တရားမဝင်ကုန် ဖမ်းဆီးမှုတွေ များနေတာကြောင့် လားရှိုးမြို့တွင်းမှာ အရောင်းအဝယ်တွေ မဖြစ်

ဇွန် ၂၂၊ ၂၀၂၆။
NN(VOM)
တရုတ်ထုတ်ကုန်ပစ္စည်းတွေကို အဓိကထား အရောင်းအဝယ်ပြုနေရတဲ့ ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ အခုရက်ပိုင်း တရားမဝင်ကုန်စည်တွေ ဖမ်းဆီးစစ်ဆေးမှု တင်းကြပ်တာကြောင့် အရောင်းအဝယ်တွေ အေးနေတယ်လို့ မြို့ခံတွေ နဲ့ ကုန်သည်တွေဆီကနေ သိရပါတယ်။
လားရှိုးမြို့ထဲ ကုန်ပစ္စည်း အဝင်အထွက်တွေ ကန့်သတ်ခံထားရတာကြောင့် အလုပ်တွေလည်း မဖြစ်ကြဘူးလို့ ကုန်သည်တွေဆီကနေ သိရပါတယ်။
“ပစ္စည်းက ဘာမှ အဝင်မရဘူး ဖြစ်နေတာ။ ဂိတ်တွေမှာ ဒီရက်ပိုင်း ဘာမှ ပေးမဝင်တော့ဘူး။ အခုက ပိုကြပ်လာတယ်။ အပြင်ကနေ ပစ္စည်းမလာတော့ ရောင်းကုန်မရှိဘူးပေါ့ဗျာ။ မရောင်းရတော့ဘူး” လို့ လားရှိုးမြို့ခံ ကုန်သည် တယောက်ကပြောပါတယ်။
တရုတ်ကလာတဲ့ မုန့်၊ အချိုရည်၊ ဘီယာကအစ တာယာ၊ စက်ပစ္စည်း၊ အိမ် ဆောက် ပစ္စည်း၊ အထည်အလိပ်၊ စိုက်ပျိုးရေးသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းတွေ အားလုံး တရားမဝင်ကုန် အနေနဲ့ သတ်မှတ်ခံထားရတာပါ။
“ပြီးခဲ့တဲ့ တပတ်လောက်က မိုင်းရယ်ဘက်မှာရော မန္တလေးဘက်မှာပါ လားရှိုးကနေ ဖြတ်သွားတဲ့ တရုတ်ကုန်တွေ အဖမ်းခံရတယ်။ အဲဒီနောက်ပိုင်း မြို့ထဲမှာ ပိုပြီး တင်းကြပ်သွားတာ” လို့ လားရှိုးမြို့ခံ တစ်ယောက်က ပြောပါ တယ်။
မြို့တွင် အဖမ်းအဆီးများတာကြောင့် မြို့ထဲက ကုန်စည်သယ်ဆောင်ရေး ဂိတ်တွေကလည်း တရုတ်ကုန်တွေ သိပ်လက်မခံရဲဘူး ဖြစ်နေတယ်လို့ ယာဉ်မောင်းတွေထံကနေ သိရပါတယ်။
လားရှိုးမြို့တွင်းကို ကုန်တွေသယ်မရတာကြောင့် တရုတ်ကုန်တွေ အားလုံး နီးပါး လားရှိုးမြို့ပြင်က ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်တဲ့ နေရာတွေ အထိပဲ ရောက်တော့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဝယ်လက်တွေက မြို့ထဲမလာတော့ဘူး။ မြို့ထဲမှာ အရောင်းအဝယ်က အတော်အေးသွားတာ။ ပြောရရင် နှစ်ဆလောက်ကို ပါးသွားတာ။ အလုပ်မဖြစ် ဘူးပေါ့ဗျာ။ ဒီအတိုင်းဆို မြို့ထဲက ဆိုင်တွေ အကုန်လုံး မြို့ပြင်ရောက် ကုန် မယ် ထင်တယ်” လို့ လားရှိုးမြို့ခံ ကုန်သည်တစ်ယောက်က ပြောပါတယ်။

အစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ်ကတည်းက တရုတ်ဘက်ကနေလာတဲ့ ကုန်ပစ္စည်း တွေကို တရားမဝင်ကုန်စည်အနေနဲ့ သတ်မှတ်ထားပြီး ဖမ်းဆီးမှုတွေ လုပ် နေတာဖြစ်ပါတယ်။
သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်လက်ထက်မှာလည်း ရက် ၁၀၀ စီမံကိန်းအတွင်း တရားမဝင်ကုန်စည် သယ်ဆောင်တာတွေကို တိုက်ဖျက်မယ်လို့ ပြောဆိုထားတာပါ။
ကုန်သည်တွေနဲ့ ယာဉ်မောင်းတွေကတော့ အစိုးရအနေနဲ့ တရုတ်ကုန်စည်တွေအပေါ် သတ်မှတ်အခွန်အခ ကောက်ခံပြီး လွတ်လွတ်လပ်လပ် အရောင်း အဝယ်လုပ်ခွင့်ပေးဖို့ လိုလားနေကြပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW