ဇွန် ၂၀ – ၂၀၂၆
SS (VOM)
နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီဝင်၊ ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံရာမှာ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိတဲ့ တွေ့ဆုံမှုမျိုးကို ခွင့်ပြုပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ကို တောင်းဆိုသွားဖို့ ရှိတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကောင်းမင်းခန့်က ပြောပါတယ်။
နိုင်ငံရေးပါတီတွေဆီ ပေးပို့ထားတဲ့ UEC ရဲ့ အခု ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့၊ ရက်စွဲပါ အကြောင်းကြားစာအရ ပါတီတွေအနေနဲ့ နိုင်ငံခြားသံရုံး အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိပါက UEC ကို ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံရမှာဖြစ်ကာ ခွင့်ပြုချက်မရရှိဘဲ တွေ့ဆုံပါက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂ နဲ့အညီ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။
ဒါအပြင် နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေက သီးခြား တွေ့ဆုံခွင့် တောင်းခံလာပါက တွေ့ဆုံမယ့် ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ လွှတ်တော်ရုံးကို တင်ပြ ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်း UEC က အသိပေးထားပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဦးကောင်းမင်းခန့်က “လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ တွေ့ဖို့ဆိုတဲ့စကားမှာ တချို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပမာ ကျွန်တော်တို့ ပါတီမှာဆိုရင် အထူးသဖြင့် စီးပွားရေးလုပ်ငန်း လုပ်တဲ့သူတွေလည်း များတယ်။ တချို့က ကုန်သည်တွေ လုပ်နေတာရှိတယ်။ ဟိုတယ်၊ ခရီးသွား လုပ်နေတာတွေရှိတယ်။ နိုင်ငံခြားနဲ့ ဆက်စပ်ပြီးတော့ လုပ်နေရတဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ တဖက်မှာလည်း နိုင်ငံရေး လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပေမယ့် တဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်။ အဲဒီလို အခြေအနေမျိုးမှာ လုံးဝ မတွေ့ဖို့ဆိုပြီး လုပ်လို့မရတာရှိတယ်။ အဲဒီတော့ နိုင်ငံရေးနဲ့ မပတ်သက်တဲ့ဟာဆိုရင်တော့ တွေ့ခွင့်ပေးဖို့ UEC နဲ့ အစည်းအဝေးတွေ ရှိခဲ့ရင် ကျွန်တော်တို့ဒါကို တင်ပြဖို့တော့ ရှိပါတယ်” လို့ ပြောပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်၊ အဖွဲ့အစည်းတခုခုရဲ့ ငွေကြေးအထောက်အပံ့သော်လည်းကောင်း၊ တခြားသော အထောက်အပံ့တခုခုကိုသော်လည်းကောင်း ယူခဲ့မိပါက နိုင်ငံရေးပါတီများ ဥပဒေအရ ပါတီဖျက်သိမ်းခံရမယ်ဆိုတဲ့ ဥပဒေပြဋ္ဌာန်းထားတာရှိပြီး နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခွင့်အတွက် ခွင့်ပြုချက် တောင်းခံရမယ် ဆိုတာကတော့ လုပ်ထုံးလုပ်နည်း နည်းဥပဒေသဘောမျိုး ဖြစ်သွားတယ်လို့ သူက ပြောပါတယ်။
“UEC က စာလေးလည်း ကျွန်တော်တို့ လက်ခံရရှိတယ်။ နိုင်ငံရေးအရ တွေ့တယ်ဆိုတဲ့အပိုင်းမှာ ခွင့်ပြုချက် တောင်းရမယ်ဆိုတာကတော့ ကျွန်တော့်အနေနဲ့ ကန့်ကွက်စရာ မရှိပါဘူး။ နိုင်ငံရေးအကြောင်း ဆွေးနွေးမယ်ဆိုရင် ကြိုတင်ပြီးတော့ အကြောင်းကြားမယ်၊ ပွင့်ပွင့်လင်းလင်း တွေ့လို့ရတာပေါ့။ ဒါပေမယ့် တဖက်မှာလည်း စီးပွားရေးလုပ်နေတဲ့သူ တချို့မှာ လူမှုရေးအရ၊ စီးပွားရေးအရ ဆက်သွယ်နေတာလေးတွေတော့ ရှိနိုင်တယ်။ ဒါလေးတွေနဲ့ ပတ်သက်ရင်တော့ ချွင်းချက်ထားပေးဖို့ တင်ပြဖို့တော့ ရှိပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ (စ) ပါ ပြဋ္ဌာန်းချက်တွေအရ “နိုင်ငံခြားတိုင်းပြည် တခုခုရဲ့ အစိုးရ (ဒါမှမဟုတ်) ဘာသာရေးအဖွဲ့အစည်း (ဒါမှမဟုတ်) အခြားအဖွဲ့အစည်းတခုခု (ဒါမှမဟုတ်) ပုဂ္ဂိုလ်တဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ရယူသုံးစွဲခြင်း (ဒါမှမဟုတ်) ၎င်းတို့ရဲ့ ဩဇာခံယူခြင်း မပြုရေး” ကို စောင့်ထိန်းလိုက်နာကြဖို့ တာဝန်ရှိပြီး လိုက်နာဖို့ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုင်ငံရေးပါတီတွေဆီ ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၁၁ ရက်နေ့က အကြောင်းကြားစာ ပေးပို့ထားတာဖြစ်ပါတယ်။
ဒါအပြင် နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည်တခုခုရဲ့ အဖွဲ့အစည်း (ဒါမှမဟုတ်) လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကြိုတင် တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံကြဖို့နဲ့ သင့်လျော်တဲ့ အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမှာ ဖြစ်တယ်လို့လည်း UEC က ၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃ ရက်၊ ရက်စွဲပါစာနဲ့ ပါတီအားလုံးကို ထပ်မံ အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ခွင့်ပြုချက် တောင်းခံ တင်ပြခြင်းမရှိဘဲ ပြည်ပအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့တာကြောင့် UEC အနေနဲ့ အရေးယူမှုတွေ လုပ်ဆောင်ခဲ့တာမှာ PPP ပါတီရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ၊ လက်ရှိမှာ ပါတီရဲ့ ဂုဏ်ထူးဆောင်နာယက တာဝန်၊ HR ရဲ့ ကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဒေါ်သက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နဲ့အညီ အရေးယူမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ဟာ UEC ကို ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တဆိုင်မှာ ပြည်ပသံရုံးတရုံးမှ ပုဂ္ဂိုလ်ချို့နဲ့ Mask တပ်ဆင်ကာ တနာရီကြာ တရားမဝင် လျှို့ဝှက်စွာတွေ့ဆုံခဲ့ကြောင်း သတင်းပို့ တိုင်ကြားမှုရှိခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အဲဒီ အကြောင်းအရာနဲ့ပတ်သက်ပြီး UEC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ မှန်ကန်ကြောင်း တွေ့ရှိရတဲ့အပြင် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့မှလည်း မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Photo – CJ
