ရွှေကူမြို့ကနေ မြို့ခံအများစုတိမ်းရှောင်မှုမရှိသလို မြို့အဝင်လမ်းနဲ့ ရွှေကူ – ငါးအိုးလမ်းလည်း သွားလာနေဆဲ

ဇွန် ၉ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် ၊ ရွှေကူမြို့ကနေ ဒေသခံတွေ တိမ်းရှောင်ဖို့ KIA က သတိပေးထားပေမယ့် မြို့ခံအများစုကတော့ ဒီနေ့အထိ မြို့ကနေထွက်ခွာတာမရှိဘူးလို့ မြို့ခံတွေဆီက စုံစမ်း သိရှိရပါတယ်။
ဒါအပြင် KIA က ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်ထားတဲ့ ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးတွေ ကလည်း အစိုးရတပ် ထိန်းချုပ်ထားတဲ့ လမ်းပိုင်းဖြစ်လို့ ဒီကနေ့ သွားလာမှုရှိပြီး ခရီးသည်တင်လိုင်းကားတွေလည်း ပြေးဆွဲနေဆွဲ ဖြစ်တယ်လို့ သိရပါတယ် ။
မနေ့က ဇွန် ၈ ရက်ကစပြီး ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ ပိတ်ကြောင်းနဲ့ ရွှေကူမြို့ ကနေပါ တိမ်းရှောင်ဖို့ KIA ကစာထုတ်သတိပေးခဲ့တာ ဖြစ်ပါတယ် ။
” သူတို့ပိတ်တဲ့လမ်းကလည်း စစ်တပ်က တပ်ထိုင်ထားတာဆိုတော့ ထွက်လို့ရတယ် ။ ရွှေကူ – ငါးအိုး မန္တလေး လမ်းကိုက တပ်မတော်ကရှင်းပြီးလို့ နေ့ချင်းတောင်သွားလို့ရနေတာကို KIA က စာထုတ်ပြီး ပိတ်တာ ။ လက်တွေ့မှာမပိတ်ထားဘူး ။မန္တလေး ရွှေကူ ကားတွေ ဒီနေ့မနက်ထိ ထွက်သေးတယ်။ရှောင်တာကလည်း မိသားစုလိုက်ဆို ပြောင်းရွေ့ဖို့ခက်တော့ ဆယ်ပုံတပုံလောက်ပဲ ရှောင်ကြတာရှိတယ်။ ဗန်းမော်၊ မိုးမောက် ၊မန်စီက ဖြစ်တော့ ရွှေကူကိုပြေးလာကြတယ်။ အခုရွှေကူဖြစ်တော့ မန္တလေးလိုနေရာမျိုးကလွှဲပြီး ပြေးစရာနေရာမရှိဘူး။ ဖြစ်လည်း ကိုယ့်အိမ်ကိုယ့်ယာမှာပဲ အသေခံမယ့် လူတန်းစားတွေက အများဆုံးပဲ။ ” လို့ ရွှေကူမြို့ခံ တယောက်က ပြောပါတယ်။
ရွေကူမြို့ကနေ ဗန်းမော်ကို စစ်အင်အား တိုးမြှင့်ဖြည့်တင်းနိုင်ဖို့အတွက် အစိုးရတပ်က လုပ်ဆောင်လာတာကြောင့် အစိုးရတပ်သွားလာလှုပ်ရှားမှုရှိတဲ့ လမ်းပိုင်းကို မသွားလာဖို့နဲ့ မြို့ခံတွေ မြို့ကနေရှောင်ပေးဖို့ စာထုတ်သတိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။
သတိပေးထုတ်ပြန်ချက်ကိုမလိုက်နာပဲ ကန့်သတ်တားမြစ်ထားတဲ့လမ်းပိုင်းကို အသုံးပြုခြင်း ၊ မြို့တွင်းကနေ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ ဆက်လက်နေထိုင်ပါက နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာကို တာဝန်ယူမှာမဟုတ်ဘူးလို့ KIA ကသတိပေးထားပါတယ်။
အဲဒီလို စာထုတ်သတိပေးတဲ့အပေါ် မြို့ခံတယောက်က ” မြို့ကနေဘအိုးပစ် အိမ်ပစ် ထွက်သွားဖို့က လွယ်တာမှမဟုတ်တာ ။ ပြည်သူတွေအတွက်တိုက်တယ်ဆိုပြီး ပြည်သူအတွက်မကြည့်ကြဘူး။ ဗန်းမော်တောင် အပြည့်အဝမရသေးဘဲ ရွှေကူကို ဗန်းမော်လို ဖြစ်စေချင်လို့လား မသိဘူး ။ အခုရွှေကူမှာက စစ်ရှောင်တွေရော အကုန်နေကြတာ ။ စစ်ရှောင်တွေလည်း ထပ်ရှောင်ရရင် မလွယ်ဘူး ။ မြို့ခံတွေလည်း အိမ်ကိုထားခဲ့ရရင် ရှိတာအကုန်အခိုးခံရမယ်ဆိုတာ သိနေတော့ ဘယ်သူမှ မရှောင်လိုကြဘူး ။ ခုထိတော့ မရှောင်ဘူး ။ ” လို့ ပြောပါတယ် ။
ပြီးခဲ့တဲ့ မေလဆန်းပိုင်းလောက်ကစပြီး အစိုးရတပ်က ငါးအိုးဘက်ကနေ ရွှေကူကို ထိုးဖောက်ဝင်ရောက်ဖို့ စစ်ကြောင်းတွေ ဖြန့်ကျက်ထိုးစစ်ဆင်လာတာဖြစ်လို့ ရွှေကူ – ငါးအိုးလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီး နှစ်ဖက်အကျအဆုံးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အစိုးရတပ်တွေက ရွှေကူ-ငါးအိုးလမ်းဘေးနေရာတလျှောက်မှာ နေရာယူထားပြီး စစ်ကြောင်းထိုးပြီး ထိုးစစ်ဆက်တိုက်လုပ်နေကြောင်း ၊ ဒီကနေ့မှာဆိုရင် ငါးအိုးကနေတက်လာတဲ့ စစ်ကြောင်းတွေဟာ ရွှေကူမြို့တွင်းကို ဝင်ရောက်မှုရှိလာတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW