ဇွန် ၁၆ – ၂၀၂၆
SS (VOM)
ပခုက္ကူမြို့နယ်၊ ကမ္မမြို့ဘက်ကနေ မြိုင်မြို့နယ်ထဲ ဦးတည်ကာ အင်အား အများအပြားနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့ အစိုးရတပ်စစ်ကြောင်းကြောင့် ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန် ၁၄ ရက်နေ့ကစပြီး ကမ္မမြို့ကနေ စစ်ကြောင်း သုံးကြောင်းခွဲကာ ထွက်ခွာလာတာဖြစ်ပြီး ဒီကနေ့ ဇွန် ၁၆ ရက်၊ မနက်ပိုင်းမှာတော့ ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာကို ရောက်ရှိနေပြီး နောက်တဖွဲ့က မြိုင်မြို့နယ် (တောင်ပိုင်း) သာစည်ရွာအနီးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။
“စစ်ကြောင်း သုံးကြောင်းမှာ နှစ်ကြောင်းက ပြည်သူ့စစ်တွေရှိတဲ့ မြိုင်က တွင်းမရွာကို မနေ့က ရောက်တယ်။ အဲဒီ ရွာကနေမှ ဒီမနက်မှာ တခြားရွာတွေကို ဆက်သွားနေတာ။ ကျန်တဲ့ စစ်ကြောင်း တကြောင်းကတော့ ပခုက္ကူ၊ အိုရင်းရွာ (အနောက်ပိုင်း) က ဘုန်းကြီးကျောင်းထဲမှာ ရှိနေတယ်လို့ သိရတယ်။ တွင်းမရွာထဲက ရိက္ခာကား ခုနစ်စီးလည်း ကမ္မကိုရောက်နေပြီ” လို့ စစ်ရေး သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
လက်ရှိ စစ်ရေးအခြေအနေတွေကြောင့် စစ်ကြောင်းလာရာ လမ်းတလျှောက်ရှိ ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံ ၅၀၀၀ ကျော်ဝန်းကျင် ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေရတယ်လို့ သိရပြီး လက်ရှိ ပခုက္ကူမြို့နယ်အတွင်း မြစ်ခြေနဲ့ ကမ္မတို့မှ စစ်ရှောင် လူဦးရေ စုစုပေါင်း တသောင်းကျော်ရှိနေကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် (တောင်ပိုင်း) မှာ မြေပြင်စစ်ကြောင်းတွေ ဝင်ရောက်ပါက မြိုင် (မြောက်ပိုင်း) နဲ့ အလယ်ပိုင်းနေရာတွေကို အစိုးရတပ်က လေကြောင်းကနေ တိုက်ခိုက်လေ့တာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပြီး ဒီကနေ့ နေ့လယ် ၁၂ နာရီ ၃၅ မိနစ်ဝန်းကျင်ကလည်း မြိုင်နယ် (မြောက်ပိုင်း)၊ မကြီးကန်ရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“လေကြောင်း တိုက်ခိုက်မှုက အသေးစိတ် အခြေအနေကိုတော့ မသိရသေးဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ။ စစ်ကြောင်းတွေကတော့ တရွာဝင်၊ တရွာထွက် လုပ်နေပြီ။ လုံခြုံရေးအခြေအနေ အထူးစိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်။ မနေ့က တွင်းမရွာထဲဝင်ခဲ့တဲ့ ယာဉ်တန်းကတော့ လိုက်လာတာ မတွေ့သေးဘူး။ အဲဒီ ရွာထဲမှာပဲ ရှိနေသေးတယ်။ ကန်တော်ကျေးရွာဘက်မှာလည်း ရပ်နားနေတဲ့ ယာဉ်တန်းတွေ ရှိနေတုန်းပဲ။ လောလောဆယ် စစ်ကြောင်းအခြေအနေက ခန့်မှန်းလို့မရသေးတဲ့အတွက် မြိုင်တောင်ပိုင်းမှာ နေတဲ့သူတွေအားလုံး စစ်ကြောင်းသတိ အမြဲရှိကြဖို့ လိုတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အစိုးရတပ်အနေနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေစဉ်အတွင်း ပခုက္ကူနဲ့ ကမ္မမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်မှာ ဒေသတွင်းလက်နက်ကိုင်တပ်တွေ ထောင်ထားတဲ့ လက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးကို ဇွန် ၁၃ ရက်နဲ့ ၁၄ ရက်နေ့က ဖယ်ရှား ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒေသတွင်း လက်နက်ကိုင်တပ်တွေဟာ ကတ္တရာလမ်းကို ကျင်းတူးကာ ကားမိုင်းအဖြစ် ဆီပီပါခွံတွေနဲ့ လမ်းမကြီးတလျှောက် မိုင်းထောင် ပိတ်ဆို့ထားတာဖြစ်ပြီး ခရီးသွား ပြည်သူတွေကိုတော့ အဲဒီလမ်းမကို ရှောင်ရှားစေကာ တောလမ်းအတိုင်း သွားလာစေပြီး ငွေကြေး ကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။
အစိုးရတပ်တွေဟာ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာမှာ ပခုက္ကူ – ကမ္မလမ်းပိုင်းက ညောင်ဂျစ်ပင်ကျေးရွာအနီးမှာ ဆီပီပါနဲ့ ပြုလုပ်ထားတဲ့ ကားမိုင်းကြီး ၂၃ လုံး၊ လက်လုပ်နင်းမိုင်း ရှစ်လုံး၊ လက်လုပ်မြေမြှုပ်မိုင်း ၁၀ လုံးနဲ့ ကွန်ကရစ်၊ PVC ပိုက်တွေနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်း ငါးလုံးတို့ကို တွေ့ရှိပြီး သက်မဲ့အဖြစ်ပြုလုပ်ကာ ဖယ်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။
Photo – CJ
