ဇွန် ၂၀ ၊ ၂၀၂၆
GG (VOM)
စစ်ကိုင်းတိုင်း ၊ ကလေး – တမူးလမ်းပေါ်က ခါမ်းပါတ်မြို့ကို ဒီကနေ့ ဇွန် ၂၀ ရက်မှာ အစိုးရတပ် စစ်ကြောင်းတွေ ဝင်ရောက်ပြီး မြို့ကို ပြန်လည်ထိန်းချုပ်လိုက်ပြီ ဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ် ။
ခါမ်းပါတ်မြို့ကို ပြန်ရဖို့အတွက် ဇွန်လ ၇ ရက်နေ့ကစပြီး အစိုးရတပ်က တမူး၊ ကလေးနဲ့ မော်လိုက်မြို့တွေကနေ စစ်ကြောင်းသုံးခုခွဲကာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ၁၄ ရက် အကြာမှာတော့ ခါမ်းပါတ်မြို့ကို အစိုးရတပ်က ပြန်လည်ထိန်းချုပ် နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” ခါမ်းပါတ်မြို့ကို ပြန်ရပါပြီ ။ အခုနယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ် ။ ” လို့ လုံခြုံရေးတပ်ဖွဲ့ နဲ့နီးစပ်သူက ပြောပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင်က အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေး ခရီးစဉ်သွားရောက်စဥ်မှာ နယ်စပ်ကုန်သွယ်ရေး ပြန်လည် ဖွင့်လှစ်ရန် အပါအဝင် အိန္ဒိယ – မြန်မာ – ထိုင်း သုံးနိုင်ငံ မဟာဗျူဟာမြောက် ကုန်သွယ်ရေးလမ်းမကြီး စီမံကိန်း အကောင်အထည်ဖော် ရေး ဆွေးနွေးသဘောတူညီခဲ့ပါတယ်။
အဲဒီနောက်မှာ အိန္ဒိယ – မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း တခုဖြစ်တဲ့ တမူး-ကလေး ကုန်သွယ်ရေးလမ်းကို ထိန်းချုပ်နိုင်ပြီး အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့အတွက် အစိုးရတပ်စစ်ကြောင်းတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ တမူး – ကလေးလမ်းပိုင်းပေါ်က အဓိကအရေးပါတဲ့ ခါမ်းပါတ်မြို့ကို ပြန်လည်ထိန်းချုပ် နိုင်ပြီဖြစ်တာကြောင့် ကလေး – တမူးလမ်းပိုင်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ပါက ဒေသခံပြည်သူတွေအတွက် အဆင်ပြေကြောင်း သိရပါတယ်။
ကလေး – တမူးလမ်းပိုင်းပွင့်ပါက အိန္ဒိယ – မြန်မာနယ်စပ်ကုန်သွယ်ရေးကတော့ ပြန်လည်စတင်လာနိုင်မှာဖြစ် ပေမယ့် ချက်ခြင်းအကောင်ထည်နိုင်ဖို့ မလွယ်ကြောင်း အချိန်တခုတော့ ကြာနိုင်တယ်လို့ ဒေသခံ ကုန်သည်တချို့က သုံးသပ်ပြောပါတယ်။
” နယ်စပ်ကုန်သွယ်ရေး ပြန်စဖို့ဆိုတာ လုပ်ငန်းစဉ်တွေ အများကြီးရှိသေးတယ် ။ချက်ချင်းကြီးတော့ ဖြစ်မလာနိုင်သေးဘူးလို့ ထင်ပါတယ် ။ လမ်းကြောင်းအနေနဲ့ကတော့ အရင်ပွင့်နိုင်ပါတယ် ။ ကလေး – တမူးလမ်းပွင့်သွားရင် ကုန်ပစ္စည်းတွေ ဖြောင့်ဖြောင့်တန်းတန်း ရောက်လာမယ် ။ဒေသခံတွေ ကျန်းမာရေးကိစ္စတွေ သွားရလာရ အဆင်ပြေလာမယ်။ အခုဟာက တမူးက နေ ကလေးမြို့ ကျန်းမာရေးကိစ္စ ဆေးရုံ ဆေးခန်းသွားဖို့တောင် မလွယ်ဘူး ။”လို့ ပြောပါတယ်။
တမူး – ကလေးလမ်းပိုင်းကို အစိုးရတပ်က ပြန်လည်ဖွင့်လှစ် နိုင်ပါက ဒေသခံပြည်သူတွေအတွက်လည်း အဆင်ပြေသလို စစ်ရေးအရလည်း ချင်းပြည်နယ် ဘက်ကို ဝင်ရောက်နိုင်ပြီး အားသာလာစေနိုင်မှာ ဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ခါမ်းပါတ်မြို့ကိုတော့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှာ NUG လက်အောက်ခံတပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – CJ
