ဧပြီ ၈ – ၂၀၂၆
SN (VOM)
အစိုးရသစ်လက်ထက်မှာ စစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေး အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်သလို တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေကိုလည်း ဦးစားပေး လုပ်ဆောင်နိုင်ဖွယ် ရှိနေတယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
“နိုင်ငံရေး အကျပ်အတည်းတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးပမ်းလာနိုင်တယ်။ နောက်တချက်က တည်ငြိမ် အေးချမ်းရေးပေါ့။ နိုင်ငံအနှံ့ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လာနိုင်တယ်” လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က ပြောပါတယ်။
ဒါအပြင် ဒေသဖွံ့ဖြိုးရေးအတွက်ကိုလည်း ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ စစ်ဘေးရှောင် ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအပြင် စစ်အုပ်ချုပ်ရေးမှ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို အဓိကထား လုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းလာနိုင်သလို ဒေသတွင်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လာနိုင်ဖွယ် ရှိနေတယ်လို့ သူက ပြောပါတယ်။
ဒါအပြင် စီးပွားရေး ပြန်လည် တည်ဆောက်ရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့လည်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်းမရှိတဲ့ လုပ်ငန်းရှင်တွေကို အမည်ပျက်စာရင်း သွင်းခြင်းကဲ့သို့သော စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ တင်းကျပ်မှုတွေကိုလည်း လုပ်ဆောင်နိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီလိုပဲ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနတွေ အနေနဲ့လည်း အစိုးရရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်ရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ခြင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားခြင်းတို့ကို အဓိက လုပ်ဆောင်နိုင်ဖွယ် ရှိနေတယ်လို့ သူက ပြောပါတယ်။
“ပြည်ထောင်စု ဝန်ကြီးတွေအနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ဆောင်ရွက်ကြမှာပေါ့။ ပုံမှန်အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်အောင် ကြိုးပမ်းလာနိုင်တယ်။ အဲဒါအပြင် လွှတ်တော်နဲ့ အစိုးရကြား ညှိနှိုင်း ဆောင်ရွက်ခြင်းတွေကို ဆောင်ရွက်မယ်။ လုံခြုံရေးနဲ့ တည်ငြိမ်ရေးဆိုတဲ့ အပိုင်းနဲ့ ပတ်သက်လို့လည်း ကာကွယ်ရေးနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတွေက လက်ရှိဖြစ်နေတဲ့ စစ်ဆင်ရေးတွေ၊ ဒေသတည်ငြိမ်ရေးနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတာတွေကို အတိုင်ပင်ခံ ကောင်စီတွေနဲ့ ညှိနှိုင်းပြီး လုံခြုံရေးအစီအမံတွေ ချမှတ်တာတွေ လုပ်ဆောင်လာနိုင်ပါတယ်။ တကယ်လည်း လုပ်လည်းလုပ်သင့်တဲ့ အချက်တွေပါ” လို့ သူက ပြောပါတယ်။
ဒါအပြင် ရွေးကောက်ပွဲအလွန်မှာ မြန်မာ့စီးပွားရေးယန္တရား ပုံမှန် ပြန်လည် လည်ပတ်နိုင်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည် ဖိတ်ခေါ်ဖို့နဲ့ နိုင်ငံတကာ သံတမန်ဆက်ဆံရေး ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းခြင်းအပြင် ပညာရေးနဲ့ လူမှုရေးကဏ္ဍမှာလည်း အစိုးရသစ်ရဲ့ ပေါ်လစီတွေအောက်မှာ မျိုးဆက်သစ်လူငယ်တွေ မွေးထုတ်ခြင်းနဲ့ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုတွေကို အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်း ပြုပြင် ပြောင်းလဲခြင်းတွေကို လုပ်ဆောင်လာနိုင်တယ်လို့ သူက ပြောပါတယ်။
အစိုးရသစ် ဖွဲ့စည်းနိုင်ဖို့အတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံထားရသူက အဆိုပြု တင်ပြထားတဲ့ ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာနရဲ့ အမည်စာရင်းကို မနေ့ ဧပြီ ၇ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သဘောတူခဲ့ပြီး အဲဒီ ဌာနတွေကို ပြည်ထာင်စုဝန်ကြီး ၃၀ ဦးနဲ့ ဖွဲ့စည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ တယောက်က “ပြောရရင် အခု အစိုးရသစ်မှာ ပါဝင်လာတဲ့သူတွေက အများစုက လူက မပြောင်းဘူးပေါ့။ အဲဒီတော့ ကျွန်တော်တို့ လူထုကတော့ အဲဒီလို လူမပြောင်းတဲ့အတွက် မူရော ပြောင်းပါ့မလားပေါ့။ သံသယ ဝင်နေတယ်။ အားလုံး မျှော်လင့်နေတာကတော့ ပြောင်းလဲမှုပါ။ အခြေအနေက ဒီထက်ပိုပြီး ကောင်းလာမလား၊ လူမပြောင်းပေမယ့် အစိုးရကတော့ အသစ် ဖြစ်သွားပြီလေ။ ဒါပေမယ့်လည်း လူက သိပ်မပြောင်းတဲ့အခါကျတော့ ‘မူ’ ပြောင်း၊ မပြောင်း အခြေအနေတော့ စောင့်ကြည့်ရမှာပေါ့” လို့ ပြောပါတယ်။
အစိုးရသစ် လက်ထက်မှာ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်း အသစ်တွေ ပေါ်ပေါက်လာနိုင်ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နယ်မြေထိန်းချုပ်ရေး စစ်ပွဲတွေလည်း ကျယ်ပြန့်လာနိုင်သလို အစိုးရဘက်ကလည်း လက်လွှတ်ထားရတဲ့ နယ်မြေတွေ ပြန်လည် ရရှိရေး ထိုးစစ်တွေ စတင်လာနိုင်တဲ့အပြင် တဖက်မှာလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ် ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး အကဲခတ်တွေက ယူဆထားကြပါတယ်။
Photo – VOM
