ကျင်ဒွေးမြို့ကို လေကြောင်းတိုက်ခိုက်ခံရလို့ ခြောက်ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာပြင်းထန်

ဇွန် ၂၀ ၊၂၀၂၆
CC (VOM)
ချင်းပြည်နယ်တောင်ပိုင်း ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်ဒွေးမြို့မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံရပြီး လူခြောက်ယောက်သေဆုံးကာ ၁၁ ယောက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိ ရပါတယ်။
ဇွန် ၁၉ ရက်နေ့ည ၁၁ နာရီ ခွဲလောက်က ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးသူ​တွေရှိသလို ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ် ။

ကန်ပက်လက်မြို့နယ် လူသားခြင်းစာနာဘေးစီမံဌာနကလည်း ကျင်ဒွေးမြို့မှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူခြောက်ယောက်နဲ့ ဒဏ်ရာရသူ ၁၁ ယောက်ရှိကြောင်း ထုတ်ပြန်ထားတာ တွေ့ရပါတယ်။
” ဒဏ်ရာရတဲ့ ၁၁ ယောက်ကလည်း ပြင်းထန်တယ်လို့ ပြောတယ်။ လက်ရှိ ဆေးကုပေးနေတယ် သိရပါတယ်။ ည ၁၁ ခွဲလောက်ဆိုတော့ အိပ်နေချိန် ဖြစ်သွားတာလို့ သိရတယ်။.ကျန်တဲ့ အခြေအနေတော့ သေချာမသိရသေးဘူး ။ ကန်ပက်လက်ကိုတော့ စစ်တပ်ဘက်က လေကြောင်းရော မြေပြင်စစ်ကြောင်းပါး အားကုန်သုံးနေတာ။ ” လို့ စစ်ရေးသတင်းရင်းမြစ် ကပြောပါတယ် ။
ကန်ပက်လက်မြို့နယ် အရှေ့ခြမ်းမှာလည်း ဒီကနေ့ ဇွန် ၂၀ ရက်မှာ လေကြောင်းကနေဗုံးကြဲ တိုက်ခိုက်မှုတွေရှိခဲ့ပြီး ထိခိုက်မှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။
ဧပြီ ၂၉ ရက်နေ့ကလည်း ကျင်ဒွေးမြို့ ၊မုန်းချောင်းတံတားအနီးကို လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ရှစ်ယောက်သေဆုံးကာ သုံးယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ချင်းတောင်ပိုင်းက ကန်ပက်လက်မြို့နယ်အပါအဝင် မင်းတပ် ၊ မတူပီ မြို့တွေကို အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ဖို့အတွက် မြေပြင်စစ်ကြောင်း အင်အားထောင်ချီပြီး စစ်ကြောင်းထိုး တိုက်ခိုက်နေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတယ်လို့ သိရပါတယ်။
ကန်ပက်လက်မြို့နယ်တခုတည်းမှာတင် ဒီဇွန်လ ၂၀ ရက်အတွင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု အကြိမ်ရေ ၄၀ လောက်ရှိခဲ့တယ်လို့ သိရပါတယ် ။
အစိုးရတပ်စစ်ကြောင်းတွေဟာ မေလ လယ်လောက်ကစပြီး ကန်ပက်လက် အပါအဝင် ချင်းတောင်ပိုင်းဒေသတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ လက်ရှိအချိန်ထိဖြစ်ပြီး တိုက်ပွဲတွေပြင်းထန်လာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ

Related posts

Leave a Comment

VOM News

FREE
VIEW