ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်မြို့နယ်တွေမှာ ဆေးတက္ကသိုလ်နဲ့ အဆင့်မြင့် ကျောင်းတွေ ဖွင့်ဖို့ပြင်နေ

ဇွန်၂၀၊ ၂၀၂၆။
NN(VOM)
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ (MNDAA) က လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင်မြို့တွေမှာ အခုနှစ်ကုန်ပိုင်းကစပြီး AI နည်းပညာကို အသုံးပြုသင်ကြားမယ့် ဆေး တက္က သိုလ်နဲ့ အဆင့်မြင့်ပညာ သင်ကျောင်းတွေ ကို ဖွင့်မယ်လို့ ဒီနေ့ ထုတ် ပြောလာပါတယ်။
လောက်ကိုင်မြို့မှာ လောက်ကိုင် ဆေးပညာ၊ သူနာပြုနှင့် ကျန်းမာရေး သိပ္ပံတက္ကသိုလ် (LUMNHS) တွေကို ဖွင့်လှစ်မှာဖြစ်တယ်လို့ သိရပါတယ်။
လောက်ကိုင် ဆေးပညာ၊ သူနာပြုနှင့် ကျန်းမာရေးသိပ္ပံတက္ကသိုလ် (LUM NHS) ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး AI စနစ်သုံး သင်ရိုးညွှန်းတမ်း ဖြစ်လာမှာဖြစ်ပြီး သူ့ရဲ့အောက်မှာ ဆေးပညာကျောင်း၊ သူနာပြုကျောင်းနဲ့ ကျန်းမာရေးသိပ္ပံကျောင်းတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။
ဆေးပညာနှင့် ပညာရေးဆိုင်ရာ စာတမ်း​တွေမှာ “AI (ဉာဏ်ရည်တုပညာ)ပေါင်းစပ်ထားသည့် အရည်အချင်းအခြေပြု သင်ရိုးညွှန်းတမ်းတွေနဲ့ အဓိက သင်ကြားမှာဖြစ်တယ်လို့ သိရပါတယ်။
သင်ကြားရေးအပိုင်းကို အထူးဒေသ (၁) မှာရှိတဲ့ အထူးကုဆရာဝန် ၃၀ ကျော်က ဦးဆောင်မယ်လို့ သိရပါတယ်။
ဆေးပညာကျောင်းကို ၂၀၂၇ ခုနှစ် နှစ်ဦးပိုင်းမှာ ကျောင်းသား ၅၀ နဲ့ စတင်ဖွင့် လှစ်မှာဖြစ်ပြီး AI နည်းပညာပေါင်းစပ်ထားတဲ့ အရည်အချင်းအခြေပြု သင်ရိုးညွှန်းတမ်းကို အသုံးပြုမယ်လို့ ဆိုပါတယ်။
တက်ရောက်မယ့်သူတွေဟာ အနည်းဆုံး ၅ နှစ်ခွဲ (ဘွဲ့ကြို ၄ နှစ်ခွဲနှင့် အလုပ် သင် ၁ နှစ်) တက်ရောက်ရမယ် လို့ သိရပါတယ်။
သူနာပြုကျောင်းကိုတော့ ၂၀၂၆ ခုနှစ်အတွင်းမှာပဲ ဖွင့်လှစ်မှာဖြစ်ပြီး ကျောင်း သား ၅၀ လက်ခံမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးသိပ္ပံ ကျောင်းကို ၂၀၂၇ ခုနှစ်မှာ ဖွင့်လှစ်မယ်လို့ MNDAA က ပြောပါတယ်။
နည်းပညာအထက်တန်းကျောင်းကိုတော့ အခုနှစ်ကုန်ပိုင်းမှာ ကွတ်ခိုင်မြို့နယ် အတွင်း ဖွင့်မယ်လို့ သိရပါတယ်။
“ကွတ်ခိုင်မှာတော့ အဆောက်အအုံတွေ တိုးပြီးဆောက်နေတာတော့ ရှိတယ်အထက်တန်းကျောင်းကတော့ ဘယ်နားဖြစ်မယ်ဆိုတာ အတိအကျ မသိရသေးဘူး။ သူတို့လုပ်မယ်လို့တော့ ပြောတယ်” လို့ ကွတ်ခိုင်မြို့ခံတ ယောက်က ပြောပါတယ်။
ပညာရေးကောလိပ်ကို သိန္နီမှာ ဖွင့်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်ကုန်ပိုင်းမှာ အပတ် စဉ် (၁) စမယ်လို့ MNDAA ဘက်က ဆိုပါတယ်။ သင်တန်းကျောင်းကို PhD နဲ့ MSc ဘွဲ့ရ ဆရာ၊ ဆရာမတွေက ဦးဆောင်မယ်လို့ သိရပါတယ်။
သိန္နီမြို့ခံတွေကတော့ ဆရာအတတ်သင်ကျောင်းတွေအပြင် ကလေးတွေ အတွက် အခြေခံပညာ စာသင်ကျောင်းတွေကို တိုးချဲ့ဖွင့်ပေးဖို့ ပိုလိုလား နေကြပါတယ်။
“ပညာရေးကောလိပ်ဖွင့်တာလည်း ကောင်းပါတယ်။ ဒီမှာက တမြို့နယ်လုံးမှာ စာသင်ကျောင်း တကျောင်းပဲ ဖွင့်နိုင်တာ။ ကလေးတွေ အကုန်လုံးနီးပါးက လားရှိုးတို့၊ မန္တလေးတို့ပဲ ကျောင်းသွားတက်တာများတယ်။ ကျောင်းတွေပဲ အရင် လုံလောက်အောင် ဖွင့်နိုင်ဖို့ လိုနေတာ” လို့ သိန္နီမြို့ခံတယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်းမှာ သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံ အပါအဝင် ရှမ်းမြောက် မြို့ပေါင်း ၁၀ မြို့နီးပါးကို MNDAA က သိမ်းပိုက်ထားတာဖြစ်ပါတယ်။
ပုံစာ ကိုးကန့်ဒေသ တွင် ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများအားတွေ့ရစဉ် ပုံ the kokang

Related posts

Leave a Comment

VOM News

FREE
VIEW