ပုလိပ် – တံတားဦးလမ်းပိုင်း စီမံကိန်းလမ်းအတွင်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေ ဖယ်ရှားပေးရမယ်

မန္တလေး၊ ဇွန်- ၂၂- ၂၀၂၆
SA + SN (VOM)
မန္တလေး – ပြည် – ရန်ကုန် ပြည်ထောင်စု လမ်းမကြီး စီမံကိန်းအကောင်အထည်ဖော်မှာမို့ တံတားဦးမြို့ လမ်းဘေးဝဲယာက လမ်းဦးစီးဌာန သတ်မှတ်ထားတဲ့ ပေအတွင်းမလွတ်တဲ့ အဆောက်အအုံတွေကို ဇွန်လ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဒီစီမံကိန်းအတွက် လမ်းနယ်နိမိတ်က ပေ ၁၅၀ ဖြစ်ပြီး လမ်းအလယ်ဗဟိုကနေ တဖက် ၇၅ ပေ အကွာက လမ်းဦးစီးဌာနပိုင် လမ်းနယ်မြေဖြစ်တယ်လို့ ကြေညာထားပါတယ်။
လမ်းဦးစီးဌာန တံတားဦးခရိုင်၊ တံတားဦးမြို့နယ်က “ပုလိပ် – တံတားဦးလမ်းပိုင်း မိုင် (၆/၀ ၃၆၃- ၆/၅ ၃၆၃) လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားသော အဆောက်အဦ ခြံစည်းရိုး စျေးဆိုင်များအား ကွင်းဆင်းတိုင်းတာစစ်ဆေးခဲ့ရာ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင်လမ်းမကြီးများ၏ လမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကျူးကျော်အဆောက်အဦများအား (၁)လအတွင်း ဖယ်ရှားရန် ပထမအကြိမ် သတိပေးအကြောင်းကြားခဲ့ပါသည်။ လမ်းနယ်အတွင်း ကျူးကျော်ဝင်ရောက်မှုအခြေအနေများအား တင်ပြထားတယ်” လို့ သိရပါတယ်။
လက်ရှိမှာ ပုလိပ် – တံတားဦးလမ်းပိုင်း မိုင် (၆/၀ ၃၆၃- ၆/၅ ၃၆၃) လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက်အအုံ နေအိမ် ၇၅ လုံးကို ဖျက်သိမ်းပေးရမယ်လို့ သိရပါတယ်။
“တံတားဦးမှ မဟုတ်ပါဘူး။ ကျန်တဲ့လမ်းမကြီးတွေလည်း ၇၅ ပေဆိုတာတော့ ဟုတ်တယ်၊ ပြည်သူက တင်ပြလာရင်တော့ ဌာနနဲ့ ညှိနှိုင်းဆောင် ရွက်တာတွေ လုပ်ပေးမှာပေါ့၊ အခုက ပြည်သူတွေကလည်း တင်ပြလာတာမရှိသေးဘူး ဥပဒေအရ ၇၅ ပေဆိုတာတော့ အဟုတ်ပါပဲ။ တံတားဦးက ဒီလိုဖြစ်သွားတာဗျ။ အရင်တုန်းကတော့ ပြဿနာမရှိဘူး။
မြို့နယ်အဆင့်ဆိုတော့၊ အခုက ခရိုင်အင်္ဂါနဲ့လည်း ဖြစ်နေတော့ အဲ့ဒီပြဿနာ အခုမှ စတက်လာတာ။ အဓိက က အဲဒါပါပဲ” လို့ တံတားဦးမြို့နယ်၊ ကိုယ်စားလှယ်အမှတ် (၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတိုက်ကြည်က VOM ကို ပြောပါတယ်။
လက်တလောမှာတော့ အမြန်လမ်းမကြီးကနေ တံတားဦးမြို့အဝင် ဆုံကုန်း (မန္တလေး – အင်းဝ – မြင်းခြံ) လမ်းဆုံမီးပွိုင့်အနီးမှာနဲ့ တံတားဦးမြို့အနောက်ဘက်က သင်ပန်းကျေးရွာထိပ်မှာ ပြည်ထောင်စုလမ်းမကြီး အကောင်ထည်ဖော်မယ့်အကြောင်း ထုတ်ပြန်ကြေငြာထားတဲ့ ဗီနိုင်းတွေထောင်ထားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
“ကျွန်မတို့ သင်ပန်းမှာတော့ ပေ ၁၅၀ လမ်း ရန်ကုန် – ပြည်- မန္တလေးလမ်း ပေ ၁၅၀ ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်ထားတာတော့ တွေ့တာပဲ။ ကျွန်မတို့ဆီကိုတော့ တအိမ်စီကို လိုက်မပြောသေးဘူး။ ကျွန်မတို့ဘက်တော့ မလာသေးဘူး။ ဆုံကုန်မှာပါတာ” လို့ တံတားဦးမြို့ခံ အမျိုးသမီးတယောက်က VOM ကို ပြောပါတယ်။
ရန်ကုန် – ပြည် – မန္တလေး ပြည်ထောင်စုလမ်းမကြီးစီမံကိန်းအောက်ရှိ မန္တလေး – တံတားဦး – မြို့သာ – မြင်းခြံ – ပုဂံလမ်းပိုင်း အဆင့်မြှင့်တင်ဖို့ဆိုတဲ့ အကြောင်းပြချက်ဖြင့် စီမံကိန်းနဲ့မလွတ်ကင်းတဲ့ အိမ်ရာတွေ အခုလို ဖယ်ရှားခိုင်းနေတာဖြစ်ပြီး မြင်းခြံမြို့ရှောင်လမ်း တောက်လျှောက်က အဆောက်အအုံတွေလည်း ဖျက်ရဖို့ရှိနေတယ်လို့ သိရပါတယ်။
“ရန်ကုန် – ပြည် – မန္တလေး ပြည်ထောင်စုလမ်း ဆိုတော့ မြင်းခြံက အဲဒီအပိုင်းတွေလည်း ပါမှာပဲ။ ၇၅ ပေဆိုတော့ အကုန် အိမ်ပျောက်ကြမှာပဲ။ တံတားဦးဘက်မှာတော့ သိပ်တော့ အများကြီးမဟုတ်ဘူး။ မြို့ဝင်ကနေ ၃၅၇ အဝိုင်းထိပဲ အိမ်များတာ။ ကျန်တဲ့နေရာတွေက အကျယ်ကြီးတွေဆိုတော့ ဖျက်စရာမလိုလောက်ဘူး။ တကယ်ဖျက်ရရင် CB Bank ပါ ပါတယ်” လို့ တံတားဦးဒေသခံက ပြောပါတယ်။
စီမံကိန်း လမ်းမြေနေရာထဲ ပါဝင်နေတဲ့ တံတားဦးမြို့နယ်က အိမ်ပိုင်ရှင်၊ အဆောက်အအုံပိုင်‌ရှင်တွေဟာ လက်ရှိအချိန်အထိတော့ ဖျက်သိမ်းရေးတွေ မပြုလုပ်ကြသေးဘဲ ဇွန် ၂၅ ရက်နောက်ပိုင်း၊ ထူးခြားလာမယ့် အခြေအနေကို စောင့်ကြည့်နေကြသလို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကလည်း ထပ်မံ အသိပေး အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ သူက ပြောပါတယ်။
“ပြီးခဲ့တဲ့လကတည်းက သူတို့က စာပို့ထားတာတာ။ ဒီနေ့အချိန်ထိ ငြိမ်နေတယ်၊ ဘာအသံမှ မကြားသေးပါဘူး။ လမ်းမကြီး တဖက် ၇၅ ပေဆိုရင် အများကြီး ဖျက်ရမှာပဲ။ ပြဿနာက ၃၅၇ အဝိုင်းကနေ တံတားဦး လမ်းမတော်ကြားထဲပဲရှိတဲ့ အိမ်တွေ စာပို့ထားတယ်။ လမ်းမတော်က အနောက်ဘက် ဆက်သွားတဲ့ဘက်က အိမ်တွေ စာမပို့သေးဘူး။ တပိုင်းစီ လုပ်မလားမသိဘူး၊ ၂၅ ရက်ကျော်ရင် ဘာဖြစ်မလဲ စောင့်ကြည့်ရမှာပဲ” လို့ သူက ပြောပါတယ်။
တံတားဦးမြို့ဟာ ရန်ကုန် – ပြည် – မန္တလေး ပြည်ထောင်စုလမ်းမကြီး စီမံကိန်းရဲ့ မန္တလေး – တံတားဦး – မြို့သာ – မြင်းခြံ – ပုဂံ လမ်းပိုင်းမှာ တည်ရှိကာ မြို့တွင်း ကတ္တရာလမ်းအကျယ် ပေ ၂၀ ရှိပြီး လက်ရှိအချိန်အထိ လမ်းမကြီးတလျှောက်က မြို့ခံတွေဆီကို စီမံကိန်းနဲ့ပတ်သက်တဲ့ ကြေငြာစာ ပေးပို့ထားတာမရှိဘူးလို့ မြို့ခံတွေဆီက စုံစမ်းသိရှိရပါတယ်။
Photo – CJ

Related posts

Leave a Comment

VOM News

FREE
VIEW