မြင်းခြံခရိုင်ထဲက PLA အထိုင်စခန်းတွေကို NUG တပ်တွေ ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်ကို ဖမ်းဆီးမှုပြုလုပ်နေ

ဇွန် ၂၂ ၊ ၂၀၂၆
CC (VOM)
အမျိုးသားညီညွတ်​ရေးအစိုးရ NUG ရဲ့ လက်အောက်ခံ တပ်တွေက ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People’s Liberation Army – PLA တပ်စခန်းတချို့ကို
ဝင်ရောက်စီးနင်းပြီး တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီကနေ့ ဇွန် ၂၂ ရက်မှာ မြင်းခြံခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာနှစ်ခုက PLA အထိုင်စခန်းတွေကို NUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့က ဦးဆောင်ပြီး Faw ကားနှစ်စီးနဲ့ ပရိုဘောက်ကားတစီး ခန့်မှန်းအင်းအား.၈၀ လောက်သုံးပြီး ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ PLA ကသတင်းထုတ်ပြန်တာတွေ့ရပါတယ်။
PLA တပ်ဖွဲ့ဝင်ရဲ့ အစ်မဖြစ်သူကို ဖမ်းဆီးခေါ်သွားသလို ကျေးရွာအတွင်းက PLA တပ်ဖွဲ့ဝင်တွေကို ကူညီနေတဲ့ ပြည်သူ့နေအိမ်တွေ ကိုလည်း ဝင်ရောက် ရှာဖွေခြင်း ၊ အနီးနားရှိ ကျေးရွာတခုကိုလည်း တပ်ဖြန့်ပြီး ပြည်သူတွေကို ဖမ်းဆီးမေးမြန်းတာပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး PLA ရဲ့ပြောဆိုခွင့်ရှိသူ ကိုဝေယံဖြိုးမိုးက ” ကျ​နော်တို့ကို ​ရွေးချယ်စရာမရှိ​အောင် မလုပ်ပါနဲ့။NUG အ​နေနဲ့ တပ်​တွေကို ​သက်ဆိုင်ရာ​နေရာတွေကို ပြန်ဆုတ်​ပေးဖို့လိုပါတယ်။ ဝိုင်းဝန်းပိတ်ဆို့တာ ပစ်ခတ်ဖမ်းဆီးတာ​တွေ ဆက်လုပ်ရင် ထိပ်တိုက်​တွေ့ပြီး ပိုရှုပ်​ထွေးကုန်ပါမယ်။ကျ​​နော်တို့ ရဲ​ဘော်​တွေရဲ့ မိသားစုဝင်​တွေကို
ရွာ​တွေထဲ ဝင်ဖမ်းဆီး​​နေပါတယ်။ရဲဘော်တ​ယောက်ရဲ့ အမကို သေနတ်နဲ့ ချိန်ပြီး ပစ်သတ်မယ် ချိန်းခြောက်ကာ ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။
ကျ​နော်တို့ဘက်က ကျည်စ​ဖောက်မှာ မဟုတ်ပါဘူး။ ” ဆိုပြီး.သူရဲ့လူမှုကွန်ယက်ကနေ အသိပေးရေးသားထားတာပါတယ်။
မနေ့က ဇွန် ၂၁ ရက်ကလည်းNUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေးအဖွဲ့ဦးဆောင်ပြီး အင်အား ၅၀၀ လောက်နဲ့ တောင်သာမြို့နယ်အတွင်းက PLA အထိုင်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ပြီး ထောက်ပို့ ရဲဘော်နှစ်ယောက်ကိုလည်း ဖမ်းဆီးဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။
NUG လက်အောက်ခံ မြင်းခြံခရိုင်ကွပ်ကဲရေး တာဝန် ဒီကနေ့မနက်ပိုင်းမှာ PLA အဖွဲ့ဆီဒလန်တွေအားလုံးကို သိမ်းဆည်းထားတဲ့ ပစ္စည်းနဲ့ အတူလွှဲပြောင်းပေးဖို့ ၊ PLA တပ်ဖွဲ့တွေ မြင်းခြံခရိုင်ထဲကနေ ထွက်ခွာပေးဖို့ အသိပေးလာတယ်လို့ PLA ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
PLA တပ်ဖွဲ့ဘက်ကတော့ ခုလို NUG တပ်တွေအနေနဲ့ PLA တပ်စခန်းတွေ ကို အင်အားအလုံးအရင်းသုံးကာ ဝင်ရောက်စီးနင်းခြင်း ၊ မြင်းခြံခရိုင်အတွင်း လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့ကို ထွက်ခွာခိုင်းတဲ့အပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောဆိုထားပါတယ်။
အရင်မေလ နောက်ဆုံးရက်လောက်ကလည်း စစ်ကိုင်းတိုင်း ၊ မင်းကင်းမြို့နယ်အခြေစိုက် ကျောင်းသားတော်လှန်ရေးတပ်တော် SRF အဖွဲ့ရဲ့ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင် တချို့ကို ဖမ်းဆီးခြင်း ၊ အထိုင်တပ်စခန်းတွေကို ဝင်ရောက်စီးနင်းတာတွေကို NUG လက်အောက်ခံ မင်းကင်းမြို့နယ် ပကဖ၊ ပအဖ နဲ့ ခရိုင်တပ်ရင်းတွေက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – PLA

Related posts

Leave a Comment

VOM News

FREE
VIEW