်္ကျီက ရေဘယ်နှခါချထားသလဲ မသိ၊ လက်နှီးဖြစ်လု ဆေးဆိုးပန်းရိုက် သရက်ထည်ဆင်၊ ပုဆိုးက လ.လ.သ.သ ထုတ်၊ ဖိနပ်က သားရေခင်း သားရေကြိုး၊ အမလေး မန္တလေးကတဲ့၊ ဒို့ဖြင့် ချပ်ကြားချောင်းကြား ကျေးတောကလား ဟု ထင်ကြပေမည်။

ထိုစဉ်ကာလ ကျွန်တော်က အိုးလုံးမှောက်ကာ ဂုတ်ပေါ်ဝဲလု ဆံပင်ရှည် ထားရုံမက လူပျိုပေါက် လှချင်လွန်းလို့ အိမ်ကမသိအောင် မန္တလေး ၈၃လမ်း မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံနားက ကမ္ဘာသစ် ဆံပင်ကောက်ဆိုင်မှာ ဂုတ်ပေါ်က ဆံပင်ကို ကောက်ထားသည်။ ထိုဆံပင်က မဖီးမသင် နှင့် နေပူစပ်ခါး လည်ပတ်နေလို့ နဂိုက မဖြုသည့် အသားကလည်းမွဲခြောက်၊ အစားအသောက်မမှန်လို့ လူကလည်း ပိန်လိန်။ အဲ့ဒီကြား အဝတ်အစား မသေသပ်လေတော့ ပရိတ်သတ်တို့ရေ..၊ မှန်းသာ ကြည့်လိုက်ပေရောလေ။ ကဲ.. ထားပါတော့။

သစ်သားဗီရိုလေး
———————

ခုန စကားဆက်ရလျှင် အဝတ်အစားက များများစားစာ မရှိသော်လည်း ကျောင်းသွားရလေတော့ အမြဲတမ်း သော့၃ချက်ခတ်ထားသည့် အဘ သံသေတ္တာကို ပိတ်ရ ဖွင့်ရတာ အလုပ်တစ်ခုလို ဖြစ်နေသည်။ ပိုဆိုးတာက အဘက သူ့သံသေတ္တာကို အမြဲ သော့ခတ်ကာ ထိုသော့ကိုလည်း သိမ်းထားသည်။ ထိုအခါ သေတ္တာဖွင့်တိုင်း အဘခေါ်ရ၊ အဘရှာရ။ အလုပ်ချိန်ဆိုပါက ဆီစက်ထဲထိ အဘကို သွားခေါ်ရသည်။ အဘကလည်း သူ့သော့ကို ဘယ်သူ့မှမပေး။

ထို့ကြောင့် ကျွန်တော် ၁၀တန်းရောက်သည့်နှစ်မှာပဲ အဘက အေလမ်းရှိ ပရိဘောဂတန်းသို့ သွားကာ အခုဗီရိုလေး ဝယ်ပေးခြင်းဖြစ်သည်။ ဗီရိုလေးက ၃၅၀ ကျပ် ပေးရတာတဲ့။ ရှေ့က တံခါးတစ်ချပ် အပေါ်မှာ မှန်ပါသည်။ ဗီရို အပေါ်ဆင့်မှာ အဝတ်အစားနှင့် အောက်အဆင့်မှာက ကျွန်တော်ဝယ်ထားသော စာအုပ်တွေ ထည့်ထားသည်။ အံဆွဲထဲမှာက မှတ်ပုံတင်တို့ စာရွက်စာတမ်းတို့ ဓာတ်ပုံတို့ ထည့်ထားသည်။ (ထိုဗီရိုလေးကို ကျွန်တော် အဘအမွေအဖြစ် ၂၀၁၀ခုနှစ်လောက်အထိ သုံးခဲ့ပါသည်)

အင်ဂျင်နီယာကျောင်း တက်မလား
—————————————-

ကျွန်တော်က ရေဒီယို လိုင်စင်လေး ဗီရို အံဆွဲထဲ ထည့်ပြီး အပြင်ထွက်လာတော့ အဘက “ လာ.. ထိုင်ဦးကွ၊ မင်းကျောင်းတက်ဖို့က ဘယ်လို စိတ်ကူးထားလဲ၊ ဒို့ကတော့ အဲဒါတွေ ဘာမှ မသိဘူး။ မင်းဖာသာပဲ မေးမြန်းပြီး စဉ်းစားတော့။ ငါ မောင်ကျော့် ကို တိုင်ပင်တော့ ကျောင်းပဲ ဆက်ထားလိုက်ပါ။ အဆင်ပြေသွားမှာပါလို့ ပြောတယ်။ နောက်ပြီး မင်းအစ်မ မခင်ရီကလည်း သူလာတုန်းက မှာသွားတယ်။ ကျော်ဆန်းက ကျောင်း ဆက်တက်ချင်တယ်ဆိုရင် တက်ပါစေ။ သူက မတက်ချင်တော့ဘဲ အပြင်မှာ အလုပ်တစ်ခုခု သင်ချင်တယ်ဆိုမှ ကိုလှဘော်နဲ့ တိုင်ပင်တာပေါ့။ တက်ချင်တယ်ဆိုရင်တော့ ကျွန်မကလည်း အဆင်ပြေအောင် ကူမှာပါ တဲ့ ..” ဟု ပြောသည်။

ကျွန်တော်က “ ကျွန်တော်ကတော့ အဘတို့ ထားမယ်ဆို ဆက်တက်ချင်တာပဲ။ အခု အောင်မှတ်အနေနဲ့က ရိုးရိုးတက္ကသိုလ်ပဲ တက်လို့ရမှာပါ” ဟု ဖြေသည်။ အဘက “အေးလေ.. အဲ့ဒါတွေ ငါတို့က နားမလည်ဘူးလို့ ပြောတာ၊ မင်း ဝါသနာပါလို့ ရန်ကုန်က အင်ဂျင်နီယာကျောင်း တက်ချင်ရင်တော့ ငါ ကိုအုန်းဖေကို ပြောကြည့်ပေးမယ်။ သူက ပုံဆွဲဆရာဆိုတော့ တတ်နိုင်လောက်တယ်” တဲ့။ အဘ က အဲ့ဒီလောက် ရိုးသည်။

သူက ကျွန်တော် တူကိုင်လွှကိုင် ဝါသနာပါတာသိတော့ အင်ဂျင်နီယာ တက္ကသိုလ် (ရန်ကုန်က RIT ) တက်ချင်သလားဟု မေးခြင်းဖြစ်သည်။ ထို့ပြင် ကိုအုန်းဖေ ဆိုသည်က ထိုစဉ်က ပ.လ.က က ပုံဆွဲဆရာဖြစ်သည်။ ကိုလှဘော် အစ်မ မမသန်းနု အိမ်သားဖြစ်ပါ၏။ အဘ ရိုးပုံက ကိုအုန်းဖေ ကူညီလျှင် အင်ဂျင်နီယာကျောင်း တက်ခွင့်ရမည်ဟု ယုံကြည်ခြင်း ဖြစ်ပါ၏။ သည်တော့ ကျွန်တော်က “ အဘ၊ ကျွန်တော် အောင်တဲ့ အမှတ်နဲ့က ဆေးကျောင်းတို့၊ အင်ဂျင်နီယာကျောင်းတို့ မရဘူးလေ။ အနည်းဆုံး ၄ဘာသာလောက် ဂုဏ်ထူးတွေပါပြီး အမှတ်ပေါင်းက ၅၀၀ကျော်မှ။

မနှစ်က ကျွန်တော့်သူငယ်ချင်း တင်မြင့်လေ။ သင်္ဘောတန်းထဲက သစ်စက်ပိုင် ဦးဘရင်ရဲ့သား၊ သူက ဂုဏ်ထူး၄ဘာသာပါလို့ အင်ဂျင်နီယာကျောင်း တက်နေတာ” ဟု ဖြေတော့ ကတုံးသာသာ သူ့ခေါင်းကို ပွတ်ကာ “ မသိပါဘူးကွာ၊ ငါက ဒီအတိုင်း တက်လို့ရတယ်မှတ်လို့၊ မင်းကိုတော့ အဲ့ဒီကျောင်း တက်စေချင်တာပဲ သိတာကွ၊ ကျန်တာ ငါလည်း နားမလည်ပါဘူး” ဟု ဆိုသည်။

နာရီလိုချင်လို့
———————-

မည်သို့ဆိုစေ၊ ဝမ်းသာစရာ သတင်းဆိုသည်မှာ ကျွန်တော် တက္ကသိုလ်သို့ ဆက်တက်ဖို့ သေချာ သွားပြီဟူသော သတင်းဖြစ်ပါ၏။ ထပ်မံသေချာတာကတော့ မည်သို့ပင် ဆန္ဒရှိနေစေကာမူ ကိုယ့်အမှတ်အနေနှင့် မန္တလေး ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်ပဲ တက်ရမှာ ဖြစ်သည်။ အဆင့် တစ်ဆင့် ပြီးသွားတော့ ကျွန်တော်က နောက်တစ်ဆင့် တိုးသည်။ အဘကို ကိုမန်းမောင်တို့ ကိုစိန်လွင်တို့ လက်ပတ်နာရီလေးတွေ ဝယ်ထားတာဗျ။ ကျွန်တော်လည်း ကျောင်းတက်ရင် လက်ပတ်နာရီလေး ရှိထားမှဗျ။ သူတို့က မင်းလိုချင်ရင် ဈေးရင်းနဲ့ ရအောင် လိုက်ဝယ်ပေးမယ်။ ၂၅၀ ၊ ၃၀၀ လောက်ဆို ကောင်းကောင်းရတယ်တဲ့ ဟု အရဲစွန့်ပြောလိုက်သည်။

သည်တော့ အဘက “အေး.. ဒါဆိုရင် နောက် ၂ရက်လောက်နေရင် မောင်လှဘော် လာမှာ၊ သူလာမှ တိုင်ပင်ပြီး ဝယ်ကြတာပေါ့” တဲ့။ အဘ က အဲ့လို၊ သူနားမလည်သည့် ကိစ္စဆိုလျှင် နားလည်သူနှင့် တိုင်ပင်ပြီးမှ ဆက်လက် လုပ်ဆောင်သည်ပေါ့။ သည်တော့ ဘယ်တတ်နိုင်ပါ့မလဲ၊ ကျွန်တော်လည်း ကိုလှဘော် မုံရွာ လာမည့် နောက် ၂ရက်ထိ စောင့်ရုံပေါ့လေ။

နာရီ လိုက်ဝယ်ပေးလိုက်ဦး
———————————

အဘ ပြောသည့် အတိုင်းပဲ နောက် ၂ရက်လောက်နေတော့ မုံရွာက ကိုလှဘော် ရောက်လာသည်။ သူက မမခင်ရီ လာစဉ် ပန်းထိမ်ဖိုမျာတွင် အပ်ထားသော ပစ္စည်းများ လာရောက်ယူခြင်းနှင့် အခြား အလုပ်ကိစ္စများလည်း ရှိသည်။ ကိုလှဘော် ရောက်လာပြီး သူ့ကိစ္စတွေပြီးစီးလို့ အိမ်ပြန်ရောက်ကာ ထမင်းစားသောက်ပြီးတော့ အဘ က စကားစသည်။

“မင်း ညီတော်မောင်က လက်ပတ်နာရီ လိုချင်လို့တဲ့။ သူကတော့ မောင်စိန်လွင်တို့ ပတ်ထားတဲ့ ၃၀၀ တန်ကို ဝယ်မယ် ပြောတာပဲ။ ငါကလည်း နားမလည်တော့ သင့်တော်မယ် ထင်ရင် မင်းလိုက်ဝယ်ပေးလိုက်ပါဦး။ နာရီဖိုးအတွက် ငါ ပစ္စည်းပေးလိုက်ပါ့မယ်။ မင်းပဲ ကြည့်စီစဉ်ပေးလိုက်ပါ” ဟု ဆိုတော့ ကိုလှဘော် က လက်ဖက်ကို ဇွန်းနှင့် ကော်စားရင်း “ မင်းလိုချင်တာက ၃၀၀ ဆိုတော့ အဲ့ဒါ တရုတ်က ဝင်တာနေမှာ၊ အဲ့လို နာရီမျိုးက သူဌေးတွေမှ ပတ်တာ” ဟု ဆိုပြီး ရေနွေးကြမ်းငှဲ့ကာ သောက်သည်။

၃၀၀ တန်ဆိုတော့ သူဌေးပတ်တဲ့ နာရီ
——————————————

ကျွန်တော် က ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ဘုရား ဘုရား သူဌေးတွေမှ ပတ်တာ ဟုဆိုတော့ တန်ဖိုးကြီးတယ်။ ၅၀ တန် ၁၀၀ တန်လောက်ဆို တော်ရော့ပေါ့ ဟု ဆိုချင်ပုံရသည်။ ကျွန်တော်က ကိုမန်းမောင် ပြထားသည့် ဒိုင်ခွက်က အပြာလဲ့လဲ့နှင့် day ရော date ရော ပါကာ စတီးရောင် ဝင်းဝင်း လက်ပတ်ကြိုးနှင့် နာရီလေးကို မြင်ကတည်းက သဘောကျနေသည်။ အဲ့ဒီနာရီလေးက ၃၀၀ ဆိုရပြီ။ အခု အဲ့လို နာရီမျိုးက သူဌေးတွေမှ ပတ်တာ ဆိုတော့ ကျွန်တော်လို ကောင်နဲ့ ဝေးပြီပေါ့။

အဘ ကလည်း အစစ သူ့သားမက်ကို လွှဲထားတော့ ဘာမှ ဝင်မပြော။ ကျွန်တော်ကလည်း ဘာဆက်ပြောရမှန်း မသိ။ ကိုလှဘော် က ရေနွေးတစ်ခွက်ကုန်အောင် သောက်ပြီးမှ “ အဲ့ဒီ ၃၀၀ တန် က တရုတ်ဖြစ်ကွ၊ ခဏနဲ့ ပျက်မှာ၊ ၆ လ လောက်ပတ်ပြီးရင် နောက်တစ်လုံး ဝယ်ရမှာ။ ကဲကွာ ၁နှစ် ခံတယ် ထားဦး တစ်နှစ်ကိုပဲ ၃၀၀ ကုန်မှာ၊ နောက်ထပ် ၃၀၀ တန်ထပ်ဝယ် ဒါလည်း တစ်နှစ်ကုန်တော့ ပျက်လို့ နောက် တစ်လုံး ထပ်ဝယ်ရမှာ၊ အဲ့လို တစ်နှစ် တစ်လုံ ဝယ်နိုင်ဖို့က သူဌေးပဲ တတ်နိုင်မှ မဟုတ်ဘူးလား။ မင်းတို့ ငါတို့ ဘယ်တတ်နိုင်ပါ့မလဲကွ” ။ ကိုလှဘော် က လက်ဖက်ခွက် ကိုင်ပြီး အားပါးတရ စားပြန်သည်။ ကျွန်တော်ကတော့ သူပြောတာတွေ နားတော့မလည်၊ မျက်စေ့တော့ လည်နေသည်။ ကိုလှဘော်က လက်ဖက် တစ်ဇွန်း စားပြီး စကားဆက် သည်။

တစ်သက်လုံးမှ တစ်လုံးဝယ်နိုင်တာ
—————————————–

“ မင်းတို့ ငါတို့က နာရီကို တစ်နှစ် တစ်လုံးမပြောနဲ့ တစ်သက် တစ်လုံးကိုပဲ အားတင်းဝယ်ကြရတာလေ။ ဒီတော့ အကောင်းစားကိုပဲ တစ်ခါတည်း ဝယ်ထားရင် တစ်သက်လုံး နေရော့ပဲ။ ထပ်ဝယ်စရာ မလိုတော့ဘူးကွ၊ ဒီတော့ ဝယ်မယ့် ဝယ် ကောင်းတာပဲ တစ်ခါတည်း ဝယ်လိုက်၊ အခု အချိန်ရှိသေးတယ်၊ လာ လိုက်ခဲ့။ မင်းနဲ့ ငါဈေးချိုသွားစို့၊ ကိုင်း ဦးလေးလူ က ဘာပစ္စည်းပေးလိုက်မှာလဲ” ဟု ဆိုကာ ပြောပြောဆို ထပြီး စောစောက ချွတ်ထားသော အင်္ကျီကို ပြန်လျှိုသည်။

ကျွန်တော်လည်း ပြာခနဲဖြစ်အောင် နားလည် သဘော ပေါက်သွားတော့သည်။ အဘ က ဘုရားစင်ပေါ် က သူ့လက်စွဲ သော့တွဲကို ယူပြီး သော့ ၃ချက်ခတ် သူ့သံသေတ္တာကြီးကို ဖွင့်သည်။ အဝတ်တွေ အောက်ဆုံးက ယုန်မွှေးတု အနီရောင်ရဲရဲ အိတ်လေးကိုယူသည်။ ဇတ်ကိုဖွင့်သည်။ အတွင်းက ပစ္စည်း တစ်ခုကို ထုတ်ပြီး ကိုလှဘော် လက်ထဲ ထည့်လိုက်သည်။

ဈေးချိုရောက်တော့ ကိုလှဘော်က ရွှေဆိုင်တန်း မှာရှိသော သူ့ဖောက်သည် ရွှေဆိုင်ကို အရင်ဝင်သည်။ ဆိုင်ရှေ့ ကောင်တာဘေး ရပ်လိုက်သော ကိုလှဘော်ကို မြင်တော့ ဆိုင်ရှင်က မျက်မှန်ပေါ်က ကျော်ကြည့်ပြီး “ ဆရာဘော်၊ ခုနမှ ပြန်သွားတာ အခု ဘာအရေးကြီးပြန်လို့လဲ၊ ဘာလုပ်ပေးရမလဲဗျ” ဟု မေးတော့ “ ဒီပစ္စည်းလေး က ကျွန်တော့် ယောက္ခမ ပစ္စည်းပါဗျာ၊ ချိန်ကြည့်ပြီး ပေါက်ဈေးကျသင့်တာနဲ့ ယူလိုက်ပါ၊ ဝယ်စရာလေးရှိလို့ ” ဟု ကိုလှဘော် က ဖြေရင်း သူ့လက်ထဲက အဘပေးလိုက်သော ပစ္စည်းလေးကို ဆိုင်ရှင့် လက်ထဲ ထည့်လိုက်သည်။

ဆိုင်ရှင်က မှတ်တိုက်ကြည့်ပြီး ချိန်သည်။ ထို့နောက် တွက်ချက်သည်။ “ကိုင်း ဆရာဘော်ရေ..၊ ဒီနေ့ရွှေဈေးနဲ့ဆို အခုပစ္စည်းက ၇၅၀ ရမယ်ဗျ၊ ကျွန်တော် ဘာမှ မနှုတ်တော့ပါဘူး” ဟုဆိုက် သေတ္တာလေးထဲက ပိုက်ဆံ ၇၅၀ ကိုရေပြီး ပေးသည်။ ကိုလှဘော်က ဆိုင်ရှင်ပေးသော ငွေကျပ် ၇၅၀ကို သူလွယ်ထားသည့် မိုးကာ အိတ်ထဲထည့်သည်။ ဆိုင်ရှင် က ချိန်ခွင်ထဲက ပစ္စည်းကိုယူပြီး နောက် သေတ္တာလေး တစ်လုံးထဲ ထည့်သည်။ ကျွန်တော်က အဘ ပေးလိုက်သည့် အမေ့ ရွှေစိုက်ဘီးလေးကို သံယောဇဉ်ကြီးစွာ လှမ်းကြည့်နေမိသည်။

အော်တိုမစ်တစ် နာရီအသစ်
———————————

ကိုလှဘော်က မြောက်မလွယ်က ထွက်ပြီး မြောက်ဘက် တိုက်တန်ဆီသို့ ဗိုလ်ချုပ်လမ်းကို ဖြတ်ကာ သွားသည်။ ကျွန်တော်က သူ့နောက်ကပေါ့။ မြောက်ဘက်တိုက်တန်း မြောက်အစွန်မှာ ကိုကိုစိန်လှိုင် မမခင်ထွေးတို့၏ ယဉ်မွန် လုံချည်ဆိုင် ရှိသည်။ ကိုလှဘော်က မမခင်ထွေးကို နာရီဆိုင်နေရာမေးတော့ မမခင်ထွေးက တောင်ဘက် ၅ဆိုင် လောက်မှာ ရှိသော နာရီဆိုင်ကို ညွှန်းလိုက်သည်။ နာရီဆိုင် က ခမ်းနားသည်။ ကိုလှဘော် က ဆိုင်းဘုတ်ကို မော့ကြည့်ပြီး “ ဟုတ်တယ်ကွ၊ ဒီဆိုင်ပဲ၊ ငါ့နာရီကလည်း ဒီဆိုင်ကပဲ ဝယ်တာ” ဟု ပြောသည်။

ထို့နောက် ဆိုင်ထဲ ဝင်ပြီး ကိုလှဘော်က နာရီတွေ ကြည့်သည်။ ဆိုင်ရှင်ကလည်း စိတ်ရှည် လက်ရှည် ပြသည်။ နောက်ဆုံးတော့ ကိုလှဘော်က နာရီတစ်လုံးကို စိတ်တိုင်းကျ ရွေးကာ ဝယ်လိုက်ပါတော့သည်။ နာရီက swss မိတ် TITONI မော်ဒယ် နံပတ်က 009 တဲ့၊ ပတ်ကင်ပိတ် အသစ်စက်စက်။ တန်ဖိုးက ၇၂၅ ကျပ်တဲ့။ ဆိုင်ရှင်က နာရီကို ပက်ကင်းပိတ်ထဲက ဖောက်ပြီး ကျွန်တော့ လက်နှင့် တိုင်းကာ လက်ပတ်ကြိုးကို ဖြတ်ပေးသည်။ ထို့နောက် ပိုသည့် လက်ပတ်ကြိုး အဆစ်လေးတွေကို ပလပ်စတစ် အိတ်လေး နှင့် သေချာ ထုတ်ပေးလိုက်သည်။ ကျွန်တော် က ပတ်ထားသော နာရီကို မချွတ်တော့။

အိမ်ရောက်တော့ ကိုလှဘော်က ပိုသည့် ပိုက်ဆံ အစိတ် (၂၅ ကျပ်) ကို ရွှေဆိုင်ဘောင်ချာ၊ နာရီဆိုင် ဘောင်ချာများနှင့် အတူ ပြန်အပ် လိုက်သည်။ “ နာရီက အော်တိုမစ်တစ် ကွ၊ ရေချိုးမှနဲ့ အိပ်မှ ချွတ်တော့။ လက်လှုပ်နေရင် သူ့ဖာသာ သံပတ်ပေးပြီးဖြစ်တာကွ” ဟု ပြောသည်။ ကိုင်း တက္ကသိုလ်ကျောင်းက မတက်ရသေး၊ အမေ့ ရွှေစိုက်ဘီးလေးက အဘသေတ္တာထဲက ခုန်ထွက်သွားပြီ။

မကြာမီ ၁၀တန်းအောင် အမှတ်စာရင်းတွေ ရပြီ။ ကျွန်တော်က ၃၇၈ မှတ်တဲ့။ ဂုဏ်ထူးရသည့် သင်္ချာဘာသာက ၈၇ မှတ်၊ အင်္ဂလိပ်စာနှင့် ဓာတုဗေဒ က အမှတ် ၅၀ နီးပါးပဲ ရသည်။ ထို့နောက် တက္ကသိုလ် ဝင်ခွင့် အမှတ်စာရင်းစာအုပ်နှင့် ဝင်ခွက် လျှော်လွှာများလည်း ရပြီ။ ကျွန်တော့်ကို ကျွန်တော် ဝါသနာပါသည့် မြန်မာစာတို့ သမိုင်းတို့ လျှောက်ရန် တိုက်တွန်း သူလည်း ရှိသည်။ ကျွန်တော်က ရန်ကုန် တက္ကသိုလ်ရူးမို့ ရန်ကုန်မှာ တက်နိုင်သည့် ဘာသာရပ်ကို မသိမသာ ရှာကြည့်သည်။ ရန်ကုန်မှာ တက်နိုင်တာက ဥပဒေ ဘာသာရပ် တစ်ခုပဲရှိသည်။

သို့သော် ကျွန်တော် မမှီသည့်ပန်း တုံးခု၍ မလှမ်းဝံ့တော့ပြီ။ အိမ်မှာ ခုစရာ တုံးလည်းမရှိတော့။ နောက်ဆုံးတော့ အများနည်းတူပါပဲလေ။ ကိုယ့်အမှတ်နှင့် အမြင့်ဆုံး ရနိုင်သည့် ဘာသာရပ်ကိုပဲ (ကိုယ့်ဘက်က မရှုံးအောင် ဈေးတွက် တွက်ပြီး) ရွေးလိုက်တော့သည်။ မန္တလေး ဝိဇ္ဇာ နှင့် သိပ္ပံ တက္ကသိုလ် က သချာၤဘာသာရပ် သင်ယူခွင့်။
အရေးကြီးတာက စတိုင်ပင်လည်း လျှောက်ရမည်။ ဒါမှ မမောမှာလေ..။

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW