ဆူးငှက်
ကျွန်တော်ပိုင်ဆိုင်တာ ဟူသည်
———————————-
ကျောင်းတက်စဉ် ကတည်းက ကျွန်တော် စုမိတာ စာအုပ်တွေပဲ ဖြစ်သည်။ မိုးဝေ နှင့် ရှုမဝ မဂ္ဂဇင်း ၂အုပ်ကို လစဉ် ဝယ်ခဲ့သည်မှာ ၅နှစ်ကျော်ပြီ။ ထို့ပြင် ကိုယ်ဖတ်ချင်သော စာ ပါသည့် အခြားမဂ္ဂဇင်းများကိုလည်း ကြိုးကြားဝယ်ဖြစ်သည်။ ဝတ္ထုစာအုပ်တွေက မြသန်းတင့် ဗန်းမော်တင်အောင် ဒဂုန်တာရာ သခင်မြသန်း ရွှေဥဒေါင်း မောင်သာရ နိုင်ဝင်းဆွေ ချစ်ဦးညို မိုးမိုး(အင်းလျား) စမ်းစမ်းနွဲ့(သာယာဝတီ) စသည်ဖြင့် အဟောင်းရော အသစ်ပါရှိသည်။
အခြား စာအုပ်များ အနေနှင့် လူထုဦးလှ လူထုဒေါ်အမာ ငွေဥဒေါင်း သော်တာဆွေ တို့လည်း ရှိသည်။ ထို့ပြင် နာရီစင်အနီး စာနယ်ဇင်းသမဝါယမ က ကောင်တာ တစ်လုံးမှာ တစ်နေ့တစ်နေ့ သွားငေးပြီး စာအုပ်တစ်အုပ် ဝယ်ဖြစ်ခဲ့တာကလည်း နှစ်ချီကြာခဲ့တော့ ဝတ္ထုမဟုတ်သော အကြောင်းအရာ ပေါင်းစုံ စာအုပ်တွေလည်း ရှိသည်။
လျှပ်တပြက် စာအုပ်ဆိုင်လေး
————————————
ထို့ကြောင့် ဟေမာဇလ အိမ်သို့ ပြောင်းပြီး အိမ်ရှေ့က ဆိုင်သစ်လေးမှာ ဘာလုပ်မှာလဲဟု အဘက မေးတော့ ကျွန်တော်လည်း ဘာမှ ကြိုတင်ပြင်ဆင်မှု မရှိဘဲ “စာအုပ်အငှားဆိုင် ဖွင့်မှာ” ဟု မစဉ်းမစား ချက်ချင်း ပြောလိုက်သည်။ ဘယ်တော့ ဖွင့်မှာလဲဟု အဘက မေးတော့ အခုဖွင့်လိုက်မယ်ဆိုကာ မီးမဆင်ရသေးသော ဆိုင်လေးထဲ ဖယောင်းတိုင် ထွန်းပြီး အိမ်အပေါ်ထပ်မှာ စုပုံထားသည့် စာအုပ်တွေချသည်။ ဆိုင်လေးထဲမှာ စာအုပ်စင်လည်းမရှိ၊ စာပွဲလည်းမရှိ။ ကြမ်းပေါ် စာအုပ်တွေ အထပ်လိုက် ပုံသည်။ မခင်သော်ဇင်က အိမ်ရှေ့ထွက်ပြီး မြောက်ဘက် ဦးစိုးအိမ်က တင်တင်အေးတို့ ညီအစ်မ၊ သူ့မြောက်ဘက် ဦးလှသော် အိမ်က မဝင်းသီ တို့ကို စာအုပ်တွေ ငှားပြီနော်ဟု လှမ်းအော်သည်။ ပြီးတော့ ဟို တောင်ဘက် မခင်မာနီတို့ မတင်တင်ဌေးတို့ ဘက်လည်း လှမ်းအော်၏။ တစ်ခါ အိမ်နောက်ဖေး သွားပြီး ဝင်းထဲက မပြုံးတို့ ညီအစ်မကိုလည်း လှမ်း အသိပေးသည်။ ထို့နောက် ဘာစာပွဲမှ မရှိသော ကြမ်းပြင်ပေါ်ထိုင်ကာ ရှိသည့် ဗလာစာအုပ် လေးထဲ စာအုပ်ငှားစာရင်း မှတ်သည်။ စဖွင့်သည့်ညမှာပဲ အုပ်၂၀လောက် ငှားရသည်။
နောက်ရက်မှာတော့ အနောက်အိမ်ကတည်းက ပါလာသည့် ၄ပေ×၃ပေ ခန့်ရှိ ထမင်းစား စာပွဲကြီးကို ထုတ်ပြီး စာအုပ်တွေကို အထပ်လိုက်တင်သည်။ ထိုနေ့မှာပဲ အိမ်မှာရှိသည့် သစ်သားအတိုအစများနှင့် ဆိုင်လေး၏ နံရံမှာ စာအုပ်တင်ဖို့ တန်းလေးတွေ အဘက ရိုက်ပေး၏။ ဤသို့ဖြင့် တစ်ယောက်တစ်လှည့် သတင်းပေးရင်း စာအုပ်ဆိုင်လေး စဖွင့်တာ အတော်များများသိသွားသည်။ အထူးသဖြင့် အပျော်ဖတ်မဟုတ်သော စာအုပ် အဟောင်းအကောင်းတွေ ရှိတာ သိသွားကြသည်။ မဂ္ဂဇင်းများအနေနှင့်လည်း အပြင်မှာ လူဖတ်နည်းလို့ အငှားဆိုင်မတင်သည့် မိုးဝေလို မဂ္ဂဇင်း စီးရီးလိုက်ရှိတော့ စာသမားပရိသတ်လည်း ရောက်လာသည်။
မှတ်မှတ်ရရ ပရိသတ်တွေ
——————————
ဟို တောင်ဘက် ၂၉လမ်း ဆေးရုံကြီးနားက ဇနီးမောင်နှံ ၂ယောက်လည်း ညစဉ်ရောက်လာကာ မဂ္ဂဇင်း ဟောင်းတွေ ငှားသည်။ သူတို့က နာမည်ကျော် ပန်းချီဆရာ ကိုခင်မောင်စန်း နှင့် သူ့ဇနီး မချို(ခင်နန်းစံ) လေ။ ထို့နောက် ၂၈လမ်း ကန်ထရိုက်တာ ဝင်းထဲက ခပ်ချောချောလှလှ ညီအစ်မ ၂ယောက်လည်း ဖောက်သည် ဖြစ်သွားသည်။ မအေးအေးမြတ် နှင့် မမာလာတဲ့။ သူတို့ညီအစ်မက မြန်မာ ဂန္ထဝင် ဝတ္ထုတွေ ငှားသည်။ အခု စာရေးဆရာရွှေနောင်ရိုး၏ နှမ ၂ယောက်ပေါ့။ ထို့ပြင် ၂၇လမ်းပေါ်က မန္တလေး မြို့မိ မြို့ဖအဖြစ် ထိုစဉ်က ထင်ရှားသူ ဦးဘာဘာ၏ သမီးများ မြေးများလည်း ရောက်လာသည်။ သူတို့ကလည်း ဝတ္ထုပရိသတ်ပေါ့။ သူတို့ထဲက ခပ်ဖြူဖြူ နုနု ချောချော မြေးမလေးက အခု စာရေးဆရာမ ချောအိမာန်(မန္တလေး) ပေါ့။
ကျွန်တော့် အိမ်နှင့် နောက်ဖေးချင်း ကျင်တွယ်ပုံဆက်နေသော တိုက်က ဇနီးမောင်နှံကလည်း မဂ္ဂဇင်းများ ညစဉ် လာငှားသည်။ အမျိုးသားဖြစ်သူက အဖတ်များသည်။ သူ့ကိုတော့ ကျွန်တော်တို့က ဦးစိုင်းဟုပဲ ခေါ်သည်။ အတော်သဘောကောင်းသော အိမ်နီးချင်း ဖြစ်သည်။ ထိုသို့ စာဖတ်နာသော ဦးစိုင်းတို့ ဇနီးမောင်နှံက အမြွှာ ညီအစ်မလေး မွေးဖွားသည်။ ထိုညီအစ်မ၂ယောက် အနက် တစ်ယောက်က အခု စာရေးဆရာမ ဒေါက်တာယဉ်ယဉ်နှောင်း ပေါ့။ သူတို့အိမ်နှင့် မျက်နှာချင်းဆိုင်မှာ အောင်ရန်ကုန်ဓာတ်ပုံတိုက်ရှိပြီး ထိုအိမ်က ညီအစ်မတတွေကလည်း ဆိုင်၏ ဖောက်သည်များ ဖြစ်လာရုံမက နောက်တော့ ဆွေမျိုးလို ရင်းနှီးသွားသည်။ သူတို့အိမ်နှင့် ကပ်ရက်က စာရေးဆရာ စိုးနိုင်(မန္တလေးတက္ကသိုလ်) ရှိသည်။ သူကလည်း ဟေမာဇလရောက် ကျွန်တော့ကို ညီတစ်ယောက်လို စောင့်ရှောက် ပဲ့ပြင် ကူညီခဲ့သည်။
ထို၂၇လမ်းပေါ်မှပဲ ဟေမာဇလ၏ ရပ်မိရပ်ဖ ဒေဝစ္ဆရာဦးလှမြင့်၏ မိသားစု၊ ကိုမြတ်သာတို့ ညီအစ်ကို၊ ပန်းထိမ်ဆရာ ကိုထွန်းဝင်း၊ ကိုသန့်ဇင်ထွေး၊ ဓာတ်စက်ရုံဝင်းထဲက လိုင်းမင်း ကိုကြည်မောင်မိသားစု၊ တောင်ဘက် ဝင်းထဲက ဦးဘရင်ကုန်မာဆိုင်၏ သမီးညီအစ်မများ၊ ကျုံးထိပ်လမ်းက ဒေါ်သန်းမူ ဒန်ပေါက်၊ အိမ်နီကြီး ဒန်ပေါက်၊ ရန်ကုန်ကိတ်မုန့်တိုက် မိသားစု၊ မျက်မှန်နှင့် ကိုစိုးမြတ်ရီ၊ ဆုတောင်းပြည့်ဘုရားပေါက် ဘီသုံးလုံး ကိုအောင်ကျော်ဦး၊ ဆရာဝန် စာရေးဆရာကြီး ဒေါက်တာထွန်းရွှေ၏သား ဆရာဦးမောင်မောင်လေး နှင့် ဇနီးဆရာမ၊ ရွှေစွန်ညို ပလပ်စတစ်၊ ထို ၂၇လမ်းပေါ်က အီလက်ထနောနစ်ဆရာ ကိုမြင့်စိုး ဇနီးမောင်နှံ၊ မျက်နှာချင်းဆိုင်ဝင်းထဲက ကိုမျိုးချစ်(ကဗျာဆရာ မောင်သျှား)၊ နေကြာမူကြိုမိသားစု၊ ဘရားသားခေါက်ဆွဲဆိုင်က မဝေတို့ ညီအစ်မနှင့် စာရေးဆရာ နောင်ရိုး စသည့် အရပ်နီးချင်းများက ညနေစောင်းသည်နှင့် ကျွန်တော့် ဆိုင်လေးဆီ ရောက်လာကြသည်။
စာအုပ်သစ်တွေ လိုပြီလေ
——————————–
ထိုအခါ စာအုပ်အဟောင်းနှင့် မလုံလောက်တော့။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ လုံးချင်းဝတ္ထုတွေ၊ ရုပ်ပြစာအုပ်တွေ တင်ရမည်။ ဆိုင်နာမည်နှင့် ဆိုင်းဘုတ်တွေ၊ တံဆိပ်တုံးတွေ လိုလာပြီ။ ထို့ပြင် စာအုပ်စင် တွေလည်း လိုပြီပေါ့။ စာအုပ်စင်တွေအတွက် လက်သမားကိုစိန်မောင်ကိုပဲ လိုချင်သည့် ပုံစံပြကာ ပြုလုပ်ခိုင်းသည်။ သူက သင်္ဘောတန်း မှာနေပြီး ဆိုက်ကားလည်း နင်းသည်။ ကျွန်တော်တို့ အလုပ်ရုံက ညစောင့်လည်း ဖြစ်သည်။ လက်သမားအလုပ်ကို သူက စိတ်ပါမှ လုပ်သည်။ ပရိဘောဂများပါ သေသပ်ကောင်းမွန်စွာ ပြုလုပ်နိုင်သည်။
ထို့ပြင် ဆိုင်လေးက အရှေ့ဘက်လှည့်သည့် အိမ်ရှေ့မှာ တောင်ဘက်ကပ်ပြီး မြောက်ဘက်လှည့်မို့ အိမ်ပေါက်နှင့် ဝင်းပေါက်ကြား ဆိုင်ရှေ့ ကွက်လပ်တွင် မိုးကာစဖြင့် အရိပ်စင်လေးကို ကိုယ်တိုင်ပြုလုပ်သည်။ ထို့နောက် ဝင်ပေါက် နဖူးစည်းမှာ သားရေတု ရောင်စုံ စိန်တောင် အမှောက်လေးများ ကပ်ရိုက်လိုက်သည်။ ကဲ.. ဆိုင်နံမည် စဉ်းစားစို့။ နဂိုကတော့ စိတ်ကူးထဲက နံမည်တွေ ရှိသပေါ့။ ပန်းမြိုင်လယ်စာပေ တို့၊ ဝေဇယန္တာစာပေတို့၊ အိုယမ်ဟိုင်စာပေ တို့ စသည်ဖြင့်ပေါ့။ သို့သော် စိတ်ကူးယဉ်ကို လက်တွေ့ကျသည့် မြေပြင် အနေအထား ကပဲ အနိုင်ယူသွားပါသည်။ ကျွန်တော်တို့ နေသည့် အိမ်ကို တစ်ရပ်ကွက်လုံးက အောင်ရတနာတိုက်ဟုပဲ သိနေကြ ခေါ်ဝေါနေကြသည်လေ။
အောင်ရတနာပဲပေါ့
————————–
သည်တော့ သည်တိုက်အောက်က ဆိုင်ကလည်း အောင်ရတနာ ပဲပေါ့။ ထို့ကြောင့် ဘာမှ မစဉ်းစားနဲ့တော့၊ ဘာမှ စိတ်ကူးမယဉ်နဲ့တော့။ အောင်ရတနာစာပေပဲပေါ့။ ထို့ကြောင့် ထိုနံမည်နှင့် တံဆိပ်တုံးအပ်သည်။ ဆိုင်းဘုတ်အတွက်က ကိုယ်တိုင်ဆွဲသည့် ဒီဇိုင်းကို ထိုစဉ်က ခေတ်စားနေသည့် ပလပ်စတစ်ပြားဖြင့် ကိုယ်တိုင်ပဲ ပြုလုပ်သည်။ ဆိုင်းဘုတ်က ၁ပေခွဲ ပတ်လည် လေးထောင့် ပါပဲ။ သို့သော် ၆လက်မ ထုယူကာ ၂ဘက်လှ ပုံးလေးလုပ်ပြီး ညရောက်လျှင် အတွင်းက မီးထွန်းသည်။ အဖြူခံတွင် အနီရောင်စာလုံးနှင့် အနီရောင်ကလနား အနီရောင် ထုဖြစ်သည်။ ထိုစာလုံးတွေကို ကျွန်တော်လိုချင်သည့်အတိုင်း ပုံပေါ်အောင် ဒိုင်းလွှနှင့် လှီးပေးတာက တက္ကသိုလ်တက်ဖက် ကိုမြင့်အောင်(မြို့မဘလောက်) ပဲ ဖြစ်သည်။
ထို့ပြင် ထိုဒီဇိုင်းကိုပဲ ဘလောက်ပြုလုပ် ပုံနှိပ်ကာ စာအုပ်အဖုံတွင် ကပ်သည်။ စာအုပ်အသစ်များကိုတော့ စဝယ်ဝယ်ချင်း ထုံးစံအတိုင်း ကိုထွန်းဦး၏ နဂါးစာပေပဲပေါ့။ နောက်တော့ ဆုမွန်စာပေကပဲ ဝယ်ဖြစ်တော့သည်။ ထိုစဉ်ကာလ ဆုမွန်စာပေက ၂၆ဘီလမ်းပေါ် ဘဏ်၁နှင့် မျက်နှာချင်းဆိုင် တိုက်ခန်းမှာမို့ ကျွန်တော်က လမ်းသင့်သည်။ နောက်တော့ ဆုမွန်စာပေက ကိုစိုးနိုင်တို့ မိသားစုနှင့်ပင် ရင်းနှီးသွားလို့ သူတို့ဆိုင် ရုံတော်ကြီးပြောင်းတော့လည်း လိုက်ပါ ဝယ်ဖြစ်သည်။
စာအုပ်အသစ်နှင့် စာအုပ်အဟောင်း အကောင်း
—————————————————-
သည်လိုနှင့် အောင်ရတနာစာပေလေးက လည်ပတ်စပြုပြီပေါ့။ စာအုပ်တွေလည်း များလာပြီ။ ထို့ကြောင့် ကျွန်တော် စုဆောင်းခဲ့သော စာအုပ်ဟောင်းများကို သီးခြားခွဲထုတ်လိုက်သည်။ ထိုကာလမှာပဲ ယခင် နေခဲ့သည့် စိုင်င်္ပြန်ဝင်းပေါက်က ဦးပု၏ ကွမ်းယာဆိုင်က ဖြုတ်မယ်တဲ့။ သူ့ဆိုင်က ကျူလီယာ ပစ္စည်းထည့်သည့် မှန်ဗီရို ရောင်းမယ်တဲ့။ မှန်ဗီရိုက ၅ပေ×၈ပေ အရွယ် ၄ဆင့် ဖြစ်ပြီး ကျွန်းသား လျာထိုးတံခါးရွက် စရွေးစွပ်ဖြစ်သည်။ မှန်များက ဘယ်ဘဂျီယန် မှန်အပါးလေးများသုံးစွဲထားသည်။ ထိုဗီရိုလေးကို အဘက ချက်ချင်း ဝယ်လိုက်သည်။ ဈေးနှုန်းက ၅၀ကျပ်တဲ့။ ထို့နောက် ၃ပေ×၄ပေ မှန်ကောင်တာ တစ်လုံးကိုတော့ ဆိုင်မှာ စာအုပ် ငှားနေကျ ကိုထွန်းအောင်၏ ဖခင် ပရိဘောဂဆရာကို အပ်လိုက်သည်။ ကျွန်းသား အခင်း အကာ အပိတ်နှင့် ၃၀၀ပဲကျသင့်သည်။ ထို့နောက် ကျွန်တော့ စာအုပ်များကိူ ထိုဗီရို၊ ထိုကောင်တာတွေထဲပဲ ထည့်ကာ တိုက်အတွင်း အဝင်ပေါက်ကို မျက်နှာမူကာ ထားလိုက်သည်။ ရှေ့က ဆိုင်ထဲမှာတော့ စာအုပ်သစ်တွေပဲပေါ့။ အတွင်းက စာအုပ်ဟောင်းများကောင်တာမှာတော့ ကျွန်တော်က ထိုင်သည်။
ရှေ့က ဆိုင်မှာတော့ မခင်သော်ဇင်နှင့် ကျွန်တော့် တူမနှစ်ယောက် က ထိုင်ကြသည်။ တိုက်အတွင်း စာအုပ်ဟောင်းကောင်တာ၏ တောင်ဘက်မှာ သစ်သား ကွပ်ပျစ်ပုံစံ ၂ခန်းပေါက် ၁ခန်းကျယ် အပြည့်ခင်းထားပြီး တောင်ဘက်နံရံမှာ လေးထောင့် စင်လေးများ ကပ်ထားပြီး ထိုလေးထောင့် ကွက်အရွယ်စုံထဲတွင် ကျွန်တော်စုဆောင် ထားသည့် ဓာတ်ပုံဟောင်းလေးတွေ၊ ပို့စကတ်လေးတွေ၊ ရှေးဟောင်း ပစ္စည်းလေးတွေ ထည့်ထား၏။ ထို့ကြောင့် တိုက်အတွင်း ကောင်တာကို စာအုပ်လာငှားလျှင် ထိုစင်လေးတွေနှင့် ပစ္စည်းတွေကို မြင်ရသည်။ ထိုသို့စာအုပ်ဆိုင်လေး အရှိန်ရလာခြင်းနှင့် အတူ ပရိသတ်ကလည်း ကျယ်ပြန့်လာသည်။ နန်းတွင်းကလည်း လာငှားသည်။ အများဆုံး လာကြတာက ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းက ဖြစ်သည်။ ထိုစဉ်က ဆေးရုံကြီးအရှေ့ထိပ် ၇၄လမ်း ပေါ်က ၃ထပ်ဆောင်က သူနာပြုသင်တန်းဆောင် ဖြစ်သည်။
ဤသို့ဖြင့် ရပ်ကွက်ထဲက အကြောင်းသိများသာမက အပြင်က ပရိသတ်များလည်း ရောက်လာကြသောအခါ ကျွန်တော့် ဆိုင်လေးတွင် မထင်မှတ်သော ကြောင်းချင်းရာ တစ်ခုကို သိလိုက်ရချိန်၌ ထိပ်လန့်ဖွယ်ဟု ယူဆနိုင်သော်ငြား ငိုအားထက် ရယ်အားသန်ရသည့် အဖြစ်ဟုပဲ မှတ်ယူ လိုက်ရပုံကိုလည်း သတိရပါသေး၏။ အဖြစ်က ဒီလိုပါ..။
ဆူးငှက်
