နှစ်ပတ်လည်စစ်ဆေးချက် မခံတဲ့ CNG ကားတွေကို ယာဥ်စာရင်းကနေပယ်ဖျက်ပြီး ဓာတ်ငွေ့ရောင်းချမှု ရပ်ဆိုင်းမယ်

ဧပြီ ၈ ၊ ၂၀၂၆
CC (VOM)
နှစ်ပတ်လည် စစ်ဆေးမှု ပျက်ကွက်ပြီး သတ်မှတ်စည်းကမ်းတွေကိုလည်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုး သုံးစွဲတဲ့ CNG ကားတွေကို CNG ယာဉ်အဖြစ် ဓာတ်ငွေ့ရောင်းချမှု အပြီးတိုင် ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ဒါကြောင့် CNG ကားပိုင်ရှင်တွေအနေနဲ့ နှစ်ပတ်လည်စစ်ဆေးခြင်းနဲ့ ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းကို ယခုလ ဧပြီ ၃ဝ ရက် အတွင်းမှာ CNG ဌာနကို သွားရောက်ကာ စစ်ဆေးခံယူပြီး CNG ဝယ်ယူခွင့်စာအုပ်နဲ့ ကတ်သစ်ထုတ်ယူခြင်းကို ဆောင်ရွက်ကြဖို့ အသိပေးထားပါတယ်။
CNG ဌာနကို လာရောက်ပြီး နှစ်ပတ်လည် စစ်ဆေးမှုခံယူခြင်းမရှိတဲ့ နှစ်ပြည့်သက်တမ်း ၅ နှစ်ကျော်လွန်တဲ့ CNG ကားတွေကို လာမယ့် မေလ ၁ ရက်နေ့ကစပြီး CNG ယာဉ်စာရင်းကနေ အပြီးအပိုင် ပယ်ဖျက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
နှစ်ပတ်လည် စစ်ဆေးခြင်းခံယူမှု ၅ နှစ်အောက် ဖြစ်တဲ့ CNG ကားတွေကိုတော့ ၁ နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် ၃ လ၊ ၂ နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် ၆ လ၊ ၃ နှစ် ကျော်လွန်ပါက CNG ဝယ်ယူခွင့် ၉ လ နဲ့ ၄ နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့် ၁ နှစ် အဖြစ် ပြစ်ဒဏ်သတ်မှတ်ပြီး ဓာတ်ငွေ့ရောင်းချပေးမှုကို ရပ်ဆိုင်ခြင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ် ။
” CNG ကားအများစုက နှစ်တိုင်း စစ်ဆေးမှုခံယူနေကြပါတယ်။ ဘာလို့ဆို စာအုပ်သက်တမ်းက တနှစ်တခါပဲပေးတာပါ။သက်တမ်းကုန်ရင် CNG ဆိုင်တွေက မဖြည့်ပေးပါဘူး။ ” လို့ CNG ကားပိုင်ရှင်တယောက်က ပြောပါတယ် ။
ဖိအားမြှင့်သဘာဝဓာတ်ငွေ့ (CNG; Compressed Natural Gas)က သဘာဝဓာတ်ငွေ့ကို ဆလင်ဒါအိုးအတွင်း မြင့်မားတဲ့ဖိအားနဲ့ ဖိသိပ်မောင်းသွင်းထားတာကြောင့် အိုးတွေ ကြံ့ခိုင်မှုမရှိခြင်း၊ ဘားများမလုံခြင်း၊ ပိုက်များကြံ့ခိုင်မှု မရှိခြင်းတို့ကြောင့် ပြင်ပကို ဓာတ်ငွေ့ယိုစိမ့်ပါက မီးလောင်ပေါက်ကွဲပြီး သုံးစွဲသူတွေ ထိခိုက်ပျက်စီးနိုင်ပြီး အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ခရီးသွားပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရန် CNG ကားကို နှစ်စဉ်နှစ်ပတ်လည် စစ်ဆေးမှုပြုလုပ်နေပြီး စစ်ဆေးမှုအောင်မြင်တဲ့ ကားကိုသာ CNG အသုံးပြုခွင့်စာအုပ်နဲ့ ကတ်ကို ဆက်လက်ခွင့်ပြုပေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။
” အခုသူတို့က စာထုတ်တာက ၅နှစ်အထိ အစစ်ဆေးမခံတဲ့ကားတွေပေါ့။အဲဒီလိုကားတွေ ရှိနေလို့ သတိ ပေးတာပဲလားတော့ သေချာမသိဘူး ။ ကျွန်တော်တို့သိသလောက်တော့ တနှစ်တခါ စစ်ဆေးမှုဝင်ရတယ်။ သက်တမ်းကျော်ရင် ဂက်စ်ဖြည့်မပေးဘူး ။ CNG ကားတွေက ပုံစဥ် စစ်ဆေးမှုခံယူဖို့တော့ တကယ်လိုအပ်ပါတယ်။ ဘာလို့ဆို ဖိအားမြင့် အိုးဖြစ်လို့ ပေါက်ကွဲနိုင်မှုများပါတယ်။ ဒါပေမယ့်အခုက အိုးတွေက Low Pressure ဖြစ်နေတာပါ။ အဲဒါကို High Pressure ဖြစ်အောင်အရင်လုပ်ပေးရမှာ။ ကားတွေကအများစု အခုအိုးအသစ်တွေ လဲပြီးကြပြီ။ စစ်ရမှာက ဆိုင်တွေကို စစ်ရမှာ ။အရင်က Pressure ၃၀၀၀ လောက်ကို အခုက Pressure က ၂၀၀၀ လောက်ပဲဖြစ်နေတယ်။ ” လို့ CNG ကားပိုင်ရှင်တယောက်က ထပ်မံပြောပါတယ်။
CNG ဆလင်ဒါအိုးတွေကို စတင်ထုတ်လုပ်တဲ့ ခုနှစ်မှစပြီး ၅ နှစ်ပြည့်ပြီးချိန်မှာ ပထမအကြိမ် စစ်ဆေးခြင်း၊ ဒုတိယ ၅ နှစ်ပြည့်ပါက ဒုတိယအကြိမ် ထပ်မံဖိအားခံနိုင်မှု စစ်ဆေးခြင်းကို စနစ်တကျ စက်ကိရိယာတွေနဲ့ စမ်းသပ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
သက်တမ်း ၁၅ နှစ် ကျော်လွန်တဲ့ CNG အိုးတွေ ကိုတော့ ထုတ်လုပ်တဲ့ နိုင်ငံ/ အရည်အသွေး အာမခံမှုပေါ်မူတည်ပြီး သီးခြားထပ်မံစစ်ဆေးကာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမှာဖြစ်ပေမယ့် အိုးအများစုကို ပယ်ဖျက်စာရင်း သတ်မှတ်ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW