ဇွန် ၂၃-၂၀၂၆
KKA (VOM )
ကချင်ပြည်နယ်၊ မိုးကောင်းမြို့က ရေဘေးသင့်ပြည်သူတွေကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇွန်လ ၂၃ ရက် နံနက်ပိုင်းမှာ သွားရောက်တွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
မိုးကောင်းမြို့မှာ ဇွန်လ ၂၀ ရက်ကေန၂၂ ရက်အထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် နန့်ရင်းချောင်းနှင့် နန့်ကောင်းချောင်းရေတို့ဟာ စိုးရိမ်ရေအမှတ် ၆၀၀ စင်တီမီတာအထက်ကို ကျော်လွန်ရောက်ရှိခဲ့ပြီး မြို့ပေါ်ရပ်ကွက်များနဲ့ ကျေးရွာအုပ်စုများရှိ လူနေအိမ်များအတွင်းသို့ ချောင်းရေများ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ရေလွတ်ရာ ဘုန်းတော်ကြီးကျောင်းများနဲ့ဓမ္မာရုံများမှာ အရေးပေါ်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ပြီး ပြည်သူေတွကို ပြောင်းရွှေ့ကူညီ ကယ်ဆယ်ထားရတာလည်းဖြစ်ပါတယ်။
မိုးကောင်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက “စိုးရိမ်ရတဲ့ဘက်က အိမ်ထောင်စုတွေကိုပဲ ရွှေ့ပြောင်းပေးခဲ့တာပါ။ ဒီနေ့ကတော့ အဲဒီရွှေ့ပြောင်းပေးထားတဲ့ ရေဘေးသင့်အိမ်ထောင်စုတွေကို စားစရာထောက်ပံ့တဲ့ပွဲပါ”လို့ Voice of Myanmar (VOM)ကိုပြောပါတယ်။
လက်ရှိ ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေထိုင်ကြတဲ့အိမ်ထောင်စု ၃၂ စုအတွက် ဆန် ၂၅ အိတ်၊ ဆီ ၁၀ ပိသာ၊ ကြက်ဥ ၁၀၀၀ လုံးနဲ့ခေါက်ဆွဲခြောက် ၁၀ ဖာတို့ကို ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့က ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကျန်ရှိနေသေးတဲ့ ရေဘေးသင့်ပြည်သူေတွကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။
ချောင်းရေမြင့်တက်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၊ ကျွန်းပင်သာကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအုပ်စုနဲ့ နမ္မတီးမြို့ပေါ်ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့တာကြောင့် အိမ်ခြေ စုစုပေါင်း ၃,၀၈၀၊ အိမ်ထောင်စု ၃,၁၁၇ စု ရေဘေးကြုံတွေ့ခဲ့ရတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်ထားတဲ့ စာရင်းအရ သိရပါတယ်။
ဓါတ်ပုံ-ကချင်ပြည်နယ်အစိုးရ
