ဇွန် ၂၂၊ ၂၀၂၆
Shy V (VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သံသယရှိတဲ့ အဆောက်အဦးတခုကို ဒီနေ့ ဇွန် ၂၂ ရက် မနက်ပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသားတချို့ကို ဖမ်းဆီးခေါ်ဆောင်သွားေကြာင်း ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးမှုဟာ Skewars Garden စားသောက်ဆိုင်အနီးမှာရှိတဲ့ အဆောက်အဦတခုမှာ ဖြစ်ပြီး နယ်မြေခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“တရုတ်တွေချည်းပဲ Van ကားအပြည့် တင်ခေါ်သွားတာတွေ့တယ်။ ဘယ်နှယောက် ဖမ်းမိလဲတော့ မသိရသေးဘူး။ နေ့တိုင်းတော့ မဖမ်းဘူး။ သတင်းရတဲ့နေရာတွေကို ဝင်ဖမ်းတာ” လို့ ဒေသခံတေယာက်က ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ လတ်တလော မူဆယ်မြို့အတွင်း ကျားဖြန့်နဲ့ ဆက်စပ်တယ်လို့ သံသယရှိတဲ့ နေရာတွေကို လုံခြုံရေးတပ်ဖွဲ့တွေက မကြာခဏ စစ်ဆေးဖမ်းဆီးနေတယ်လို့ သိရပါတယ်။
“အခုရက်ပိုင်း ကျားဖြန့်တွေကို ခဏခဏ ဖမ်းနေတယ်။ အဲဒါကြောင့် တည်းခိုခန်း၊ ဟိုတယ်တွေမှာ အထောက်အထား အစုံအလင် မပါရင် လက်မခံတော့ဘူး။ ကျားဖြန့်လုပ်ငန်းတွေက အဆောက်အဦတွေရဲ့ မြေအောက်ခန်းတွေမှာ လုပ်နေကြတာလည်း ရှိတယ်” လို့ သုံးဘီးယာဉ်မောင်း တယောက်က ပြောပါတယ်။
လက်ရှိ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးရမိသူ အရေအတွက်နဲ့ အသေးစိတ် အချက်အလက်တွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
အစိုးရဘက်ကတော့ မူဆယ်အပါအဝင် နယ်စပ်ဒေသတွေမှာ အွန်လိုင်းငွေလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစား လုပ်ငန်းတွေကို အရှိန်မြှင့် နှိမ်နင်းနေပြီး ပြည်တွင်း၊ ပြည်ပ ဆက်စပ်သူတွေကို ဖမ်းဆီးအရေးယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo Crd# ဒေသခံ
