ဇွန် ၂၂ ၊ ၂၀၂၆
GG (VOM)
ရန်ကုန် ၊ ရွှေပြည်သာမြို့နယ် ၊ ဝါးတရာစက်မှုဇုန်ထဲက Myanmar Chaofa Leatherware Limited (အိတ်ချုပ်)စက်ရုံမှာ ဒေးကြေး ၊ရက်မှန်ကြေး ၊အချိန်ပိုကြေး တိုးပေးဖို့အတွက် အလုပ်သမား ၂၀၀ ကျော်စုပေါင်းပြီး ဆန္ဒပြ တောင်းဆိုနေတယ်လို့ သိရပါတယ်။
အလုပ်သမားတွေတောင်းဆိုနေတာက ဒေးကြေးကို စက်မြင့် – ၁၀၇၀၀ ကျပ် နဲ့ စက်နိမ့် ၁၀၅၀၀ ကျပ် ပေးခြင်းအစား အလုပ်သမားအားလုံးကိုတန်းတူ ၁၂၀၀၀ ကျပ်ပေးရန် ၊ အချိန်ပိုကြေးကို ၂၀၀၀ ကျပ်အစား ၃၀၀၀ ကျပ် တိုးပေးဖို့ ၊ ရက်မှန်ကြေးကို ၃၀၀၀၀ ကျပ်အစား ၅၀၀၀၀ ကျပ်အဖြစ်တိုးပေးဖို့ တောင်းဆိုနေကြတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို ဇွန်၁၈ ရက်နေ့ကစပြီး ဒီနေ့အထိတောင်းဆိုနေတာဖြစ်ကြောင်း ခုချိန်ထိတော့ အလုပ်ရှင်အလုပ်သမားအကြား အဆင်မပြေမှု မရရှိသေးဘူးလို့ သိရပါတယ် ။
” တောင်းဆိုနေတာ လေးရက်ရှိပါပြီ။ ခုထိတော့ အဆင်မပြေသေးဘူး ။ အလုပ်သမားအရေးကူညီသူတွေလည်းခေါ်ပြီး ညှိလို့မရဘူး ဖြစ်နေတော့ ခုထိ တောင်းဆိုနေကြတုန်းပါ။ ခုထိတော့ အားလုံးက သဘောတူညီမှုရတဲ့အထိ တောင်းဆိုဖို့ ဆုံးဖြတ်ထားကြတယ်။ ” လို့ အလုပ်သမား တေယာက္က ပြောပါတယ် ။
အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုနေစဉ်ကာလအတွင်းမှာ တောင်းဆိုနေတဲ့အလုပ်သမားတွေကို အိမ်သာအသုံးပြုခွင့် ၊ ဖယ်ရီကား ၊ သောက်ရေမဖြတ်တောက်ဖို့ပါ တောင်းဆိုနေကြတယ်လို့ သိရပါတယ် ။
” ညှိနိူင်းမှုမှာ အပြင်က သမဂ္ဂတွေကိုခေါ်ခွင့်မပေးတော့ အလုပ်သမားတွေကမညှိဘူးဆိုပြီးတင်းမာနေတာ ။ အလုပ်ရှင်ဘက်က No Work No Pay လို့လည်း ကြေငြာထားတယ်သိရတယ်။အခုက အလုပ်သမားတွေက စက်ရုံဝန်းထဲမှာပဲ တောင်းဆိုနေတာပါ။ညှိနိူင်းမှုမလုပ်သေးဘူး ။စက်ရုံထဲမှာဆန္ဒပြလို့သာ ဦးစီးအရာရှိကဝင်လာတာ ။အလုပ်သမားဘက်က မညွိဘူး ။ခုထိ တောင်းဆိုချက်တွေ အလုပ်ရှင်ဘက်က တခုမှသဘောမတူသေးဘူး ။ အလုပ်ရှင်ဘက်ကတော့ ဒီဘက်မှာအနိမ့်ဆုံးလုပ်ခလစာမထုတ်ပြန်သေးတော့သူတို့ဘက်ကမပေးနိုင်သေးဘူးပေါ့လေ။ အစိုးရကထုတ်ပြန်ရင်တော့တမျိုးပေါ့ ဆိုပြီး ဆင်ခြေပေးတာပေါ့။” လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေတဲ့ STUM သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်မြန်မာက တာဝန်ရှိသူကပြောပါတယ်။
အဆိုပါ စက်ရုံက တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး အလုပ်သမား ၃၀၀ လောက်ရှိကြောင်း လက်ရှိမှာ အလုပ်သမား ၂၀၀ ကျော်လောက်က လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြတောင်းဆိုနေတာဖြစ်တယ်လို့ သိရပါတယ်။
အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုအပေါ် စက်မှုဇုန်လုပ်ငန်းရှင်တယောက်က
” အလုပ်သမားတွေကလည်းသူတို့ လိုချင်တာကို တောင်းကြတာမှန်ပေမယ့် အလုပ်ရှင်ကြတော့လည်း တယောက်တည်းကို ပေးရတာမဟုတ်ဘူးလေ။ လူပေါင်းရာချီရှိသလို ထောင်ချီလည်းရှိတယ်။ ပြီးတော့ ခုကာလမှ, အလုပ်သမားမှ အဆင်မပြေတာ မဟုတ်ပါဘူး ။ အလုပ်ရှင်တွေလည်း ခက်ခဲကြပါတယ်။ အခက်အခဲ ကြားကနေ ရပ်တည်နေကြရတာပါ။ ဒါကြောင့် အလုပ်သမား အလုပ်ရှင် အငြင်းပွားမှုဖြစ်လာရင် နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ညှိဖို့ အရေးကြီးပါတယ်။ ” လို့ မှတ်ချက်ပြု ပြောပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်လစာ အခကြေးငွေကို တနေ့လုပ်ခ ၄၈၀၀ ကျပ်နူန်းကို ၂၀၁၈ ခုနှစ်မှာ သတ်မှတ်ခဲ့ပြီး နှစ်နှစ်မှာတကြိမ် အနည်းဆုံးလုပ်ခလစာနူန်းထားကို ပြင်ဆင်သတ်မှတ်ရမှာ ဖြစ်ပေမယ့် ၈ နှစ်ကြာတဲ့အထိ နူန်းထားသစ်ကို သတ်မှတ်နိုင်ခြင်းမရှိသေးပါဘူး ။
ဒါကြောင့် အလုပ်သမားတွေအနေနဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေတဲ့အတွက် ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာနူန်းထားသစ်ကို သတ်မှတ်ပေးဖို့ အစိုးရကို တောင်းဆိုမှုတွေ ပြုလုပ်နေကြတာရှိပါတယ်။
အစိုးရကတော့ လုပ်ခလစာနူန်းထားသစ်သတ်မှတ်ပေးခြင်းအစား အပိုထောက်ပံ့ကြေးအဖြစ် တရက်ကို ၃၀၀၀ နူန်းစီ ထောက်ပံ့ပေးဖို့ နှစ်အလိုက် ထုတ်ပြန်ခဲ့တာကြောင့် အလုပ်သမားတယောက်ဟာ လက်ရှိမှာ တရက် ၇၈၀၀ ခံစားခွင့်ရရှိတယ်လို့သိရပါတယ်။
ဒါပေမယ့် အလုပ်သမားတွေကတော့ ခေတ်နဲ့လျော်ညီတဲ့ လုပ်ခလစာအဖြစ် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အတွင်း နူန်းထားသစ်တခုကို သတ်မှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
ဓာတ်ပုံ – STUM
