ဆူးငှက်
နိုင်ငံရေး မင်းသားကြီး
———————–
ယခု ထီးတော်တင်လှူပွဲမှာ ထီးဒါယကာ က လာရောက်မည့် အထူး ဧည့်သည်တော်မှာ မည်သူမည်ဝါဟု ပွဲကိုဦးစီးသူ ဆရာလေးအား ပြောထားပုံမရ။ ဧည့်သည်ဟုသာ အသိပေးထားပုံရသည်။ ဧည့်သည်ကြီးက မဏ္ဍပ်ရှေ့တွင် ကား ထိုးဆိုက်ပြီး ထီးအလှူရှင်များက စောင့်ကြိုကာ မဏ္ဍပ်အတွင်း ခေါ်ဆောင်လာသော်လည်း ဆရာလေးက မဏ္ဍပ်ထိပ်က လက်တင်ကျွန်းကူလားထိုင်ကြီးမှာ အခြွေအရံ ကုမ္မာရီများနှင့် မိန့်မိန့်ကြီးထိုင်ကာ လက်ညှိုး တညွှန်ညွှန် လုပ်နေဆဲ ဖြစ်သည်။ ကျွန်တော်က ဧည့်သည်ကြီး ကားပေါ်မှဆင်းသည်မှစ၍ ထီးအလှူ့ရှင်များက ကြိုဆိုနှုတ်ဆက်ခြင်း မိသားစုနှင့် မိတ်ဆက်ပေးခြင်းမှ အစ မဏ္ဍပ်အတွင်း ပင့်ခေါ်လာသည်များကို အနီးကပ်မှတ်တမ်းတင်ရသည်။
ကျွန်တော်သည် ဧည့်သည်ကြီးကို အပြင်မှာနီးနီးကပ်ကပ် ယခုမှ မြင်ဖူးပါသည်။ သို့သော် သူ့အကြောင်းကို အဘတို့ အမေတို့က ခဏခဏ တသသ ပြောလွန်းလို့ သိနေပါသည်။ ထို့နောက် စာတွေဖတ်ဖြစ်တော့ သူက တကယ့် ဟီးရိုးဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးသမိုင်းတွင် ထိပ်ဆုံးက နေရာယူခဲ့သူဖြစ်သည်။ မကြာသေးခင်သော နိုင်ငံရေး ဖြစ်စဉ်များတွင်လည်း သူ့ ကဏ္ဍက ပြန်လည် ဖြိုးဖျပ်လင်းလက်လာသည်။ သို့သော် ပြဒါးပြယ်သည့် ပုံရိပ်မို့ ထင်ထင်ရှားရှား မဟုတ်တော့။ ထိုမထင်ရှားသည့် ပုံရိပ်ကပင် မြန်မာပြည်သူပြည်သားအများစုက မျှော်လင့်တသ ကြည်ညိုကြဆဲ ဖြစ်သည်။ ၁၉၆၉ခုနှစ် ဧပြီလတွင် အရေးပေါ်ဆေးကုသရန်နှင့် ဗုဒ္ဓဂယာသို့ ဘုရားဖူးရန်ဟူသော အကြောင်းပြ၍ သူချစ်သော မြန်မာနိုင်ငံမှ ထွက်ခွာသွားကာ မုန်တိုင်းများကို ထပ်မံ ရင်ဆိုင်ခဲ့ပြန်သည်။ ထို့နောက် ၁၉၈၀ပြည့်နှစ် မလေ၂၇ရက်နေ့တွင် ထုတ်ပြန်သော ၂/၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် မြန်မာပြည်သို့ သူပြန်ရောက်လာသည်။
ပြန်ရောက်ပြီး မရှေးမနှောင်းတွင် ဘာသာရေးနှင့် ပတ်သက်သော လုပ်ငန်းတာဝန်များဖြင့် မန္တလေးရောက်လာသောအခါ သမိုင်းဝင် အိမ်တော်ရာဘုရား ၁၄ခန်းဇရပ်ကြီးတွင် တရားပွဲကျင်းပသောအခါ ဇရပ်ကြီးအတွင်းသာမက အိမ်တော်ရာဘုရားရင်ပြင်အပြည့် ရဟန်းပရိသတ် လူပရိသတ် ပြည့်လျှံသွားသည်။ အဘနှင့် အမေမှာ ထိုတရားပွဲကို ရင်တခုန်ခုန်နှင့် စောင့်ကြိုကာ ထိုနေ့ မနက်စောစောကတည်းက အိမ်တော်ရာဘုရားထဲ သွားကြသည်။ ပရိသတ်များပြားလှသည်မှာ အသံချဲ့စက်များ ထပ်မံ တိုး၍ တပ်ဆင်သော်လည်း အစွန်ဆုံးပရိသတ်ဆီ အသံသဲ့သဲ့သာ ရောက်တော့သည်။ ထို့ကြောင့် သူသည် နိုင်ငံရေးမျက်နှာစာမှ ၁၉၆၂ခုနှစ် မတ်လ ၂ရက်ကတည်းက ပျောက်ကွယ် အရာကျခဲ့သော်လည်း သူ့ပရိသတ်က မမေ့သေးဘဲ ကြည်ညိုဆဲဖြစ်ကြောင်း ထိုအိမ်တော်ရာ တရားပွဲမှာ သိသာနေသည်။
သူ့ပရိသတ်တွေ အများကြီးရှိသေးသည်
———————————–
သို့သော် ယခု ထီးတင်လှူပွဲသို့ လာရောက်သောအခါ တစ်ချိန်က ရှေ့ပြေးပိုင်းလော့ ယာဉ်ထိန်း ဆိုင်ကယ်များ၊ ဝိုင်ယာလက်ကားများ၊ အခြွေအရံများ၊ လက်နက်ကိုင်လုံခြုံရေးကားများနှင့် ကြယ်ငါးပွင့် ပြည်ထောင်စု အလံလေးများ ဝှေ့ရမ်းကာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနု ကျန်းမာပါစေ ဟု ကြွေးကြော်ကြိုဆိုကြသည့် လူထုပရိသတ်ကြီးကို လက်ပြ နှုတ်ဆက်သည့် အခြေအနေ မဟုတ်တော့ဘဲ ဘာရှေ့ပြေးမှ မပါဘဲ ဖီးယက်အစိမ်းပုပ်ရောင် ကားဟောင်းလေးနှင့် ရောက်လာသည်။
နောက်မှာက သူ့ဘာသာရေးအသင်းက ဂေါပက လူကြီးအချို့က ဂျစ်ကားလေးနှင့် လိုက်ပါလာကြ သည်။ သူ့ကားမှာ သူတစ်ယောက်တည်းပါ၍ ဒရိုင်ဘာက ယူနီဖောင်းနှင့် တူသယောင် ကာကီရောင် ဝတ်စုံ ခပ်နွမ်းနွမ်းနှင့် ကာကီရောင် ကပ်ဦးထုပ်ကို ဆောင်းထားသည်။ သူက အလှူ့ရှင် မိသားစုခြံရံပြီး မဏ္ဍပ်ထဲသို့ ခေါင်းပေါင်းတလူလူနှင့် ဝင်လာပုံကတော့ ငါမအိုသေးဟု ကြွေးကြော်နေသယောင်။ မဏ္ဍပ်ထဲက ပရိသတ်က သူ့ကိုမြင်လိုက်သည်နှင့် ကြိုတင်သင်ကြားထားသည့် လက်အုပ်ချီပုံမျိုးမဟုတ်ဘဲ ရိုသေကြည်ညိုစွာ လက်အုပ်ချီကြကာ ခေါင်းတွေ မော့ပြီး သူ့နာမည်ကို တလေးတစား အသံထွက်လိုက်ကြသည်။
သာသနာပြုလုပ်ငန်းမှာ အစွန်းအထင်းမရှိဖို့
———————————————-
ဆရာလေးသည် မဏ္ဍပ်ထိပ် လက်တင်ကျွန်းကုလားထိုင်ကြီးပေါ် အခန့်သားထိုင်နေရာမှ ဧည့်သည်တော်ကြီး က သူနှင့် မဏ္ဍပ်တစ်ခန်းခန့်သာ အနားရောက်လာမှ လှမ်းကြည့်ပြီး ဘယ်သူဘယ်ဝါမှန်းမသိသလို ဇဝေဇဝါဖြစ်နေသည်။ သည်တွင် ဆရာလေးနှင့် မလှမ်းမကမ်းမှာ ထိုင်နေကြသည့် သူ့သာဝကကြီးများက ဟာ.. ဥက္ကဋ္ဌကြီး ဦးနုကိုယ်တိုင် ကြွလာတာပါလား ဟူသော အသံကိုကြားမှ ထိုင်ခုံကြီးပေါ်က ပျာပျာသလဲဆင်း ကော်ဇောပေါ် ဒူးတုပ်ကာ လက်အုပ်ချီပြီး သူထိုင်သော ထိုင်ခုံကြီးပေါ် ထိုင်ပါရန် ပြောသည်။ ကျွန်တော်က ဧည့်သည်တော်ကြီး ဘေးက ကပ်လိုက်ပြီး သူက ထိုင်ခုံပေါ်ထိုင်လိုက်သည်နှင့် ခုံဘေးမှာ ခပ်ကျုံ့ကျုံ့ထိုင်ရင်း ကင်မရာပြင်ထားသည်။ အလှူ့ရှင်က ဧည့်သည်တော်ကြီးကို ဆရာလေးနှင့် မိတ်ဆက်ပေးသည်။
ဧည့်သည်တော်ကြီးက သြော် ဟု ခေါင်းညိတ်ပြီး ဆရာလေးကို ရှေ့တိုးခဲ့ဖို့ လက်ယပ်ခေါ်သည်။ ဆရာလေးက ဒူးတုပ်လျက် ရှေ့ထိတိုကပ်ကာ လက်အုပ်ချီထားသည်။ ကျွန်တော်က ဓာတ်ပုံတွေ ရသလောက် ရိုက်သည်။ ဆရာလေး အနားရောက်သည်နှင့် ဧည့်သည်တော်ကြီးက လက်အုပ်ချီထားသည့် ဆရာလေး လက်ကို အသာ ထိထားပြီး စကားတစ်ခွန်းကို တိုးတိုးမိန့်သည်။ အသံက ဆရာလေး ကြားရုံ တိုးတိုးပေမယ့် ကျွန်တော်က အနီးကပ်ဆုံးမို့ ပီပီသသကြားလိုက်သည်။ “ သာသနာပြုတဲ့ အလုပ်က ကောင်းမြတ်တဲ့ အလုပ်ပါ၊ သာသနာပြုလုပ်ငန်းကို အစွန်းအထင်း မဖြစ်ပါစေနဲ့” တဲ့။ တိုတိုနှင့် အဓိပ္ပာယ် လေးနက်သော စကားလုံးများ ဖြစ်ပါ၏။ ဆရာလေးက လက်အုပ်ချီရင်း တင်ပါ့ဘုရား တဲ့၊ အသံက တုန်ရင်နေသည်။ ဧည့်သည်တော်ကြီးက “ဂရုစိုက်ပါ” ဟုလည်း သေချာ ထပ်မှာကာ ဆရာလေးကို မူလနေရာသို့ ရွှေ့ထိုင်စေသည်။
ထို့နောက် အလှူ့ရှင်မိသားစုနှင့် ဘုရားကို လှည့်ပတ် ကြည်ညိုပြီး စကားစမြီပြောကြားပြီး ပြန်သွားပါသည်။ ထီးတော်တင်လှူပွဲက သံဃာတော်များ လှူဖွယ်ဆက်ကပ် ရေစက်ချ တရားနာပြီး အောင်မြင်ပြီးမြောက်သွားပါပြီ။ ကျွန်တော်က ဆရာလေး၏ သာဝကကြီးထံသွားပြီး ဓာတ်ပုံရိုက်စရာ ရှိပါသေးလား မေးမြန်းတော့ မရှိတော့ပါ တဲ့။ ထို့ကြောင့် ဓာတ်ပုံအတွက် စရံငွေ တောင်းတော့ ပုံတွေကိုသာ အမြန်ဆုံးအပ်ပါ၊ အကြေချေပါမယ် ဟု ပြောသည်။ ကဲ တကယ့်ပွဲကြီးပဲဗျာ၊ ရိုက်တာကလည်း သူတို့ ခိုင်းသမျှရိုက်တာမို့ ဖလင် ၆လိတ်နီးပါး ကုန်သည်။ ထို့ကြောင့် သာဝကကြီးနှင့် ဆရာလေးကိုပါ နှုတ်ဆက်သည်။ ဆရာလေးက ရယ်ရယ်မောမောနှင့်ပင် ပုံတွေ ကြည့်ချင်နေပြီဟု ပြောကာ ဆွမ်းတော်ပွဲက ကိတ်မုန့်ဘူးကြီးပင် ပေးလိုက်သေး၏။ ကျွန်တော်တို့လည်း အခြားပွဲများနှင့် မတူ လူပင်ပန်းသည်သာမက စိတ်လည်း ပင်ပန်းလှသည်မို့ အပြန်တွင် ဘုရားကြီး အနောက်မုခ်နားက လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ပြီး ဖလင်လိတ်များကို လှဂုဏ်ရည်မှာ ဝင်အပ်ပြီး ညတွင်းချင်း ပုံကူးနိုင်ဖို့ ကိုယ်တိုင်ပဲ ဖလင်များ ဆေးကြသည်။
ပုံတွေအပ်ဖို့ တစ်ခေါက်
—————————
နောက်ရက်မနက်မှာ ပုံတွေရပါပြီ။ ကိုသိန်းဆွေက ဒီနေ့ ပုသိမ်ကြီးမှာ အစည်းအဝေးရှိလို့ မလာနိုင်။ ထို့ကြောင့် ကူးပြီးပုံများကို စာရင်းမှတ်ကာ ကူးခကို အကြေမချေနိုင်သေးလို့ အဝင် ၅၀၀ပဲ ပေးခဲ့သည်။ ထို့နောက် အိမ်ပြန်ပြီး ပုံတွေ နံ့တ်ထိုး တံဆိပ်ရိုက် ပလပ်စတစ်အိပ်နှင့်ထည့်ပြီး ပုံပေါင်းက ၂၂၈ပုံ ၊ သင့်ငွေက ၂၉၆၄ ကျပ်ကို ဘောက်ချာဖွင့်သည်။ ထို့နောက် အချိန်မဆိုင်းတော့ဘဲ ခင်သော်ဇင့်ခေါ်ပြီး စက်ဘီးနှင့် တမ္ပဝတီကိုဖြတ်ကာ ကျုံးဟောင်း၏ အရှေ့မြောက် ထောင့်က ဆရာလေးကျောင်းသို့ ဓာတ်ပုံများအပ်သည်။ ဆရာလေးက ဧည့်သည်တွေနှင့် အလုပ်များ နေလို့ဟု ဆိုလို့ စောင့်နေရ၏။
အတော်ကြာမှ ဆရာလေး၏ ကုမ္မာရီအဖွဲ့ထဲက အမျိုးသမီးတစ်ယောက် ထွက်လာပြီး ဆရာလေးက ဟောခန်းဝင်နေလို့ ကြာဦးမှာတဲ့။ ဆရာလေးက သူ့ပုံတွေတွေပါတာကိုပဲ ထားခဲ့ပြီး ကျသင့်တာ ရှင်းပါ့မယ်လို့ မှာလိုက်တယ်ဟု ဆိုသည်။ ကျွန်တော်က ဟာ.. အဲ့လိုမရဘူးလေ၊ ပွဲကပုံတွေ အားလုံးကို ကျသင့်ငွေရှင်းရမှာပါ၊ ဟုပြန်ပြောရ၏။ အမျိုးသမီးက အထဲ ပြန်ဝင်သွားပြန်သည်။ ပြန်ထွက်လာပြီး ဒါဆို ပုံတွေထားခဲ့ပါ၊ သူ့ဆီက တစ်ယောက်လွှတ်ပြီး ရှင်းခိုင်းလိုက်ပါ့မယ်၊ လိပ်စာ ပေးခဲ့ပါတဲ့။
ကျွန်တော် ဒေါသထွက်ပါပြီး ၊ သို့သော် စိတ်ထိန်းလိုက်ပြီး၊ ပုံတွေတော့ မထားခဲ့တော့ပါဘူး၊ လိပ်စာပေးခဲ့ပါမယ်ဟု ပြောပြီး လိပ်စာရေးပေးကာ ပုံတွေကို ပြန်ယူခဲ့သည်။ အပြန်မှာ ထိုပွဲကို စပ်ပေးသော ရပ်ဆွေရပ်မျိုး အိမ်ရှိသည့် ကပ်ကျော်ကွက်သစ်သို့ ဝင်တော့ မရှိကြ၊ ပန်းရံဆရာခေါ်ဖို့ ဝါးချက်သွားကြတာတဲ့။ သည်လိုနှင့် ခြေကုန်လက်ပန်းကျ ပြန်ခဲ့ရသည်။ နောက်ရက်တွေမှာလည်း စောင့်သော်လည်း ဘယ်သူမှ မလာကြပါ။ တစ်ပတ်လောက်နေတော့ ဆရာလေးကျောင်းကို တစ်ခေါက်ထပ်၍ သွားကြရပြန်၏။ သာဝကကြီးအပါအဝင် တစ်ဖွဲ့လုံး ခရီးထွက် သွားသတဲ့၊ အဆင်မပြေ။
ထို့ကြောင့် တစ်လက်စတည်း အပြန်မှာ ထီးအလှူရှင်၏ တိုက်သို့ ဝင်သည်။ ခြံဝင်းတံခါးကြီးက ပိတ်ထားသည်။ ရှေ့မှာက ဈေးသည်အချို့ရှိသည်။ သူတို့က ခေါ်ပေးလို့ အိမ်ဖော်လေး တစ်ယောက်ထွက်လာသည်။ အိမ်ဖော်လေးကို အကျိုးအကြောင်းပြောကာ ထီးအလှူ့ရှင်နှင့် တွေ့လိုကြောင်း ပြောပြလိုက်တော့ အိမ်ဖော်လေးက ခြံဝင်းကြီးအတွင်းက တိုက်ကြီးဆီ ပြန်ဝင်သွားသည်။ ခဏနေတော့ အိမ်ဖော်လေးပဲ ပြန်ထွက်လာပြီး မမကြီးကပြောလိုက်ပါတယ်ရှင့်၊ အဲ့ဒီ ထီးတင်ပွဲနဲ့ ပတ်သက်ပြီး ဆရာလေးကပဲ အားလုံးစီစဉ်တာပါ။ မမကြီးတို့က ထီးပဲလှူတာပါ၊ ပွဲကိစ္စက ဆရာလေးပဲ တာဝန်ယူတာမို့ ဆရာလေးနဲ့ပဲ ဆက်သွယ် လိုက်ပါလို့ ပြောလိုက်ပါတယ်ရှင့် တဲ။ ကျွန်တော်တို့လည်း စက်ဘီးလေးနှင့် ပြန်ခဲ့ရသည်။
ခံပြင်း ဒေါသဖြစ်လွန်းလို့တဲ့
—————————–
ကျွန်တော်ကတော့ စိတ်လျှော့လိုက်ပါပြီ။ ဒီခရီးနှင့် ဒီခရီး အခေါက်ခေါက်လည်း မသွားချင်တော့။ ပုံတွေနှင့် ဘောင်ချာကို အိတ်တစ်လုံးထဲစုထည့်ကာ ပစ်ထားလိုက်တော့သည်။ သည်လိုနှင့် လအတော်ကြာတော့ သည်အကြောင်း ကို မုံရွာက မမခင်ဝင်းနှင့် ဦးဇော်ဝင်းတို့အား ပြောပြဖြစ်သည်။ သူတို့ကို အမှတ်မထင် ပြောပြဖြစ်ပြီး နောက် တစ်လလောက်နေတော့ ဦးဇော်ဝင်း၏ မိတ်ဆွေတစ်ယောက်က မန္တလေးသို့ လိုက်လာ၏။ သူက မုံရွာ ဘုရားကြီးအနီးနေသည်။ သူက အရပ်ရှည်ရှည် ပိန်ပိနိနှင့် စကားကို ကျယ်ကျယ်ပြောတတ်ကာ ဦးဇော်ဝင်းထံမှာ မကြာခဏ တွေ့ဖူးသည်။ ဦးဇော်ဝင်းနှင့် သူတို့အိမ်က ဆွေမျိုးရင်းချာလို ဆက်ဆံကြသည်။ သူ့နံမည်က ဦးဖေညွန့်တဲ့။ အသက်က ၄၀ ဝန်းကျင်လောက်ပဲ ရှိဦးမည်။
သူလာရင်း အကြောင်းက ဦးဇော်ဝင်းထံက ထီးတင်ပွဲ ဓာတ်ပုံကိစ္စကိုသိလိုက်ရတော့ ဒေါသဖြစ်ကာ သူကိုယ်တိုင် ဆရာလေးကျောင်းသို့ သွားပြီး ချဲမည်။ ထိုဆရာလေး ပြုမူနေသည်မှာလည်း ထေရဝါဒနှင့် ဆန့်ကျင်နေလို့ လိုအပ်လျှင် သာသနာရေးထံ သူကိုယ်တိုင် တိုင်စာပို့မည်တဲ့။ ဤသို့ဖြင့် ဦးဖေညွန့်က ကျွန်တော့်ထံက ဧာတ်ပုံများကို ဘောင်ချာနှင့် အတူ ယူပြီး သူတစ်ယောက် တည်း ဆရာလေးကျောင်းသို့ ရှူးရှူးဒိုင်းဒိုင်ဒနှင့် ချီတက်သွားတော့သည်။
