ဇွန် ၁၆ ၊ ၂၀၂၆
GG (VOM)
ပဲခူးတိုင်း ၊ ဖြူးမြို့နယ် ၊ ကညွှတ်ကွင်းမြို့ ၊ ခင်တန်းရပ်ကွက်မှာ လူမမယ် ကလေးငယ် မောင်နှမသုံးယောက် ရေနစ်သေဆုံး မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
မနေ့က ဇွန် ၁၅ ရက်နေ့ ၊ နေ့လယ်ပိုင်းမှာ ကလေးငယ်သုံးယောက်ဟာ ခင်တန်းရပ်ကွက် ၊သင်္ချိုင်းကုန်းအနီးက မြေတူးဖော်ထားတဲ့ ရေအိုင်ထဲမှာ ရေနစ်သေဆုံးခဲ့တာဖြစ်ကြောင်း သိရပါတယ်။
သေဆုံးတဲ့ကလေးငယ်သုံးယောက်မှာ အသက် ၁၂ နှစ်အရွယ်တွေဖြစ်တဲ့ ကြယ်စင်အေး နဲ့ မောင်ကြယ်စင်အောင်တို့က အမွှာဖြစ်ပြီး အသက် ၇ နှစ်အရွယ် မဇွန်ပန်းဖြူ ကအငယ်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
” သတင်းရတော့ ၂ နာရီလောက်ဖြစ်မယ်။ ရေနစ်တယ်ဆိုတော့ ရဲကိစ္စဘာညာပြီးတော့ ဆေးရုံကိုပို့လိုက်တယ်။ အဲဒီကမှ အိမ်ကိုပြန်သယ်တာပေါ့။ ဖြစ်တာက ကလေးတွေနေတဲ့ ခင်တန်း တိုးချဲ့မြေနေရာ သင်္ချိုင်းကုန်းနားက မြေကြီးတွေတူးယူထားတဲ့ ကန်ရှိတယ်။အဲဒီထဲမှာသေဆုံးနေတာ။ အမွှာက လေး တန်း ၊ အငယ်က နှစ်တန်းပါ။ ” လို့ ကူညီကယ်ဆယ်ရေး လုပ်ခဲ့သူတယောက်က ပြောပါတယ်။
ကလေးတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ရေနစ်သေဆုံးတာမှန်ကြောင်း အတည်ပြုပြီးနောက် အလောင်းကို နေအိမ်ပြန်လည်သယ်ဆောင်ထားကာ မနက်ဖန် ဇွန် ၁၇ ရက်မှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ် ။
မေ ၂၂ ရက်နေ့ကလည်း ပဲခူးမြို့က ဇလပ်ထော်ရေလှောင်တမံမှာ ရေဆင်းကူးတဲ့ ကလေးငယ်လေးယောက် ရေနစ်သေဆုံးမှုရှိ ခဲ့တယ်လို့ သိရပါတယ်။
မေ ၁၇ ရက်နေ့ကလည်း မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး (၁၂)၊ရေချမ်းအိုး(တောင်)ရွာရှိ ဖက်ဆွတ်ကန်မှာ အသက် ၁၀ နှစ်အရွယ် ကျောင်းသားကလေးငယ်သုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၁၁ ရက်ကလည်း ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ စက်ကန်အမှတ်(၄) (ကန်နီရေကန်)မှာ လူငယ် အမျိုးသားခြောက်ယောက် ရေဆင်းကူးတာမှာ နှစ်ယောက်က ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မေ ၁၀ ရက်နေ့ကလည်း ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာက သဲချောင်းမှာ ရေဆင်းကူးရာကနေ မောင်နှမသုံးယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မေ ၇ ရက် ညကလည်း မန္တလေးတိုင်း ၊ ကျောက်ဆည်မြို့ ၊ ဇရပ်ဖြူကျေးရွာ ဇီးတောချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသားတယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ် ။
အလားတူ မေ ၃ ရက်ကလည်း ကျောက်ဆည်မြို့နယ် ၊ အနောက်ငယ်တိုးကျေးရွာရှိ ပန်းလောင်ချောင်းအတွင်း ရေဆင်းချိုးတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံး ခဲ့ပါတယ်။
ဧပြီ ၉ ရက်နေ့ကလည်း မကွေးတိုင်း ၊ ဂန့်ဂေါခရိုင် ၊ တောင်ကုန်းရပ်ကွက် မြစ်ဆိပ် မြစ်သာမြစ်ထဲမှာ ရေချိုးတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား တယောက် ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၆ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်မှာ ချင်းတွင်းမြစ်အတွင်း ရေဆင်းချိုးတဲ့ ကလေးငါးယောက်အနက် သုံးယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။
အလားတူ မတ် ၄ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ၊ ဟုမ္မလင်းမြို့နယ်မှာလည်း ချင်းတွင်းမြစ်အတွင်း ရေဆင်းကစားတဲ့ ကျောင်းသား ၊ ကျောင်းသူ ၁၁ ယောက်နက် လေးယောက်မှာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ ဟုမ္မလင်းမြို့နယ် မီးသတ်ဦးစီးဌာနက သိရပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၊ နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်ကလည်း မန္တလေးတိုင်း ၊ မြစ်သားမြို့နယ် ၊ သစ်တက်ကုန်းဆည်မှာ ညီအစ်ကိုနှစ်ယောက် ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ဓာတ်ပုံ – ကညွှတ်ကွင်းနာရေးကူညီမှု အသင်း
