လားရှိုးမြို့ပေါ်ရပ်ကွက်တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးနေ

ဇွန် ၂၃၊ ၂၀၂၆။
NN(VOM)
အစိုးရ ပြန်လည်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ် ရပ်ကွက်တွေမှာ ဇွန်လ ၂၃ ရက်နေ့ ဒီနေ့ကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေးတွေ ထိုးနှံပေးနေပါတယ်။
မြို့ပေါ်ရပ်ကွက် ၁၂ ခုရှိတဲ့အထဲက ရပ်ကွက် ၅ ရပ်ကွက်မှာ ဒီနေ့ ထိုးနှံပေး နေတာလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတချို့ဆီကနေ သိရပါတယ်။
“ဒီနေ့က ရပ်ကွက် (၈ )ကနေ ရပ်ကွက်( ၁၂) အထိ ထိုးပေးမယ်။ ခွဲတမ်းရတဲ့ ဆေးရှိသလောက်ပေါ့နော်” လို့ ကျန်းမာရေးဌာန ဝန်ထမ်းတယောက်က ပြောပါတယ်။
ဆေးလာရောက်ထိုးနှံတဲ့သူတွေ များတာကိုလည်း တွေ့ရတယ်လို့ ကာကွယ်ဆေးသွားထိုးခဲ့တဲ့ လားရှိုးမြို့ခံတွေထံကနေ သိရပါတယ်။
“စစ်ပွဲတွေ မဖြစ်ခင်တုန်းက ထိုးထားတာ၊ အဲဒီကတည်းက ထပ်မထိုးရသေးတော့ ဒီနေ့ ထိုးပေးတယ်ဆိုလို့ သွားထိုးတာ။ လာထိုးတဲ့သူတွေတော့ များတယ်။ ဆေးဖိုးတော့ မပေးရပါဘူး။ စေတနာရှိသလောက် အလှူငွေတော့ ထည့်ရတယ်။ ဘယ်လောက်ဆိုပြီးတော့ မတောင်းပါဘူး” လို့ ကာကွယ် ဆေးထိုးခဲ့တဲ့ လားရှိုးမြို့ခံတယောက်က ပြောပါတယ်။
ထိုးနှံပေးတဲ့ COVID-19 ကာကွယ်ဆေး အမျိုးအစားဟာ COMIRNATY™ LP.8.1 (30 micrograms/dose) ဖြစ်ပြီး အသက် ၁၂ နှစ်အထက် လူကြီးတွေမှာ ထိုးနှံရတာဖြစ်တယ်လို့ သိရပါတယ်။
နောက်ရက်တွေမှာလည်း ကျန်နေတဲ့ ရပ်ကွက်တွေမှာ COVIDE 19 ကာကွယ် ဆေးတွေ ထပ်ထိုးပေးမှာဖြစ်တယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူဆီကနေ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW