မိုးကောင်းမှာ ရေကြီးလို့ ပြည်သူ သောင်းနဲ့ချီ ရေဘေးသင့်ပြီး အကူအညီတွေလိုအပ်နေ

ဇွန် ၂၁ ၊ ၂၀၂၆
GG (VOM)
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် လူပေါင်း သောင်းနဲ့ချီ ရေဘေးသင့်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်မီးသတ်ဦးစီးဌာနက သိရပါတယ်။
နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေက စိုးရိမ်ရေမှတ်အထက်ကျော်လွန်နေတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက် နဲ့ အလယ်ရပ်ကွက်ရှိ နေအိမ်တွေမှာ ရေကြီးရေလျှံ မှုဖြစ်ပွားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် အဲဒီရပ်ကွက်တွေထဲက ရွှေ့ပြောင်းလိုတဲ့ ဒေသခံတွေကို ကယ်ဆယ်ရေးစခန်း ၁၀ ခုဝန်းကျင်လောက် ဖွင့်လှစ်ပြီး ကူညီ ရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ် ။
” ရွှေ့ပြောင်းလိုတဲ့သူတွေကို သူတို့သွားချင်တဲ့နေရာကို ကူညီပြောင်းပေးတယ်။ ကယ်ဆယ်ရေးစခန်းတွေလည်းရှိတော့ အဲဒီလည်း ပို့ပေးတာရှိတယ်။ ရပ်ပွက်တွေထဲ မရွှေ့မပြောင်းဘဲ နေသူတွေလည်းရှိနေသေးတယ်။ အခုရေဝင်တာကတော့ အနိမ့်ပိုင်းရပ်ကွက်တွေပေါ့ ။ချောင်းရေလျှံတော့ ရေတက်တာ ။ တချို့နေရာတွေက ရင်ခေါင်းလောက် ရေရှိတယ် ။ နေရာတိုင်းတော့မဟုတ်ဘူးပေါ့ ။ ” လို့ မြို့နယ်မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာ ရင်ငြိမ်းပန်းပရဟိတအဖွဲ့က ဦးဆောင်ပြီး ပရဟိတအဖွဲ့တွေပူးပေါင်းကာ ရေဘေးသင့်ပြည်သူဦးရေ ၁၀၀၀၀ အတွက် ထမင်းထုတ်တွေ ဝေငှပေးနေတယ်လို့ သိရပါတယ် ။
” မရွှေ့မပြောင်းပဲ အိမ်မှာပဲဆက်နေနေတဲ့သူတွေအတွက်ကို ရပ်ကွက်အုပ်ချုပ်ရေးကနေ ရပ်ကွက်အလိုက် ရေဘေးသင့် စာရင်းအရေအတွက်နဲ့ ထမင်းထုတ်တွေ လာယူတယ်။ ကယ်ဆယ်ရေး စခန်းတွေကိုလည်း ဝေပေးနေတယ်။ စာရင်းအတိအကျ လုပ်နေပါတယ်။ ” လို့ ရင်ငြိမ်းပန်းပရဟိတအဖွဲဲ့က ဦးဆောင်ဆရာတော်က မိန့်ပါတယ်။
မိုးကောင်းမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူ အရေအတွက်များတဲ့အတွက် အကူအညီတွေလိုအပ်နေကြောင်း ၊ နေအိမ်အတွင်း ရေဝင်ရောက်မှုကြောင့်လည်း ပစ္စည်းတွေ ရေနစ်မြုပ်ပြီး ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေကဆက်လက်မြင့်တက်နေရာ ဒီကနေ့ မနက်ပိုင်း တိုင်းထွာချက်အရ နန့်ရင်ချောင်းရေဟာ စိုးရိမ်ရေ မှတ်ထက် တပေခွဲ ကျော်လွန် နေပြီး နန့်ကောင်းချောင်းရေကလည်း စိုးရိမ်ရေအမှတ်ထက် တပေ ကျော်လွန်နေတယ်လို့ သိရပါတယ် ။
နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းဟာ နောက်ထပ်တရက်အတွင်းမှာလည်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်ရှိနေနိုင်ကြောင်း မိုးကောင်းမြို့နယ်မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ဒေသခံ / ပရဟိတအဖွဲ့ /မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW